စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန် လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် သူရဦးရွှေမန်းမိသားစုက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေမိသားစုကို သွားရောက်ကန်တော့စဉ် ဦးသန်းရွှေက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ အပေါ် စိုးရိမ်ပူပန်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ဖော်ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေသည် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် လုံး၀ ပါဝင်ပတ်သက်ခြင်းမရှိတော့ဘဲ အေးဆေးစွာပင် နေထိုင်လျက်ရှိကြောင်း၊ သို့ရာတွင် သူလုပ်ဆောင်ခဲ့သည့် နိုင်ငံရေးအခြေခံများကို စိတ်ဝင် တစားစောင့်ကြည့်ကာ စိုးရိမ်ပူပန်လျက်ရှိကြောင်း သူရဦးရွှေမန်းက ပြောသည်။
မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်သည်ဟု ဦးသန်းရွှေက ပြောဆိုသော်လည်း မည်သည့် အခြေအနေ များကို စိုးရိမ်ပူပန်သည်ကိုမူ တိကျရှင်းလင်းစွာထုတ်ဖော်ခြင်းမရှိပေ။
“သီတင်းကျွတ်ကာလမှာ လူကြီးမိဘတွေကို ကန်တော့အနေနဲ့ မိဘသဖွယ်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု ကိုလည်း သူရဦးရွှေမန်းမိသားစုကသွားပြီး ဂါဝရပြုခဲ့တယ်။ ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ တွေနဲ့ပတ်သက်ပြီးတော့ သူစေတနာလည်းပါတယ်၊ သူလုပ်ခဲ့တာတွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့် နေတယ်။ လူကြီးတယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဘေးကနေပြီးတော့ စိတ်ဝင် တစား စောင့်ကြည်နေပြီးတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်လည်း သူ့ဆီမှာ စိုးရိမ်ပူပန်မှု တွေရှိနေတယ်။ အခု နိုင်ငံရေး ဖြစ်စဉ် တွေအပေါ် စိတ်ပူနေတယ်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ လုံး၀ ပါဝင် ပတ်သက်ခြင်း မရှိတော့ဘူး။ ပါဝင် ပတ်သက်လို့လည်း မရတော့ဘူး။ သူ့ဟာသူ အေးဆေးပဲနေတယ်´´ ဟု သူရဦးရွှေမန်းက ဆိုသည်။
လတ်တလော ပြည်ထောင်စုလွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လေ့လာ သုံးသပ်ရေး လုပ်ဆောင်လျက်ရှိပြီး အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိုနှိုင်းမှုများ လုပ်ဆောင်လျက်ရှိချိန်လည်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖျက်သိမ်းပြီး သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးခဲ့သည်။