ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် အောက်တိုဘာ ၂၂ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့သည့် အစိုးရ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များနှင့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှ အချက် ၇ ချက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက် ၇ ချက်မှာ အပစ်ခတ်ရပ်စဲရေးကို ပူးတွဲစောင့်ကြည့်ရန် Join monitoring committee ဖွဲ့စည်းရေး၊အစိုးရ၏ တပြည်လုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် အားလုံး ပါဝင်လက်ခံနိုင်သော ဆွေးနွေးပွဲဖြစ်လာရန် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူကြောင်း၊ ပြည်သူ တဦးတယောက်ချင်းဖြစ်စေ ငြိမ်းချမ်းရေး ပျက်ပြားစေမည့် ပြဿနာရပ်ကို တွေ့ကြုံ၍ တိုင်ကြားလာပါက လက်ခံ အရေးယူဖြေရှင်းပေးရန်၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို KNPP အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်သွားရန် သဘောတူကြောင်း၊ စစ်ဘေးရှောင် ပြည်တွင်းဒုက္ခသည် (IDP) များအတွက် မိသားစု ၃၀ မှ ၅၀ အတွက် စံပြကျေးရွာ တည်ထောင်ပေးရန်၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နှစ်ဘက် တာဝန်ရှိသူများ ပူးတွဲ ဆောင်ရွက်သွားရန် သဘောတူညီကြောင်းနှင့် KNPP ရဲဘော်များ၏ စားဝတ်နေရေး အတွက် အစိုးရမှ တတ်အားသမျှ ကူညီ ပံ့ပိုး သွားရန်တို့ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တပ်ပိုင်းဆိုင်ရာအနေနဲ့ ဆွေးနွေးမှုကတော့ သဘောတူညီချက်ထဲမှာ မထည့်ရေးထားဘူး။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ လိုချင်တဲ့ ရာနှုန်းပြည့် မရောက်ရှိသေးသော်လည်း တပ်ဖက်ကလည်း တဖြည်းဖြည်း နားလည်မှု တည်ဆောက်နေတယ်ဆိုတာ တွေ့ရပါတယ်” ဟု ဦးရွှေမျိုးသန့်က ဆက်ပြောသည်။
KNPP ဘက်မှ ဒု ဥက္ကဋ္ဌ ခူးဦးရယ်၊ ဗိုလ်ချူပ် ဘီထူး၊ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်၊ ခူဒယ်နီယာ၊ ခူညေးရယ်၊ ဗိုလ်မှူးကြီး ဘုန်းနိုင်၊
ဦးကြည်စိန် နှင့် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ ဦးအောင်မင်း၊ တိုင်းမှူး (ရပဖ)၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒကစမှူး (လွိုင်ကော်)၊ ဗိုလ်ချူပ် မောင်မောင်အုန်း၊ ဗိုလ်မှူးကြီး ဇော်မျိုးတင်၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဦးလှမောင်ရွှေ၊ ဦးမောင်မောင်ဌေး၊ ဦးထွန်းထွန်းဦး၊ ဥပဒေချူပ် ဦးစိန်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
KNPP ဘက်မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ညှိနှိုင်းဆောင်ရွက် အဖြေရှာသွားမည် ဖြစ်ကြောင်းနှင့် ကယားပြည်နယ်အတွင်း စစ်တပ်အင်အား အနေအထား လျှော့ချမှု အခြေအနေပေါ် မူတည်ကြောင်း ဦးရွှေမျိုးသန့်က ပြောသည်။
ဦးရွှေမျိုးသန့်က ဆက်လက်၍ “ကယားပြည်နယ် မီးရရှိရေး ဆွေးနွေးတာရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ အထူးအစီအစဉ်အရ လျှပ်စစ်ဝန်ကြီး ဌာနကနေပြီးတော့ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ကျနော်တို့ အနေနဲ့ကလည်း ကယားပြည်နယ် တခုလုံး မီးရရှိဖို့ လုပ်ဆောင်ပေးနေပါတယ်” ဟု ဆိုသည်။
KNPP နှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးလှမောင်ရွှေက လာမည့် နိုဝင်ဘာလတွင် ကချင်ပြည်နယ် လိုင်ဇာနှင့် မြစ်ကြီးနားမြို့များတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရန် အလွန် အရေးကြီးကြောင်း ပြောသည်။
အစိုးရနှင့် KNPP တို့သည် ၂၀၁၂ မတ်လတွင် ပြည်နယ်အဆင့် လက်မှတ်ထိုးပြီး ယင်းနှစ် ဇွန်လတွင် ပြည်ထောင်စုအဆင့် ပထမအကြိမ်၊ ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်နှင့် ယခု ပြည်ထောင်စုအဆင့် တတိယအကြိမ် တွေ့ဆုံကြခြင်း ဖြစ်သည်။
အစိုးရနှင့် KNPP တို့သည် ၂၀၁၂ မတ်လတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် ၂၀၁၂ ဇူလိုင်လတွင် အစိုးရတပ်မတော်နှင့် တကြိမ်သာ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။