ပြည်ထောင်စု စနစ်ကို “လိုလားနှစ်ချိုက်သူများ”နှင့် ဒီမိုကရေစီကို “မြတ်နိုးသူများ” အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိခိုက်စေသော အပြောအဆိုအပြုအမှုများ မပြုလုပ်ကြရန်နှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် စေတနာ၊ မေတ္တာများ ထားရှိဆောင်ရွက်ကြရန် အလေးအနက် ပန်ကြားမေတ္တာရပ်ခံလိုကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာလ ၂၄ ရက်နေ့က တင်ပြခဲ့သည်။
”ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ ဒေသစွဲ၊ လူမျိုးစွဲ ၊ ကိုးကွယ်တဲ့ ဘာသာတရားတွေ မထားဘဲနဲ့ အများအကျိုးစီးပွားအတွက် ဖြစ်ရပါမယ်။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် လွှတ်တော်တွင်းကနေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု သူရဦးရွှေမန်းက အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။
ယင်းသို့ ပြည်ထောင်စုလွှတ်တော် နာယက၏ ပြောဆိုချက်သည် လာမည့် နိုဝင်ဘာလတွင် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရေး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်မြင့်လာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လွှတ်တော်ကလည်း တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို လွှတ်တော်များ စတင်ပေါ်ပေါက်သော ကာလကပင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုရေးအတွက် တိုင်းရင်းသားအခွင့်အရေးစောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများတွင် လွှတ်တော်ကို ပါဝင်ခွင့်မပေးဘဲ နောက်ချန်ထားသည်ဟု သူရဦးရွှေမန်းနှင့် လွှတ်တော်ဘက်က ခံစားရှုမြင်နေသလောဟု လေ့လာစောင့်ကြည့်သူများကလည်း မေးခွန်းထုတ်လာနေသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကမူ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားလျက်ရှိသော နိုင်ငံများကို လေ့လာကြည့်ပါက လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးပွဲအဆင့်တွင် အစိုးရကသာဦးဆောင်လေ့ရှိပြီး နောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မှ လွှတ်တော်များက ပါဝင်ဆောင်ရွက်လေ့ရှိသောကြောင့် ယခု လက်ရှိအချိန်တွင် လွှတ်တော်၏ အခန်းကဏ္ဍလိုအပ်သည်ဟု မပြောနိုင်သေးကြောင်း ပြောသည်။
”ဝန်ကြီးဦးအောင်မင်းတို့နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပြီးလို့ရှိရင်တော့ Political Dialogue ကိုရောက်လာတဲ့အခါမှာ လွှတ်တော်အပြင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အစိုးရ၊ တပ်မတော်အားလုံးပါဝင်တဲ့ All Inclusive Political Dailogue လုပ်ပါ့မယ်လို့ နိုင်ငံတော်သမ္မတက ပြောထားတဲ့အတွက် သေချာပေါက် လွှတ်တော်လည်း ပါလာပါလိမ့်မယ်”ဟု ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောဆိုသည်။
အစိုးရက လတ်တလော ယခုလကုန်ပိုင်း ကချင်ပြည်နယ် လိုင်ဇာတွင် ပြုလုပ်မည့် တိုင်းရင်းသားများ နိုင်ငံရေးဆွေးနွေးဖလှယ်ပွဲကို သဘောတူလက်ခံထားပြီး ယင်းဆွေးနွေးပွဲအပြီး တိုင်းရင်းသားခေါင်းဆောင်များက နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြစ်ကြီးနားမြို့၌ တွေ့ဆုံပြီး နှစ်ဘက် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ဆိုသည်။
”ကျနော်တို့ ကြားသိထားတာက UNFC ဘက်ကလည်း Draft တခုရှိတယ်။ KNU ၊ RCSS နဲ့ တိုင်းရင်းသားပညာရှင် အချို့ကလည်း ဆွေးနွေးမယ့် Draft ရှိတယ်။ ဆွေးနွေးမယ့် Draft နှစ်ခုကို ကိုင်စွဲပြီးတော့ ညှိနှိုင်းနိုင်တယ်လို့ ကျနော်တို့ မှတ်ယူထားတယ်။ သူတို့ညှိနှိုင်းပြီးရင်တော့ နိုဝင်ဘာ ၂ ရက်နေ့မှာ သူတို့မြစ်ကြီးနားကို လာလိမ့်မယ်။ ဝန်ကြီးဦးအောင်မင်းတို့နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်ပါလိမ့်မယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။
ထိုကဲ့သို့ ဝန်ကြီးဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ နှစ်ဘက်ဆွေးနွေးမှု အပြီးတွင် သဘောတူညီချက် တစုံတရာရရှိခဲ့ပါက နိုဝင်ဘာလကုန်ပိုင်းတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခု လုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဦးလှမောင်ရွှေက ပြောဆိုသည်။
လက်ရှိအချိန်တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိပြီး ၁၄ ဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည်။
သူရ ဦးရွှေမန်းသည် ဇွန်လအတွင်းမှစပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းစေကာ အစိုးရ၏ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု ဖြစ်စဉ်တွင် လွှတ်တော်ရဲ့ အခန်းကဏ္ဍကို မြင့်တင်နိုင်ရေး ကြိုးပမ်းခဲ့သေးသည်။
ပြည်တွင်းငြိမ်းရေးရေးဖော်ဆောင်မှု ဗဟိုကော်မတီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဥက္ကဋ္ဌ တာဝန်ရယူထားပြီး လွှတ်တော်ဥက္ကဋ္ဌများက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ဗဟိုကော်မတီ လက်အောက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတွင် ဒုတိယ သမ္မတ ၁ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌ တာဝန်ရယူထားပြီး ဒုတိယ ဥက္ကဋ္ဌများအဖြစ် လွှတ်တော်ဘက်မှ ကိုယ်စားလှယ်မှာ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ဦးသိန်းဇော်၊ အစိုးရကိုယ်စားလှယ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်ဘက်မှ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်သည်။