ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးချက် ပြင်ဆင်သင့်ဟု ဦးရွှေမန်းပြော
This article has been converted from Zawgyi One to Unicode
၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားဆီး နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်များကို ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်လွှတ်တော် အဆောက်အအုံတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် “သမ္မတ အရည်အချင်း ကန့်သတ်ချက် ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပါက ၂၀၁၅ ရွှေးကောက်ပွဲကို မျှတသော ရွှေးကောက်ပွဲတခု ဟု ခေါ်ဆိုနိုင်ပါ့မလား´´ ဆိုသော ဧရာဝတီသတင်းဌာနက မေးမြန်းချက်ကို ဦးရွှေမန်းက ပြန်လည်ဖြေကြားစဉ် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“၂၀၁၅ ရွှေးကောက်ပွဲမှာ တရားမျှတတဲ့ ရွှေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ပြင်သင့်သလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက် ပြီးတော့ Free and Fair ဖြစ်ဖို့ ပြင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်´´ဟု ဦးရွှေမန်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်များအနက် ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား သား ၂ ဦး ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတလောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားသည်။
ဦးရွှေမန်းက မိမိကိုယ်တိုင် သမ္မတနိုင်သော အရည်အချင်းရှိကြောင်း၊ သမ္မတလုပ်လိုခြင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို အစွမ်းဆောင်နိုင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်လို၍သာ ဖြစ်ကြောင်း၊ မိမိ၏ ဉာဏ်ပညာ အတွေ့အကြုံ များကြောင့် သမ္မတ လုပ်ရန် သီးသန့် ပြင်ဆင်ရန် မလိုအပ်ကြောင်း ပြောဆိုသည်။
“သမ္မတလုပ်ဖို့အတွက် သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ သမ္မတလုပ်ဖို့လည်း ဘာမှ အခက်အခဲမရှိဘူး။ သမ္မတ လုပ်ချင်တာကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အထိရောက်ဆုံးဆောင်ရွက်ပေးနိုင်တဲ့ နေရာ မို့လို့။ ဘယ်လို တာဝန်မျိုးပဲ ဖြစ်ဖြစ် ယူနိုင်ပါတယ်´´ဟု ဦးရွှေမန်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သော အချိန်ရောက်ရှိနေပြီဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကို အရှိန်အဟုန်ပျက်စေမည့် အခြေခံဥပဒေ ပြဋ္ဌာန်းချက် အားလုံးကို ပြင်ဆင်သင့်ကြောင်း၊ သို့ရာတွင် နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့ကို မထိခိုက်ရန် လိုအပ်ကြောင်း၊ ယင်းအချက်များကို ထိခိုက် နိုင်ပါက မပြင်ဆင်သည်က ပိုကောင်းသည်ဟု မိမိထင်မြင်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။
ဦးရွှေမန်းမိသားစုက လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမှာလည်း နိုင်ငံသားအခွင့်အရေးအရ အများနည်းတူ ဥပဒေ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီး၊ နဝတ အဖွဲ့ဝင် စသည့် ရာထူးများကို အသုံးချ၍ စီးပွားရှာခဲ့ခြင်းမျိုး လုံးဝမရှိကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အပြည့်အ၀ ဆောင်လျက်ရှိပြီး အချိန်မရွေး စမ်းသပ် စစ်ဆေးခံနိုင်သည်ဟုလည်း ပြောဆိုသည်။
လက်ရှိ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အညီ လုပ်ဆောင် လျက်ရှိပြီး ပြောင်းလဲလာသော နိုင်ငံရေးဖြစ်စဉ်များနှင့် အညီ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရန် ညွှန်ကြား ထားသည်ဟု ဦးရွှေမန်းက ဆက်လက်ပြောသည်။
လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပတ်သက်နေခြင်းကို လျှော့ချမည့် အချိန်နှင့် ပတ်သက်၍ အဖြေမပေးနိုင်သေးသော်လည်း အချိန်ကာလတခုတွင် လျှော့ချသွားနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများတွင် တာဝန်ရှိကြောင်း ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်