Crime

နမ့်ခမ်းလူသတ်မှု ပြစ်ဒဏ်အပေါ် ကျေနပ်မှု မရှိကြ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်ဆေး ပြည်သူ့စစ်ခေါင်းဆောင်) ဦးကျော်မြင့်၏ တူဖြစ်ပြီး လူသတ်မှုဖြင့် အဖမ်းခံထားရသူ ရဲအောင်ထွေး (ခ) လီဖန် အပါအဝင် ၃ ဦးအား လားရှိုးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်သည့်အပေါ် တရားလိုမိသားစုက မကျေနပ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအိုက်ပေါင်း၏ မြေး၊ နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား စိုင်းအိုက်လိန် သေဆုံးမှုနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့က ရဲအောင်ထွေး၊ အိုက်ဆမ်နှင့် အားကျိတို့  ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပုံမှာ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် စိုင်းအိုက်လိန်နှင့် အဖွဲ့ကို ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ဝင်ထိုးရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်း စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ ပြင်ထန်စွာ ရခဲ့ကြောင်း၊ ထို့ကြောင့် ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် တရားခံများကို မူဆယ်ခရိုင်တရားရုံးတွင် ရုံးထုတ်စဉ် တရားခံ ၃ ဦး ထွက်ပြေးပြီး ၁ ဦး ပြန်လည်ဖမ်းဆီးရမိကြောင်း၊ ယခုနှစ် ဇွန်လဆန်းပိုင်းကလည်း တရားရုံးတွင် ပဋိပက္ခဖြစ်ပွားပြီး ရဲတဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စိုင်းအိုက်လိန်၏ ဖခင်ဖြစ်သူက “ကျနော်အနေနဲ့တော့ တရားခံတွေက ဓားနဲ့ မသေမချင်း ထိုးသတ်တာနဲ့ ပစ္စည်းလုယူတာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ပဲချလိုက်တယ်။ ဒါကတော့ မတရားဘူး။ ရဲဆီကနေ သေနတ်လုယူပြီး ရဲကို ပစ်သတ် ထွက်ပြေးတာတွေကိုတော့ အရေးမယူဘူး။ ကျနော်တို့ အနေနဲ့တော့ မကျေနပ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ စိုင်းအိုက်လိန်၏ ဦးလေးဖြစ်သူ ဦးကျော်လှကလည်း “ဒီကိစ္စကတော့ မကျေနပ်ဘူး။အခုတော့ ကျားဖြူပါတီရဲ့ ဗဟိုဌာနချုပ်ကို တင်ပြထားပါတယ်၊ နောက် ဘယ်လို ဆက်လုပ်မယ်ဆိုတာကို။ အခုက လူသတ်မှုပုဒ်မ ၃၀၂ နဲ့ ပစ္စည်းလုယက်မှု ပုဒ်မ ၃၂၆ နဲ့ပဲ စွဲဆိုထားပါပြီ။ ထောင်ဒဏ် ၁၀ နှစ်နဲ့ အလုပ်ကြမ်း ဆိုတာကတော့ နည်းလွန်းပါတယ်” ဟု ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသည့် မူဆယ်မြို့ ခံများကလည်း ပြစ်ဒဏ်ချမှတ်သည့်အပေါ် မကျေနပ်ကြောင်း၊ထွက်ပြေးမှုနှင့် ရဲအား သေနတ်ဖြင့် ပစ်သတ်မှုအား ထိန်ချန်ထားသည်ကို တွေ့ရကြောင်း ပြောကြသည်။

“ဒီအမှုကိုကြည့်ရင် တရားမျှတမှု မရဘူး။ လူသတ်မှု ပုဒ်မ ၃၀၂ က ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း ကျနိုင်ပါတယ်။ ပစ္စည်း လုယက်မှု ပုဒ်မ ၃၂၆ အရဆို ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်ကျနိုင်တယ်။ အခုဟာက လူသတ်မှုနဲ့ ပစ္စည်းလုယက်မှု ပေါင်းပြီး အမိန့်ချလိုက်တယ်။ ရဲတွေဆီက သေနတ်လုယက်မှုနဲ့ ထွက်ပြေးမှုကို ထိန်ချန်ထားသလိုပဲ” ဟု အဆိုပါအမှုကို စောင့်ကြည့်နေသည့် မူဆယ်မြို့ မှ အထက်တန်းရှေ့နေ တဦးက ပြောသည်။

Loading