ယခင်က နိုင်ငံရေး အတိုက်အခံများကို အီးမေးလ် တစောင်ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်းမျှဖြင့် ဖမ်းဆီးထောင်ချနိုင်ရန် အသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ တင်းကြပ်သော အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး ဥပဒေသည် အသက်ဝင်နေ ဆဲဖြစ်သော်လည်း ထိုဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အစားထိုးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြသည်။
ယခုအပတ်အတွင်းတွင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဥပဒေပါ ပြစ်ဒဏ်များကို လျှော့ချပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုပြုခဲ့ရာ အောင်မြင်မှုရခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် များက ထောင်ဒဏ်အစား ဒဏ်ငွေဖြင့် အစားထိုးရန် မဲပေးဆုံးဖြတ်ခဲ့ကြသည်။
ဥပဒေကို ပယ်ဖျက်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ပြောသည်။ “အစိုးရသစ် ပေါ်ပေါက်လာပြီးတော့ ကျင်းပတဲ့ စတုတ္ထအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာကတည်းက ဒီဥပဒေနဲ့ ပတ်သက်လို့ ကျနော် တင်ပြခဲ့ပါတယ်” ဟု သူက ဆိုသည်။
၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့သော အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဥပဒေတွင် အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ “နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သို့မဟုတ် နိုင်ငံတော် စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှု ” စသည် တို့ကို ထိခိုက်ပျက်စီးအောင် ပြုလုပ်ပါက ထောင်ဒဏ် ၁၅ နှစ် အထိချမှတ်နိုင်သည့် အချက်များ ပါဝင်နေသည်။
နှစ်ရှည် ထောင်ဒဏ်များကို ဖျက်သိမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း ဤမျှလောက် အပြောင်းအလဲသည် လုံလောက်မှု မရှိဟု ဦးသိန်းညွှန့်က ယုံကြည်နေသည်။ “ဒီဥပဒေကို ဖျက်သိမ်းသင့်တယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ ပြင်ဆင်သင့်တယ်” ဟု သူကပြောသည်။
နိုင်ငံတော်လုံခြုံရေး နှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များ သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် ရပ်ရွာ အေးချမ်း သာယာရေး သို့မဟုတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သို့မဟုတ် နိုင်ငံတော် စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ် ကျေးမှု စသည် တို့ကို ထိခိုက်ပျက်စီး စေသော မည်သည့် သတင်းအချက်အလက်ကိုမဆို လက်ခံခြင်း၊ ပေးပို့ခြင်း သို့မ ဟုတ် ဖြန့်ဝေခြင်း မပြုရန် ဥပဒေက တားမြစ်ထားသည်။
ထိုဥပဒေကြောင့် ဖမ်းဆီးထောင်ချခံရသူများထဲမှ လူသိများ၍ ထင်ရှားသူများမှာ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုကိုကြီး နှင့် လူရွှင်တော် ဇာဂနာတို့ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များက တည်ဆဲဥပဒေကို ဖျက်သိမ်းရန် သို့မဟုတ် အတော်များများပြင်ဆင်ရန် တွန့် ဆုတ် နေကြသော်လည်း ပြုပြင်ပြောင်းလဲရေးသမားများက လက်မလျှော့ပါ။
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က လာမည့် အပတ်တွင် တွေ့ဆုံပြီး ကျယ်ပြန့်သော ဥပဒေမူကြမ်း အသစ်တခု အတွက် ဆွေးနွေးကြရန် မျှော်လင့်ထားသည်။ အဆိုပါမူကြမ်းကို လက်ရှိပြဌာန်းချက်များကို အစားထိုးရန် သို့မဟုတ် ပြန်လည် ရေးဆွဲသည့်အခါ မူကြမ်းအဖြစ် သုံးစွဲသွားနိုင်ရန် တင်ပြသွားမည်ဟု သိရသည်။
“ ကျမတို့ e-commerce နဲ့ ပတ်သက်တဲ့ အခန်းအနည်းငယ် ထည့်သွင်းသွားမှာပါ။ တချို့ အခန်းတွေကို ပိုကောင်းအောင် မွမ်းမံ ပြီးတော့ တချို့အခန်းတွေ အသစ်ထပ်တိုးပါမယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၏ ဒါရိုတ်တာ ဒေါ်မြင့်မြင့် သန်း ကပြောသည်။
ဥပဒေကြမ်း အသစ်ကို မည်သည့်အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည် ဆိုသည်ကို သူက မှတ်ချက်မပေးပါ။ “တနင်္လာ နေ့ အစည်းအဝေးပြီးသွားရင် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အကြံပေးချက်တွေကိုလည်း လက်ခံသွားမှာ ဖြစ် ပါတယ်” ဟု ဒေါ်မြင့်မြင့်သန်းက ဧရာဝတီသို့ပြောသည်။
ဥပဒေကြမ်း တင်သွင်းနိုင်ရန် ကြိုးစားနေသည့် အဖွဲ့များထဲတွင် မြန်မာအိုင်စီတီ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) လည်းပါဝင်သည်။ MIDO ကို ဦးဆောင်နေသည့် ဘလော့ဂါတဦး ဖြစ်သူ ဦးနေဘုန်းလတ်သည်လည်း အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဥပဒေ ဖြင့် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရသည်။
MIDO မှ ဒုတိယ အမှုဆောင် ဒါရိုက်တာ ဦးညီညီသန်းလွင်က ဥပဒေကြမ်းတခု အမြန်ဆုံးလိုအပ်နေသလို တယ်လီဖုန်း ဆက်သွယ်ရေး ဥပဒေကဲ့သို့သော ဆက်စပ်နေသည့် ဥပဒေများကိုလည်း အလေးထားစောင့်ကြည့်ရန်လိုသည်ဟု ဧရာဝတီ သို့ ပြောသည်။ တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေကို မကြာသေးမီကမှ အတည်ပြုထုတ်ပြန်လိုက်ပြီး ရက်ပေါင်း ၉၀ အတွင်း သက်ဝင်လာတော့မည် ဖြစ်သည်။ တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေ တွင်လည်း လက်ရှိတည်ဆဲဖြစ်သော အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဥပဒေ ဥပဒေကို အစားထိုးရေးဆွဲရာတွင် လိုအပ်သော အချက်များပါဝင်နေသည် ဟု MIDO ၏ အဆိုအရသိရသည်။
အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဥပဒေ ကို ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် အစားထိုးရန် လုပ်ငန်းသည် လပေါင်း များစွာ ဆက်လက်ကြာမြင့်မည် ဖြစ်သည်။ အွန်လိုင်းအခြေခံ စီးပွားရေးလုပ်ငန်းများ နှင့် တက်ကြွလှုပ်ရှားသူများက အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ဥပဒေ ကိုပြင်ဆင်ရေးဆွဲရန် လိုအပ်သလို ဆိုက်ဘာရာဇဝတ်မှုများ နှင့် အွန်လိုင်း မှ ညစ်ညမ်းကိစ္စများကို ကာကွယ်ပေးနိုင်သည့် သီးခြားဥပဒေတခု ပြဌာန်းနိုင်ရန်လိုအပ်သည် ဟု အကြံပြုကြသည်။
“အစိုးရက ဆိုင်ဘာရာဇဝတ်မှု ဥပဒေကြမ်းကို ထုတ်ပြန်လာမယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ စောပါသေး တယ်” ဟု ဦးညီညီသန်းလွင် ကပြောသည်။