သမ္မတဦးသိန်းစိန်က ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးသန်းညိန်းကို သြဂုတ်လ ၁ ရက်နေ့တွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီးနောက် ရာထူး အပြောင်းအလဲအပေါ် ကျေနပ်မှု မရှိသည့် အတွက် ရာထူးမှ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဗဟိုဘဏ် ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီး နောက် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးသန်းညိန်းကို ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း၊ ဦးသန်းညိန်းနှင့်အတူ ဦးဆက်အောင်၊ ဒေါ်ခင်စောဦးတို့ကိုလည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဦးသန်းညိန်းသည် ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ခံရပြီးနောက် ဆေးခွင့်တင်ပြီး ရုံးမတက်တော့ဘဲ နောက်ဆုံး နုတ်ထွက်သွားခြင်းဖြစ်သည်ဟု သိရှိ ရသည်။
“ဦးသန်းညိန်းက စက်တင်ဘာလောက်တည်းက ဆေးခွင့်တင်ပြီး ရုံးမတက်တော့ဘူး။ ဗဟိုဘဏ် ဝန်ထမ်းအသိုင်းအဝိုင်း မှာ သိထားတာက ဦးသိန်းညိန်းသည် အရင် ဥက္ကဋ္ဌ ဖြစ်ခဲ့ရာကနေ ဒုတိယဥက္ကဋ္ဌ ပြောင်းခံလိုက်ရတော့ သူ့အနေနဲ့ ဒါကို လက်ခံဖို့ ခက်တဲ့ သဘောပေါ့။ ရာထူးချသလိုမျိုး ခံစားချက်ကြောင့်ပါတယ်လို့ သိရတယ်။ ရာထူးပြောင်းလဲ ခံလိုက် ရကတည်းက ကျန်းမာရေး မကောင်းလို့ မလုပ်တော့ဘူးဆိုပြီး နုတ်ထွက်လွှာ တင်ထားခဲ့တာလို့ လည်း သိရပါ တယ်´´ ဗဟိုဘဏ် နှင့် နီးစပ်သူ တဦးက ပြောသည်။
ဦးသန်းညိန်းသည် ၂၀၀၇ ခုနှစ်မှ စတင်၍ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင် ဘဏ္ဍာရေး နှင့်အခွန် ဝန်ကြီးဟောင်း၊ ယခု သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်ဟောင်းဦးလှထွန်း၏ လူယုံတဦးလည်းဖြစ်ကြောင်း သိရှိရသည်။
အသစ်ပြဋ္ဌာန်းလိုက်သော ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကွဲမှုအောက်တွင်ရှိပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ သည် ပြည်ထောင်စုဝန်ကြီးအဆင့်၊ ဒုတိယ ဥက္ကဋ္ဌ များသည် ဒုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ထားသည်ဟု သိရှိရသည်။
ဦးသန်းညိန်းနှင့်အတူ ဗဟိုဘဏ်ဒုတိဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ ဦးဆက်အောင်သည် အမျိုးသားစီမံကိန်း နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဒေါ်ခင်စောဦးသည် ဗဟိုဘဏ်တွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင် အငြိမ်းစား ယူခဲ့သူဖြစ်ကြောင်း သိရှိရသည်။
အစိုးရအရာရှိတဦးက “ဝန်ထမ်းလောကမှာ ငါ့ထက် ငယ်တဲ့သူက ငါနဲ့ တန်းတူ ရာထူးဖြစ်လာတာမျိုး ဘယ်လိုမှ လက်မခံနိုင်တာ မျိုးတွေရှိနေတယ်။ အဓိက တပ်က အငြိမ်းစားယူလာပြီး အရပ်ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိဟောင်း တွေမှာက အဲဒီစိတ်ပိုကြီးတယ်။ သူတို့မှာက လက်ရှိ ရာထူးထက် တပ်မှာ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်ဆိုတဲ့ အရင်ရာထူးဟောင်းတွေက စိတ်ထဲမှာ အမြဲရှိနေတော့ အရပ်ဘက်ရောက်လာရင်း တပ်မှာ သြဇာရှိခဲ့တဲ့ မာန်က မကျဘူး´´ဟု ဆိုသည်။
ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် တဦးဖြစ်သူ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းကမူ ဦးသန်းညိန်း နုတ်ထွက်မှုအပေါ် တစုံတရာ မှတ်ချက်မပြုလိုကြောင်း ဧရာဝတီသို့ ပြောဆိုသည်။