ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို အောက်တိုဘာ ၂၂ ရက်နေ့က ဝင်ရောက်ရှင်းလင်းရာ စစ်ပြေး ဒုက္ခသည်များ ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။
ဗန်းမော်အခြေစိုက် အစိုးရ တပ်များသည် လက်နက်များဖြင့် မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည်စခန်းကို ပစ်ခတ်ပြီး ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ကျေးရွာသားများလည်း ကြောက်လန့်စိတ်ဖြင့် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် လာရောက် နားခိုနေကြကြောင်း မိုင်းခေါင်ကျေးရွာမှ သင်းအုပ်ဆရာ ဖာသာ ပီတာ ဇလွန်တုက ဧရာဝတီသို့ ပြောသည်။
“မြန်မာစစ်တပ်က ရွာအဝင်လမ်းမှာ လက်နက်တွေနဲ့ ပစ်ခတ်တာကို ရွာသားတွေက ကြောက်ပြီး ထွက်ပြေးတာပါ။ တိုက်ပွဲ လို့တော့ ပြောလို့လည်း မရဘူး။ ခြိမ်းခြောက်တဲ့ သဘောပေါ့။ အဲဒီနေရာမှာက မှောင်ခိုလမ်းတွေရှိတယ်။ သစ်မှောင်ခို လုပ်တဲ့လမ်းကို လာရှင်းတာ လို့လည်း ပြောတာပဲ။ ဒါပေမယ့် ရွာသား နှစ်ဦး ဒဏ်ရာရတယ်လို့ ကြားထားပါတယ်” ဟု ဖာသာ ပီတာ ဇလွန်တုက ဆိုသည်။
လက်ရှိ မြန်မာအစိုးရ တပ်ပေါင်းစုသည် မန်စီမြို့နယ်အတွင်း စခန်းချထားကြောင်း၊ ရွာသားများ အနေဖြင့် ကြောက်လန့်နေမှု ကြောင့် မိုင်းခေါင်ကျေးရွာရှိ ဘုရားကျောင်းတွင် ဝင်ရောက် ခိုလှုံနေကြကြောင်း၊ စစ်တပ်လာရောက် စခန်းချသည့်
နေရာသည် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ နယ်မြေဖြစ်သော်လည်း KIA ဘက်မှ ပြန်လည် တိုက်ခိုက်မှု မရှိသဖြင့် စစ်ရေး သဘော လိုက်နာမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်တော့ ဒါက တိုက်ပွဲ မဟုတ်ပါဘူး။ မြန်မာစစ်တပ်က ဝင်ပြီး ခြိမ်းခြောက်တဲ့ သဘောပါ။ တချို့လူတွေက အဲဒီ မုန်းဒိန်ပါ ကျေးရွာမှာ ပိတ်မိနေတုန်းပါပဲ။ အခုဆို မြန်မာစစ်တပ်တွေ ရှိလို့ သွားလာရခက်ပြီး ရိက္ခာပို့လို့ မရတော့ဘူး” ဟု ကရုဏာ လူမှုကူညီရေး အဖွဲ့ ဗန်မော်ခရိုင် တာဝန်ခံ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ နေရာတွင် ကချင် ဒုက္ခသည်စခန်းရှိပြီး ဒုက္ခသည် ဦးရေ ၅၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ ယင်းဒေသသည် KIO ထိန်းချုပ်ရာ ဒေသဖြစ်သော်လည်း KIA တပ်များ မရှိကြောင်း၊ မြန်မာအစိုးရ တပ်စခန်း ချထားမှုကြောင့် ဒုက္ခသည်များကို
ဆန်မပို့နိုင်ဘဲ ဖြစ်နေရာ ဒုက္ခသည်များ အတွက် ဆန်ပြတ်လပ်မှုများ ကြုံနိုင်ကြောင်း၊ မြန်မာအစိုးရ တပ် ဝိုင်းထားသည့် အတွက် အချိန်မရွေး ဒုက္ခ ရောက်သွားနိုင်ကြောင်း၊ အစိုးရ အနေဖြင့် စီးပွားရေး အခြေအနေ ဖြစ်သည့် မှောင်ခိုနယ်မြေမှ သစ်မှောင်ခို လုပ်ငန်းများကို လာရောက် ကြည့်ရှုခြင်း ဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။
“အခုဆိုရင် ကျနော်တို့ ဆီမှာ မြန်မာစစ်တပ်က ကျေးရွာတွေကို ဝိုင်းထားပါတယ်။ ဘယ်မှလည်း သွားလို့မရဘူး။ အိမ်ထဲကနေ
အိမ်ပြင်တောင် ထွက်လို့မရဘူး။ ထွက်ရင် စစ်ဆေးမေးမြန်းမှုတွေ၊ စစ်သားစုဆောင်းမှု တွေလုပ်မှာ ကြောက်နေကြတယ်။ ပြီးတော့ အမျိုးမျိုး ရွာသားတွေကို ခြိမ်းခြောက်မှုတွေ လုပ်နေပါ တယ်” ဟု မိုင်းခေါင်ကျေးရွာမှ ရွာသား ကိုလထွမ်က ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ၂၀ ရက်နေ့အထိ နယ်မြေ ရှင်းလင်းရာတွင် အလောင်းတလောင်း၊ လက်နက်ငယ် တလက်၊ ကျည်အတောင့် ၂၀၀၊ ကျည်ကတ် ၃ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ကာ အင်္ကျီ
၄ ထည်၊ ကျည်ကာ ဦးထုပ် ၄ လုံး၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ကျွဲနွား မှောင်ခို ၃၁ ဦး၊ သစ်ခိုးထုတ်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသူ ၁ ဦး၊ ကျွဲနွား ၈၇ ကောင်၊ ယာဉ်မျိုးစုံ ၁၂ စီး၊ သစ်မျိုးစုံ ၂၂၆ ဒသမ ၈ တန် တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
မုန်းဒိန်ပါ ဒုက္ခသည် စခန်းကို ဝင်ရောက် သိမ်းပိုက်ခဲ့သည့် အစိုးရ တပ်ဖွဲ့များမှာ စကခ ၂၁ မှ နည်းဗျူဟာမှူး တဦး ဦးစီးသည့် ခလရ ၄၅၊ ခလရ ၅၆၊ ခမရ ၂၃၆၊ ခမရ ၂၄၀၊ ခမရ ၂၇၆၊ ခမရ ၆၀၁ နှင့် ခမရ ၆၀၂ တပ်ဖွဲ့များ ပါဝင်သော စုစုပေါင်း အင်အား ၁ ထောင်ကျော်ဖြင့် စစ်ဆင်ခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာ အနီးရှိ ဒုက္ခသည်စခန်းတွင် မန်စီမြို့နယ်ရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များ ရှိနေပြီး လူပေါင်း ၅၀၀ ခန့် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်က မြန်မာအစိုးရနှင့် KIA တို့ စစ်ဆင်ရေး စတင်ကတည်းက ထွက်ပြေးနေရသော ရွာသားများ ဖြစ်ကြောင်း သိရသည်။