မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး တာဝန်ထမ်းဆောင်ရန် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သုံးသပ်လေ့လာသူများက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လာမည့်နှစ် ဇန်နဝါရီလ မှ စတင် ထမ်းဆောင်ရမည်ဖြစ် ပြီး ပထမဆုံး စိန်ခေါ်မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌး က ဧရာဝတီကို ပြောသည်။
“နံပတ် ၁ က ကျနော်တို့ နိုင်ငံရဲ့ ချမှတ်ထားတဲ့ Foreign Policy (နိုင်ငံခြားရေးမူဝါဒ)၊ အဲဒါနဲ့ Regional Bloc ( ဒေသတွင်း အသင်း) ရဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ နိုင်ငံတကာ ပေါင်းစည်းမှုတွေပေါ့။ အဲဒီ ၂ ခုကို ကျနော်တို့က Balancing (ဟန်ချက်ညီရေး ) ဘယ်လို လုပ်မလဲဆိုတာအရေးကြီးတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍ တက်ကြွသည့် ကြားနေ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေခြင်း ဖြစ် ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း အကြား အတိတ်ကတည်းက ဖြစ်နေသည့် အငြင်းပွားမှုများနှင့် လတ်တ လော အငြင်းပွားမှုများ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့် အဖွဲ့ဝင်နိုင်ငံများနှင့် ကျန်နိုင်ငံ များ အကြား ကိစ္စရပ်များအပေါ် မည်ကဲ့သို့ အကောင်းဆုံး အဖြေရှာမည် ဆိုသည်မှာ အရေးပါကြောင်း ဦးဇော်ေဋ္ဌးက ဆက်ပြောသည်။
အမေရိကန်ပြည်ထောင်စု ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူ ဘွဲ့အတွက်စာတမ်းပြုစုနေ သူ ဦးမင်းဇင်ကလည်း မြန်မာအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့်အခါ အထူးသဖြင့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်ကိစ္စကို သတိထားဆောင်ရွက်ရမည် ဟု ရှုမြင်ကြောင်း ဧရာဝတီကိုပြောသည်။
“အဲဒီကိစ္စမျိုးမှာတော့ မြန်မာကတော့ ထုံးစံအတိုင်း အာဆီယံ စိတ်ဓာတ်နဲ့ ရပ်ချင်မယ်ထင်တယ်။ ဒါပေမယ့် တရုတ်နဲ့ ကလည်း ဒီလို ရပ်လိုက်လို့ရှိရင် တရုတ်နဲ့ သူတို့ကြားမှာ မျက်နှာပျက်စရာတွေ၊ တရုတ်ကို စိတ်အနှောင့်အယှက် ဖြစ် အောင် လုပ်မိသလို ဖြစ်မှာလည်း စိုးရိမ်စရာ ရှိတယ်လေ” ဟု သူက ဆိုသည်။
တချိန်က တရုတ်သြဇာလွှမ်းမိုးမှု ခံခဲ့ရသည့် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်လာပြီးနောက်ပိုင်း မြစ်ဆုံ ဆည်အပါအဝင် အခြား ကိစ္စများကြောင့် မြန်မာအား သင်ခန်းစာပေးရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဟု ယူဆနိုင်သည့် Global Times က ပြောဆိုထားပြီး တရုတ်အမျိုးသားရေး ဝါဒီများကို အားပေးသကဲ့သို့ ဖြစ်မည်ကို မြန် မာ မူဝါဒချမှတ်သူများ သဘောပေါက်မည်ဟု ယူဆကြောင်းလည်း သူက ဆက်ပြောသည်။
“ လက်တွေ့ နိုင်ငံရေးအနေအထားအရ ပြည်တွင်းမှာ တရုတ်နဲ့ပတ်သက်လို့ ထိခိုက်တာတွေ များထားတဲ့အခါကျတော့ တောင်တရုတ်ပင်လယ်ကိစ္စမှာ သတိထား ရလိမ့်မယ်”ဟု ဦးမင်းဇင် က သုံးသပ်သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးလက်ခံရယူခဲ့သည့် မြန်မာအနေဖြင့် အာဆီယံ နိုင်ငံများကြား အချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သည့် သဘောသဘာဝကို မြန်မာအနေဖြင့် နားလည်ထားရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံမှ ဝါရင့် သတင်းစာဆရာ မစ္စတာ ကဝီချွန်ကစ်တာဗွန်က ပြောသည်။
အာဆီယံနိုင်ငံများ၏ အစိုးရချင်းသာမက ပြည်သူချင်း၊ အတွေးအခေါ် အယူအဆချင်းပါ ချိတ်ဆက်နိုင်ရန် လိုအပ်ကြောင်း DVB နှင့် အင်တာဗျူးတခုတွင် ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံနှင့် သက်ဆိုင်သည့် အစည်းအဝေးပေါင်း အနည်းဆုံး ၃၀၀ ကို တာဝန်ခံ ကျင်းပ ပေးရမည် ဖြစ်ပြီး ထက်ဝက်ကျော်သည် စီးပွားရေးနှင့် သက်ဆိုင်ပြီး ဘတ်ဂျက် ကိစ္စ၊ ရုံးလုပ်ငန်းများအတွက် ကူညီပံ့ပိုး ရန် ပြင်ဆင် ထားရမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အာဆီယံ၏ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ တာဝန်အဖြစ်နှင့် အဖွဲ့ဝင် တာဝန် ၂ ရပ် လုံးကို ထိန်းညှိရမည်လည်း ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှု ၂ ပိုင်းရှိရာတွင် လူသား အရင်းအမြစ်ကဏ္ဍကို ဂျပန်အစိုးရနှင့် ဆာဆာကာဝါ ဖောင်ဒေးရှင်းတို့၏ အကူအညီလည်း ရယူပြီး Logistic (ထောက်ပံ့ပို့ဆောင်ရေး) အပိုင်းတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံ များ၏ အကူအညီများ ရယူပြင်ဆင်မှုများ လုပ်ဆောင် ထားသည်ဟု ဦးဇော်ေဋ္ဌးက ဧရာဝတီကိုပြောသည်။
ဆက်လက်ပြီး သူက နိုင်ငံတကာ ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်သည့်အခါ တရုတ်အပါအဝင် နိုင်ငံခြား တိုင်းပြည်များ၏ အကူအညီများ၏ အကူအညီများဖြင့် ၂၀၁၁ ခုနှစ်ကတည်းက တွဲလုပ်နေကြောင်း၊ ဂျပန်၊ သြစတြးလျ၊ အမေရိကန်၊ တရုတ် စသည့် နိုင်ငံများက အာဆီယံကို ဗဟိုပြု၍ ချည်းကပ်ဆောင်ရွက်နေမှုများ ရှိရာ အဆိုပါ ကိစ္စ များ အတွက်လည်း ကိုင်တွယ်ရမည့် ကိစ္စများအပေါ် စိန်ခေါ်မှုများ ရှိကြောင်းလည်း ဆိုသည်။
“ကျနော်တို့ နိုင်ငံက Leadership Role (ခေါင်းဆောင်မှု အခန်းကဏ္ဍ) မှာ မရှိတာ ကြာပြီ” ဟု ဦးဇော်ေဋ္ဌးက ဆို သည်။
ရန်ကုန်မြို့နေ သံတမန်ဟောင်း သခင်ချန်ထွန်းက မြန်မာအနေဖြင့် အဆိုပါ ရာထူးသည် နိုင်ငံအတွက် ဂုဏ်တက်စေ သည့် တာဝန်တခုဖြစ်ကြောင်း၊ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် အာရှနိုင်ငံ ထူထောင်ရန် ကြိုးစားခဲ့ ချိန်က ဒေသတွင်း နိုင်ငံများ၏ ယုံကြည် အားပေးထောက်ခံမှုမျိုး ပြည့်မီရန် လိုအပ်နေသေးကြောင်း ပြောသည်။
“ဗိုလ်ချုပ်တို့ခေတ်က အခြေအနေမျိုးတော့ ပြန်ပြီးတော့ မရောက်နိုင်သေးဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဂုဏ် သိက္ခာတော့ တက်တာပေါ့။ တဖက်ကလည်း ပြည်သူလူထုက လေးစားကြည်ညိုတဲ့ အစိုးရမျိုး ဖြစ်ဖို့လည်း ကြိုးစား ဖို့လိုတယ်” ဟု သခင်ချန်ထွန်းက ဆိုသည်။
ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် ပြည်တွင်းရေးကို နိုင်နင်းစွာ စီမံနိုင်မှု မပြည့်ဝသေးသည့်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်း ရွက်သည့် အခါ လစ်ဟာမှုများ ရှိမည်ကို စိုးရိမ်ကြောင်း ပြောသည်။
ယမန်နှစ်က စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း လက်ရှိအစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှုများသည် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
“ဒီပြဿနာတွေကို ရေတို၊ ရေရှည်စီမံကိန်းနဲ့ ဗျူဟာမြောက်ချည်းကပ်ပြီး ဖြေရှင်းနေတဲ့ ပုံစံမျိုးကို ကျနော်တို့အခုထိမတွေ့ရဘူးဗျ။ အခုက ငါးပွက်ရာ ငါးစာချ သလို မျိုးဖြစ်နေတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
ပြည်တွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် အရေးကြီးကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပွင့်ရေးကိစ္စ၊ ပြည်တွင်းရေး တည်ငြိမ်ရေး ကိစ္စများအပေါ် ဟန်ချက်ညီရန် ထိန်းညှိရမည် သဘောရှိကြောင်း ဦးမင်းဇင်က ဆိုသည်။
“အာဆီယံ၊ အရှေ့အာရှထိပ်သီး အစည်းအဝေးပွဲကြီးတွေ လုပ်မယ့်အချိန်မှာ မွတ်စလင်ဆန့်ကျင်ရေးတွေ အရှိန်တက်နေရင် ခက်တာပေါ့။ အဲဒီလို အချိန်မျိုးမှာ လူတွေက ဆန္ဒပြပွဲတွေ ဖြစ်နေမယ်ဆိုရင် အစိုးရအနေနဲ့က ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရမယ်”ဟု ဆိုသည်။
ဒေါက်တာ ရန်မျိုးသိမ်းက အာဆီယံ ဥက္ကဋ္ဌရာထူးကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်စရာ အကြောင်း အားနည်းနေသေးကြောင်းလည်း ယူဆသည်။
“ကျနော့်အမြင်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပိုင်းက ဒီလောက်ကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ ဒါပေမယ့် နိုင်ငံတကာရဲ့ မြန်မာပြည်သူတွေအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ ဖွံ့ဖြိုးတိုး တက်ရေးတို့ အထောက်အပံ့ အကူ အညီတွေကတော့ ပိုပြီးရလာလိမ့်မယ်လို့ မြင်တယ်”ဟု သူက ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေးဇုံ စီမံကိန်း အကောင်အထည်ဖော်ရန်လည်း ကြိုးပမ်းဆောင်ရွက် နေ သကဲ့သို့ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ဟန်ချက်ညီစေရေး အားကောင်းသော ဘဏ်စနစ်သည်လည်း ယခုထိမြန်မာနိုင်ငံ တွင် မရှိသေးပေ။
အီလက်ထရောနစ် ဘဏ်စနစ်နှင့် ဘဏ်ကတ်သုံးစွဲမှုသည် ယခုမှ စတင်ကျင့်သုံးခြင်း ဖြစ်ပြီး နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်သည့် ဘဏ်စနစ်လည်း ကောင်းစွာကျင့်သုံးနိုင်မှု မရှိသေးခြင်းသည် အာဆီယံ စီးပွားရေးဇုံ အတွက် မြန်မာအနေဖြင့် နောက်ထပ်စိန်ခေါ်မှုတခုလည်း ဖြစ်သည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အာဆီယံကို ကိုယ်စားပြုကာ နိုင်ငံတကာဆက်ဆံရေး မျက်နှာစာ ပိုပွင့်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ဝင်ထွက်မှုလည်း ပိုလာနိုင်ဖွယ် ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုစရာ နေရာများ အလုံအလောက်မရှိခြင်း၊ လျှပ်စစ်မီး လုံလောက်စွာ အချိန်ပြည့်မပေးနိုင်ခြင်း၊ အင်တာနက် ဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေး မြန်ဆန် လွယ်ကူ လုံခြုံမှု အားနည်းနေ သေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အားနည်းခြင်းများသည် စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်။
အာဆီယံနိုင်ငံများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံပြည်သူများ အချင်းချင်း နားလည်ရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးများအား သာမန် ပြည်သူများ သိရှိရန် မီဒီယာ၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း မစ္စတာ ကဝီချွန်ကစ်တာဗွန်က ထောက်ပြထားသည်။