နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံပြင်ဆင်ရန် ဗြိ တိန် က အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်သည်။
ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တို့ ယမန်နေ့က လန်ဒန်မြို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးအပြီး ထိုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ကြေညာချက်အရ သိရသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ ဖိအားများ ရရှိရန် တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အား လေးစားသူများထဲတွင် မိမိသည် တဦးပါဝင်ကြောင်းလည်း ဒေးဗစ် ကင်မရွန်းက ပြောဆိုသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်တို့၏ ထောက်ခံသဘောတူညီမှု လိုအပ်ပြီး ဗြိတိန်ဘက်က အားပေးထောက်ခံသွားမည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် အမှတ် ၁၀ ဒေါင်းနင်းလမ်းက ကြိုဆိုနေမည်ဟုလည်း ဝန်ကြီးချုပ် ကင်မရွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ အနေဖြင့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲဝင် အနိုင်ရရှိခဲ့ခြင်းတို့အပေါ်လည်း ဝန်ကြီးချုပ် ကင်မရွန်းက အသိအမှတ်ပြု ထည့်သွင်း ပြောဆိုသည်။
“အရေးအကြီးဆုံး သတင်းစကားကတော့ မြန်မာ့ အပြောင်းအလဲဖြစ်စဉ်ဟာ ဆက်လက် တိုးတက်နေဖို့ လိုတယ်၊ ဝိသေသ အားဖြင့်ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်တာကို ကျနော်တို့ မြင်လိုပါတယ်”ဟု သူက ဆိုသည်။
ဝန်ကြီးချုပ် ကင်မရွန်းက ဆက်လက်ပြီး“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင်တဦးကို နိုင်ငံရဲ့အမြင့်ဆုံး ခေါင်းဆောင်ဖြစ် ရေး ဖယ်ရှားထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လုံးဝမှားယွင်းတဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်”ဟု ပြောဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်မှုမရှိဘဲ ကျင်းပမည်ဆိုပါက ရွေးကောက်ပွဲဟုလည်း မဆိုနိုင်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲများလည်း ဖြစ်လာမည် မဟုတ်ကြောင်း၊ သို့အတွက် ၎င်းတို့အနေဖြင့် နိုင်ငံတကာ ဖိအားပေးရန် လုပ်ဆောင် ကြရ မည်သာဖြစ်ကြောင်းလည်း သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း“မြန်မာနိုင်ငံမှာ တချို့တိုးတက်မှုတွေရှိတယ်လို့ ဆိုပေမယ့် ဒီလောက်နဲ့ မလုံလောက်သေး ပါဘူး။ ကျမတို့ ရှေ့ဆက် သွားဖို့ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက အရမ်းအရေးကြီးပါတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်စရာဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် လူငယ်များ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ပြဿနာသည် ချိန်ကိုက်ဗုံး တလုံးသဖွယ် ဖြစ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ကွယ်လွန်သူ ဒေါက်တာ မိုက်ကယ် အဲရစ်အား လက်ထပ်ခဲ့ခြင်းနှင့် သား ၂ ဦးတို့သည် ဗြိတိန်နိုင်ငံသားများအဖြစ် ရှိနေသည့်အတွက် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတဖြစ် ရေးကို အဟန့်အတားဖြစ်နေသည်။
ယမန်နေ့က ဗြိတိန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုအပြီး ဗြိတိန်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်များဖြစ်သည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပြန်လည် မွမ်းမံ အဆင့်မြှင့် ပြင်ဆင်ရေး အတွက်လည်း ဗြိတိန်အစိုးရက ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် ရှေးအကျဆုံး အဆောက်အအုံ တခုလည်းဖြစ်သည့် ခုတင် ၁၅၀၀ ဆန့် ရန်ကုန်ဆေးရုံကြီး ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန် ဝန်ကြီချုပ် ဒေးဗစ် ကင်မရွမ်းနှင့် နိုင်ငံတကာ ဖွဲ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး Justine Greening တို့နှင့် ဆွေးနွေးမှုအပြီး ကတိပေး ပြောဆိုခြင်းဖြစ်သည်။
ဖွံ့ဖြိုးရေး ဝန်ကြီး Justine Greening က မြန်မာပြည်သူ မျိုးဆက်များစွာအား ကျန်းမာရေး စောင့်ရှောက်မှုတွေပေးပြီး အသက် တွေ ကယ်တင်ပေးခဲ့သည့် ဆေးရုံကြီးကို ပြန်လည်မွမ်းမံ ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“မြန်မာပြည် စီးပွားရေး နောက်ကျကျန်နေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု စီမံကိန်းက ပြသနေတယ်။ တိုင်းပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ်တွေနဲ့ ဒီ ဆေးရုံကိစ္စ ထောက်ပံ့ ပေးရမှာမို့ ပီတိဖြစ်ပါတယ်”ဟု သူက ဆိုသည်။
သို့သော် ရန်ကုန် ဆေးရုံကြီး ပြန်လည်ပြုပြင်မွမ်းမံ ပြင်ဆင်ရေး အစီအစဉ် အသေးစိတ်ကိုမှု သတင်းထုတ်ပြန်မှုတွင် ဖော်ပြ မထားပေ။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် အိမ်ရှေ့ မင်းသား ချားလ်စ်တို့ ဇနီးမောင်နှံနှင့်လည်း လန်ဒန်မြို့ရှိ Clarence House နေအိမ်၌ တွေ့ဆုံခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်တွင် ရှိခိုက် ဘီဘီစီ သတင်းဌာနနှင့်လည်း သီးသန့် တွေ့ဆုံမေးမြန်းမှု အစီအစဉ် ပြုလုပ် ခဲ့သည်။
ဘီဘီစီ ကMishal Husain နှင့် သီးသန့် အင်တာဗျူးတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအပြည့်အ၀ မရသေးခင် ခရီးရှည်ကြီးတခုကို ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင် လူ့ အဖွ့ဲအစည်းများသည် မကြာခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အကြောက်တရားနှင့် နေထိုင်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟုလည်း ဘီဘီစီက ဖော်ပြသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခြေအနေများ တိုးတက်ကောင်းမွန် လာစေရေး အတွက် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အစိုးရကို ဖိအားပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။
ဗြိတိန် အောက်လွှတ်တော် အမတ် Valerie Vaz ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးရာတွင် မြန်မာ့ တပ်မတော် က လက်နက်ကိုင် ပဋိပက္ခ ဒေသများတွင် အမျိုးသမီးအား အဓမ္မပြုကျင့်မှုများ ဆက်လက်ကျူးလွန်သည့်အပေါ် ရပ်တန့်ရေး ထည့်သွင်းဆွေးနွေးရန် ဗြိတိန်အစိုးရကို တိုက်တွန်းသည်။
လက်နက်ကိုင် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အဆုံးသပ်ရေး ကြေညာစာတမ်းတွင် လက်မှတ် ရေး ထိုးရန် မြန်မာအစိုးရအား ဗြိတိန်က မကြာခဏ မေတ္တာ ရပ်ခံခဲ့သော်လည်း လွန်ခဲ့သည့်လက မြန်မာအစိုးရက လက်မှတ် ထိုးရန် ငြင်းဆိုခဲ့သည်ဟု ထောက်ပြထားသည်။
ဗြိတိန်ရောက် ဒေါ်အောင်ဆန်းစုကြည်သည် မြောက်အိုင်ယာလန် သို့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ခေတ္တသွားရောက်ကာ တာဝန်ရှိသူတချို့နှင့်တွေ့ဆုံမည် ဖြစ်ကြောင်း၊ Wellington College ကိုသွားကာ ကျောင်းသားများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဥရောပနိုင်ငံများ ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့က စတင်ပြီး ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ အီတလီနိုင်ငံများသို့ သွားရောက်ကာ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ တက်ရောက်ခြင်း၊ ဂုဏ်ထူးဆောင်ဆုများ လက်ခံခြင်းများပြုလုပ်ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ခရီးစဉ်အတွင်း ဆင်းမ်ဟတ် စစ်တက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားရန်လည်း ရှိသည်။
ထို့နောက် အီတလီနိုင်ငံသို့ ဆက်လက်ထွက်ခွာကာ မြန်မာ့ဒီမိုကရေစီအရေး အားပေး ထောက်ခံခဲ့သည့် မြို့ ၄ မြို့သို့လည်း သွားမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ယမန်နှစ် ဇွန်လလယ်ပိုင်းက စတင်၍ ၁၇ ရက်ကြာ သွားရောက်၍ ဒုတိယ ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့သည်။