မွန်ပြည်နယ် မော်လမြိုင်မြို့၌ တည်ဆောက်ရန် စီစဉ်ထားသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ စီမံကိန်းအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့မည့် သမ္မတ ဦးသိန်းစိန် ၏ အစီအစဉ်ကို လွှတ်တော်က ဆိုင်းငံ့ လိုက်ကြောင်း သိရသည်။
ယင်း အစီအစဉ်နှင့် ပတ်သက်ပြီး ပေးပို့လာသော သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်၌ ယမန်နေ့က ဆွေးနွေးပြီး ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
သမ္မတ၏ သဝဏ်လွှာသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည်ဟု မော်လမြိုင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်၍ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။
“သဝဏ်လွှာကို ခေတ္တဆိုင်းငံ့ထားရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြည်လည် ပေါင်းစည်းရေး အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို လျှပ်စစ်မီး ရရှိစေပြီး မော်လမြိုင်ဒေသနှင့်မွန်ပြည်နယ် အတွက်ဆောင်ရွက်ပေးရန် ကိစ္စကိုလည်း အဆင်ပြေစေမည့် သားရွှေအိုးထမ်းလာသည့် အစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ပါရန် သမ္မတထံ ပြန်ကြားနိုင် ရေး”ဟု အစရှိသော လွှတ်တော်၏ ဆန္ဒကို ခံယူရာ၌ သဘောမတူသူ မရှိသည့်အတွက် သဝဏ်လွှာကို ဆိုင်းငံ့ထားခဲ့သည်။
သမ္မတ၏ သဝဏ်လွှာ၌“EXIM Bank of China ၏ ချေးငွေမှ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၁ သန်းနှင့်ညီမျှသော ယွမ်ငွေဖြင့် မော်လမြိုင်တွင် ၅၀ မီဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်ရေး အစီအစဉ်အား ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ပြောင်းရွှေ့ တည်ဆောက်ခွင့်ရရေး”ဟု ဖော်ပြထားသည်။
ထိုစီမံကိန်း ပြောင်းရွှေ့တည်ဆောက်ရေး အစီအစဉ်ကို လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က လွှတ်တော်၌ ရှင်းလင်းတင်ပြစဉ် ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိရေး စီမံကိန်းအတွက် ရခိုင်ဒေသက အရင်းအနှီးများစွာ ရယူထားသော တရုတ်နိုင်ငံမှ အကူ အညီကို ရယူဆောင်ရွက်သင့်ကြောင်း၊ သို့မဟုတ်ပါကလည်း အတိုးမဲ့ ချေးငွေဖြင့် ရခိုင်ဒေသ မီးလင်းရေးကို လုပ်ဆောင်ပေး သင့်ကြောင်း၊ ထိုသို့ မရနိုင်ပါက နိုင်ငံတော်က ဘတ်ဂျက် ထည့်သွင်းရေးဆွဲပေးရန် လိုအပ်ကြောင်း ဒေါက်တာ ဗညား အောင်မိုး က ဧရာဝတီ ကို ပြောသည်။
“ရခိုင်ဒေသမှာ ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်း စတဲ့ ကြီးမားတဲ့ အရင်းအနှီးတွေကို တရုတ်နိုင်ငံ က လုပ်ယူနေတယ်၊ အဲဒီတော့ ဒီဓာတ်အားပေး စက်ရုံလောက်တော့ တည်ဆောက် ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။
မော်လမြိုင်မှ ကျောက်ဖြူဒေသသို့ ပြောင်းရွှေ့မည့် သဘာ၀ ဓာတ်ငွေ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ကိစ္စနှင့်ပတ်သက်၍ အ စိုးရ၏ လုပ်ရပ် အပေါ် ဒေါက်တာ ဗညားအောင်မိုး၏ ဝေဖန် ထောက်ပြမှုသည် တနည်းအားဖြင့် မှန်ကန်နေကြောင်း ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
အစိုးရ အဆက်အဆက်သည် တိုင်းရင်းသား အချင်းချင်း၊ ပါတီအချင်းချင်း သွေးကွဲရန် ဆောင်ရွက်ခဲ့မှုများကြောင့် ယနေ့အထိ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ကြောင်းလည်း ဒေါက်တာ ဗညာအောင်မိုး က ဝေဖန် ထောက်ပြသည်။
၎င်းက“တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် ကိစ္စရပ်ကို အစိုးရက မလုပ်သင့်ဘူး၊ ရခိုင်နဲ့မွန်ကို ရန်တိုက်ပေးသလို ဖြစ်နေတယ်၊ ရခိုင်ပြည်သူတွေကိုလည်း ကိုယ်ချင်းစာပါတယ်၊ ကူညီချင်တယ်၊ ဒါပေမယ့် ဒီမံကိန်းတွေအကြောင်းကို ကျနော် တို့ မွန်တွေကို ရှင်းလင်းပြောဆိုထားပြီးပြီဆိုတော့ မွန်တွေကို ဘယ်လို မျက်နှာပြရမလဲ၊ အထင်လွဲတာခံရမှာပေါ့”ဟု ဆို သည်။
ဝန်ကြီး ဦးခင်မောင်စိုး က ကမ္ဘာ့ဘဏ်မှ ချေးထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဖြင့် ၁၂၀ မီဂ္ဂါဝပ် ရှိ သဘာ၀ ဓာတ် ငွေ့သုံး စက်ရုံတခုကိုလည်း မွန်ပြည်နယ် သထုံမြို့နယ်တွင် တည်ဆောက်မည် ဖြစ်၍ မွန်ပြည်နယ်တွင် ဓာတ်ငွေ့စက်ရုံ ၂ ရုံဖြစ်နေခြင်းကြောင့် ကျောက်ဖြူသို့ တရုံ ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ကျောက်ဖြူဒေသအတွက် ဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ရမည်ဖြစ်ခြင်းကြောင့် ပို မို လွယ်ကူမည်ဟုလည်း ဝန်ကြီးက ပြောသည်။
သဘာ၀ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၂ ခု တည်ဆောက်မည်ဟု အစိုးရက ပြောဆိုသော်လည်း မည့်သည့် စီမံ ကိန်းမှ လုပ်ဆောင်မှု မရှိသေးကြောင်း၊ စက်ရုံ တည်ဆောက်မည် ဆိုလျှင်လည်း လျှပ်စစ် ဓာတ်အားလိုင်း သွယ်တန်းမည့် စီ မံကိန်းသည် ကြီးမားသည့်အတွက် ကုန်ကျငွေ အများအပြားလိုအပ်မည် ဖြစ်ကြောင်း ဒေါက်တာ ဗညားအောင်မိုး က ပြော ဆိုသွားသည်။