အကောင်းဘက်ကို နောက်မတွန့်စတမ်း လှမ်းလိုက်ပါ

ရွှေကူမေနှင်း

This article has been converted from Zawgyi One to Unicode

အောက်တိုဘာ ၈ ရက် ၂၀၁၃ ကား မင်္ဂလာ ရှိသောနေ့၊ ကောင်းသောနေ့ တနေ့ ဖြစ်၏။ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ” ဟူသော နဖူးစီးစာတန်းနှင့် သတင်း ဓာတ်ပုံကို ကျမတို့ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ တဆက်တည်းမှာပင် “နိုင်ငံရေး အကျဉ်းသား ၅၆ ဦး” ကို ထပ်မံ လွှတ်ပေးရာမှာ ပုဒ်မ (၁၇) ၁၊ (၁၇) ၂ တို့ အများဆုံး ပါဝင်သည်ဟု သိရပြန်သည်။ ကြိုဆိုရမည့် သတင်းပင် ဖြစ်၏။ ယခင်နှစ်များက ဆိုလျှင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျဉ်းသားများကို လွှတ်ပေးတိုင်း တခြား အရေးမကြီးပုဒ်မနှင့် အကျဉ်းကျနေသူ များသာ အများစု ပါဝင်ပြီး နိုင်ငံရေး ပုဒ်မများ (အထူးသဖြင့် မတရားသင်းပုဒ်မများ) လုံးဝနီးပါး မပါခဲ့ပေ။ နိုင်ငံရေး အကျဉ်းသား ဟူ၍ပင် မရှိဟု ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ဖူးသည်ကို မှတ်မိနေသည်။

ဤစာရေးသူ အကျဉ်းကျခံရသော ကာလမှာ ၁၉၉၁ – ၁၉၉၂ ဖြစ်၏။ ထိုကာလမှာလည်း နိုင်ငံရေး အကျဉ်းသား ဟူ၍ အသိအမှတ်ပြု မခံရရုံမက “အလုပ်နှင့် ထောင်ဒဏ်” ဟူသော အမိန့်များချည်း ဖြစ်သည်။ သို့သော် သက်ဆိုင်ရာ၏ သတ်မှတ်ချက် များကို ရဲရင့်ဝံ့စားသော နိုင်ငံရေးသမား လူငယ် အမျိုးသမီးများက တွန်းဖြိုခဲ့ကြပြီး ဖြစ်သဖြင့် ကျမ ရောက်ရှိ ချိန်တွင် “အလုပ်” တာဝန်ချခံရမှု မရှိတော့ပေ။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

၁၉၈၈ တွင် အဖမ်းခံ ထောင်ချခံခဲ့ ကြရသော ဗွေဆော်ဦး ကျောင်းသူများထဲတွင် “ထိုးဖောက်” တတ်သူများ ပါခဲ့၏။ အလုပ်အဖြစ် တောင်ယာစိုက်ခင်းထဲ ပို့ခံရသောအခါ သူတို့က စိုက်ပျိုးပင်များကို အမြစ်မှနေ၍ နုတ်ပစ်ခဲ့ကြ၏၊ ရေလောင်း ခိုင်းလျှင် တောင်ယာထဲ ရေသယ်ပြီး ရေချိုး၏။ သူတို့၏ ရနိုင်သလောက် တော်လှန် ဆန့်ကျင်မှုကြောင့် ၁၉၉၁ တွင် မိန်းမ ထောင်၌ နိုင်ငံရေးအကျဉ်းသူများကို “အလုပ်” ခိုင်းသောကိစ္စ မရှိတော့ချေ။ သက်သက်သာသာ ထိုင်၍ အပျင်းပြေ သဘော လုပ်ရသော ဇာထိုး၊ ပန်းလုပ်သာ မည်ကာမတ္တ ရှိတော့၏။ အခွင့်အရေး ဟူသည် ဤသို့လျှင် တိုက်ယူကြရသည်ချည်း ဖြစ်သည်။

သက်ဆိုင်ရာတို့သည် “နိုင်ငံရေး အကျဉ်းသား” ဟူသော အသုံးအနှုန်းကို တရားဝင်သုံးစွဲရမှာ အတော်လက်တွန့်ခဲ့၏။ နိုင်ငံရေး အကျဉ်းသား အစား “ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ” ဟု ကြံဖန် သုံးစွဲခဲ့သေးသည်။ နောက်ဆုံး မတတ်သာသည့် အခါကျမှာသာ “နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ” ဟု ပီပီပြင်ပြင်ဖွဲ့ပြီး “နိုင်ငံရေး အကျဉ်းသား” ဟူသော အမှန်စကားလုံးကိုလည်း ရဲရဲဝံ့ဝံ့ သုံးစွဲလာခဲ့သည်။

ယခု လွှတ်ခြင်းသည် ကော်မတီက စိစစ်ပြီးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ခြင်း စတုတ္ထ အကြိမ် ဖြစ်ပြီး နောက်ထပ် လွှတ်ရန် ၁၀၀ ကျော် ကျန်သေးသည် ဟု ဆိုသည်။ မြန်မာနိုင်ငံအတွင်း အလုံးစုံ ငြိမ်းချမ်းရေး ရရန် ကြိုးစားနေသော အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် တချို့ အကျဉ်းသားများမှာ “ရာဇဝတ်မှု” နှင့် ရောနေ၍ စစ်ဆေးနေရဆဲ ဖြစ်ကြောင်း အကြောင်းပြသည်ကို စိတ်ရှည်စွာ လက်ခံကြရပါမည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို သုံးတိုင်း အကျဉ်းသား လွှတ်ပေးခြင်းသည် တစုံတရာ အကျိုးအမြတ်အတွက်၊ မျက်နှာ ရလိုမှု အတွက်ဟု သုံးသပ်လေ့ရှိကြ၏။ မည်သည့် အကြောင်းကြောင့်ပင် လွွှတ်လွှတ်၊ လူသားတယောက် လွတ်မြောက်ခြင်း သည် ဝမ်းမြောက်ဖွယ်ပင် ဖြစ်ပါ၏။ အထူးသဖြင့် မတရား အဖမ်းခံထားရသူများ အဖို့ ထောင်ဆိုသည်မှာ တစက္ကန့်ပင် မနေထိုက်သော နယ်မြေဖြစ်ရာ မြန်နိုင်သမျှ မြန်မြန် (ဘာ့ကြောင့်ပဲ လွှတ်လွှတ်) လွတ်ဖို့က အရေးကြီးသည်။

ထူးထူးဆန်းဆန်း ဝမ်းမြောက်ဖွယ် သတင်းတပုဒ်ကိုလည်း ဖတ်ရ၏။ ဗန်းမော်ထောင်မှ လွတ်လာသော “ဒေါ့ထုံးယံ၊ မန်စီ၊ မိုးမောက်၊ တနိုင်း” မြို့နယ်များမှ နိုင်ငံရေး အကျဉ်းသား ၇ ဦးကို ဗန်းမော်မြို့နယ် အကျဉ်းဦးစီးဌာနမှ တဦးလျှင် ကျပ်တထောင်၊ အထွေထွေ အုပ်ချုပ်ရေးဌာနမှ တဦးလျှင် ကျပ်တသောင်း ကူညီပေးခဲ့ကြောင်း သိရခြင်း ဖြစ်၏။ ထောင်ထဲတွင် စိတ်ရော လူပါ နွမ်းကြေနေသူများအား ပြင်ပလေ ရှုရှိုက်ခွင့်ရသော အခါ သွားလိုရာ သွားနိုင်ရေး အတွက် ယခုကဲ့သို့ ကူညီခြင်းကို ဝမ်းသားရမည်သာ ဖြစ်၏။ အကျဉ်းဦးစီးမှ ပေးနေကျ နှုန်းအရဆိုလျှင် ဆိုက္ကားခမျှသာ ရှိပါလိမ့်မည်။ ယင်း ကူညီခြင်းများ အတွက် ကျေးဇူးတင်ရမည်ပင် ဖြစ်ပါသည်။ ရှေ့ခရီး ချောမောရေး၊ ငြိမ်းချမ်းမှု ရရှိရေးအတွက် ကျမတို့ နိုင်ငံသားတိုင်း မိမိ တတ်နိုင်သလောက် ပါဝင်ကြရမည် ဖြစ်ပါ၏။

ဤသတင်း မရမီ တရက်ကလည်း မြစ်ကြီးနာမြို့သို့ KIO အဖွဲ့က ကားများဖြင့် ရောက်လာသည်ကို မြို့လူထုက ပြည်ထောင်စု အလံများ ကိုင်ဆောင်ရင်း ဝမ်းသားအားရ ကြိုဆိုနေသောပုံကို မြင်ခဲ့ရသည်။ နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ် စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရသော ဘဝမှာ ပြည်သူတွေ မည်မျှ မွန်းကျပ်နေကြောင်း သိသာပါသည်။ ယခု အဖွဲ့ နှစ်ဖွဲ့ ဆွေးနွေးတော့မည်၊ အပစ်အခတ် ရပ်စဲရေး ပါမည်၊ လုံးဝငြိမ်းချမ်းတော့မည် စသော မျှော်လင့်ချက် များသည် ပြည်သူတို့၏ ရင်ကို နှင်းစက်အေးဖြင့် ဖျန်းပက်သကဲ့သို့ အေးချမ်းရသည်မှာ အမှန်ပင်။

ဆွေးနွေးသည့် အချက်များကား အပြီး မသတ်နိုင်သေး။ နှစ်ပေါင်း ၅၀ ကျော် တင်းမာအေးခဲ ခဲ့သော ကျောက်တုံးကြီးကို အရည်ဖျော်ဖို့ တလ၊ နှစ်လနှင့် မရနိုင်ကြောင်း နားလည်ရပါမည်။ ၁၉၄၇ ခုနှစ်က ရခဲ့သော ညီညွတ်ရေးကို ပြန်ရအောင် အများကြီး ကြိုးစားရပါဦးမည်။ အမှန်တရားခံကား “ဖက်ဒရယ်” ဟူသော စကားလုံး အနက်ပြန် အဓိပ္ပာယ် ကောက်ယူမှု မှားယွင်း ခဲ့ခြင်း ဖြစ်၏။ ဖက်ဒရယ်ကို “ပြည်နယ်ခွဲထွက်ရေး” ဟု အလွတ် ဘာသာပြန်ခဲ့ကြ သဖြင့် ပြည်ထောင်စု မပြိုကွဲရေး တို့အရေး ဖြစ်ခဲ့ခြင်းသာ ဖြစ်၏။ ရုရှားဆိုဗီယက် ပြည်ထောင်စု ဘာ့ကြောင့် ပြိုကွဲသနည်း၊ အမေရိကန်ပြည်ထောင်စု ဘာ့ကြောင့် မပြိုကွဲသနည်းဟု ရိုးရိုးလေး တွေးကြည့်ရုံနှင့် ဖက်ဒရယ်၏ အတိမ်အနက်ကို မှန်းဆ၍ ရပါသည်။

ဖက်ဒရယ်သည် သီးခြားခွဲထွက်ရေး လား၊ သီးခြား ပြဋ္ဌာန်းရေး လား၊ တန်းတူညီမျှရေး လား၊ ပူးပေါင်းကူညီရေး လား၊ အချင်းချင်း တိုင်ပင်ခြင်းဖြင့် မိမိလိုချင်တာရော၊ ရနိုင်တာရောကို မျှတအောင် မူချမှတ်လုပ်ဆောင်ရန် ဖြစ်သဖြင့် ခဏနှင့် လုပ်၍ မရနိုင်ခြင်း ဖြစ်၏။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့သော ကာလ နှစ်ပေါင်း ၅၀ လုံးလုံး ကြာခဲ့သဖြင့် ယခု အကောင်အထည် ဖော်နေသော “တိုင်းဒေသကြီး ပြည်နယ်အစိုးရ” တို့သည်ပင် မုဆိုးစိုင်သင် သဘောမျိုး စမ်းတဝါးဝါး လုပ်နေကြဆဲ ဖြစ်၏။ ရဲရဲရင့်ရင့် ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်မှု အားနည်းနေဆဲ ဖြစ်ပြီး အထက်ကို တင်ပြနေကြရဆဲ ဖြစ်၏။ တာဝန် မယူရဲသော အလေ့အကျင့် ဆိုးများကြောင့် ဖြစ်၏။

ဖက်ဒရယ်မှာက တချို့ စည်းမျဉ်းများကို မိမိတို့ဘာသာ ပြဋ္ဌာန်းနိုင်မည် ဖြစ်ပြီး စွဲကိုင်သုံးနှုန်းရမည် ဖြစ်ရာ ထိုပြည်နယ် ပြဋ္ဌာန်းချက် များကိုပင် အချိန်ယူ ညှိနှိုင်းကြရဦးမည် ဖြစ်၏။ လောလောဆယ် အလုပ်လုပ်နိုင်ရေးမှာ အပစ်အခတ် (လုံးဝ) မရှိရေး ဖြစ်၏။ ထိုအဆင့်ကို ရောက်မှာသာ ကျောအေးအေးနှင့် စဉ်းစားနိုင်ကြမှာဖြစ်ပြီး တဦးကို တဦးလည်း ယုံကြည်လာ မည် ဖြစ်သည်။ ထိုသို့ ယုံကြည်လာရန် စားပွဲဝိုင်း၌ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်းများ ပြုရင်း၊ အကျဉ်းထောင် အတွင်းမှ နိုင်ငံရေး အကျဉ်းသားများ (အားလုံး) ကို ခြွင်းချက် မရှိ လွှတ်ပေးရန်လည်း အထူးအရေးကြီးလှ၏။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တဦးတယောက်၊ တသင်းတဖွဲ့၊ အစိုးရ တရပ်တည်း ကြိုးပမ်းနေရုံဖြင့် မရနိုင်ကြောင်း အားလုံး သိမြင်လာပြီ ဟုလည်း ဆိုရပါမည်။ တိုင်းရင်းသား ပြည်သူအများ ပါဝင်ပူးပေါင်းမှသာ စစ်မှန်သည့် တိုးတက်မှုများ အပြည့်အ၀ ရရှိမည်ဖြစ်ပါ၏၊ စစ်မှန်သည့် ငြိမ်းချမ်းမှုများ အပြည့်အ၀ ရရှိမည် ဖြစ်ပါ၏၊ စစ်မှန်သည့် စည်းလုံးညီညွတ်မှုများ အပြည့်အ၀ ရရှိမည် ဖြစ်ပါ၏။

ဤ တိုးတက်မှုများ ရရှိရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အတူ တနိုင်ငံလုံး အပစ်ရပ်ရန်မှာ အခြေခံဟု မြင်ပါသည်။ နောက်မတွန့်စတမ်း အကောင်းဘက်ကို ရှေ့ရှုပြောင်းလဲကြဖို့ တိုက်တွန်း အားပေးလိုက်ပါသည်။

Loading