အမေရိကန်နိုင်ငံ အခြေစိုက် Global Fund For Women အဖွဲ့ကြီးက ကမ္ဘာ တဝန်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကို ဂုဏ်ပြုဖို့ ရွေးချယ်ရာမှာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ(WLB) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို ပါဝင်ကြောင်း သိရပါတယ်။
ကမ္ဘာ့ အမျိုးသမီးရေးရာတွေနဲ့ ပတ်သက်ပြီး ကူညီ ထောက်ပံ့မှုတွေ ပေးနေတဲ့ Global Fund For Women က လုပ်ဖော် ကိုင်ဖက် တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေကို ၅ နှစ် တကြိမ် ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပ ပါတယ်။
အခု လာမယ့် ၂၅ နှစ်မြောက် အခမ်းအနားအတွက် ဒေါ်တင်တင်ညို အပါအဝင် ကိုလံဘီယာ နိုင်ငံသူ Karmen Ramírez Boscán နဲ့ နိုင်ဂျီးရီးယား နိုင်ငံသူ Ndidi Nwuneli တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။
“Global Fund For Women က ကျမတို့ကို ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့ပါ၊ ကျမတို့ရဲ့ လုပ်ငန်း အောင်မြင်မှုတွေအပေါ် အသိအမှတ်ပြုပြီး ဂုဏ်ပြုတဲ့သဘောပါပဲ၊ ကျမကိုဂုဏ်ပြုတယ်ဆိုပေမယ့် အဓိက ကတော့ WLB အတွက်ပါပဲ”လို့ ဒေါ်တင်တင်ညို က ဧရာဝတီကို ပြောပါတယ်။
Global Fund For Women ရဲ့ ၂၅ နှစ်မြောက် ဂုဏ်ပြုပွဲကို အခုနှစ်အတွင်းမှာပဲ ၂ နေရာခွဲ ကျင်းပကြောင်း သိရပြီး ပထမ အကြိမ် ကိုတော့ ပြီးခဲ့တဲ့ ဧပြီလက နယူးယောက်မြို့မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ အမျိုးသမီးအဖွဲ့တွေအနေနဲ့ Global Fund For Women က ဂုဏ်ပြုတဲ့တဲ့ အခမ်းအနားတွေကို ပထမဆုံး ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် ၂၅ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကတော့ ဒီလ ၃၀ ရက်နေ့ဖြစ်ပြီး အမေရိကန် နိုင်ငံ ဆန်ဖရန် စစ္စကို မြို့မှာ ကျင်းပမယ်လို့ ကြေညာ ထားပါတယ်။
အဲဒီ အခမ်းအနားကို ၂၀၁၁ ခုနှစ် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် လိုက်ဘေးရီးယား နိုင်ငံသူ Leymah Gbowee ၊ တောင်အာဖရိက နိုင်ငံ က ကမ္ဘာ့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အမှုဆောင် ဒါရိုက်တာ Phumzile Mlambo-Ngcuka ၊ အမေရိကန် နိုင်ငံ နိုင်ငံတကာ အမျိုးသမီးရေး ဆိုင်ရာ သံတမန် Melanne S. Vervee နဲ့ ချီလီ နိုင်ငံက နိုင်ငံတကာ ဆုတွေ ရရှိထားတဲ့ အမျိုးသမီး စာရေးဆရာမ Isabel Allende တို့လည်း တက်ရောက်မယ်လို့ သိရပါတယ်။
ဂုဏ်ပြုဖို့အတွက် ရွေးချယ်ခံထားရသူတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး၊ အမျိုးသမီး စွမ်းရည်မြင့်တင်ရေးနဲ့ အမျိုးသမီးတွေ ဦးဆောင်နိုင်မှု အားကောင်းလာစေရန် စွမ်းဆောင်နိုင်မှုတွေကို လေ့လာပြီး ရွေးချယ် တာလို့ ဆိုပါတယ်။
“ကျမတို့ကြတော့ ဒီအမျိုးသမီးအရေးကိစ္စမှာ ကိုယ်တိုင်က ခံယူချက်ရှိရှိနဲ့ လုပ်လာတဲ့အခါကြတော့ ဒီလိုအသိအမှတ်ပြုတယ်၊ မပြုဘူးဆိုတာကတော့ ဒီလောက်အထိ မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်တွေရဲ့လုပ်ဆောင်ချက်တွေ၊ ကျမတို့ အဖွဲ့အစည်းတွေရဲ့ လုပ် ဆောင်ချက်တွေ အပေါ်မှာ အသိအမှတ်ပြု အလေးထားပြီး အခုလို ဂုဏ်ပြုတဲ့အတွက် ရှေ့ဆက်လုပ်ရမှာတွေ အတွက် ခွန်အား တော့ဖြစ်တာပေါ့”လို့ ဒေါ်တင်တင်ညို က ရှင်းပြပါတယ်။
ဒေါ်တင်တင်ညို ဟာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့မှာ ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသမီး အခွင့်အရေးတွေကို စတင် ဝင်ရောက် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
နောက်ပိုင်း WLB မှာလည်း မြန်မာ စစ်အစိုးရ လက်ထက်နဲ့ လက်ရှိ အစိုးရ အချိန်ထိ မြန်မာနိုင်ငံက အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုတွေမှာ ပိုမိုပါဝင်လာဖို့အတွက် အမျိုးသမီးအခွင့်အရေးနဲ့ နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေးတွေ လှုပ်ရှား ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
WLB အနေနဲ့ ၂၀၀၈ ခုနှစ်ထဲမှာ အမေရိကန်နိုင်ငံ The National Democratic Institute (NDI) အဖွဲ့က ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက် ကြိုးပမ်းသူတွေကို ဂုဏ်ပြုတဲ့ Madeleine K. Albright Grant ဆုကို ချီးမြှင့်ခံခဲ့ရဖူးပါတယ်။ တနှစ်တည်းမှာပဲ အဲဒီ NDI က ပေးတဲ့ဆုကို ကမ္ဘာ့ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရီက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကလည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၀၅ ခုနှစ်ထဲမှာလည်း အမေရိကန်အခြေစိုက် Peter Gruber Foundation ကချီးမြှင့်တဲ့ ၂၀၀၅ ခုနှစ် Gruber Women’s Rights Prize ဆုကို ရှမ်း အမျိုးသမီးရေးရာ ပူးပေါင်း ဆက်သွယ် ဖလှယ်ရေးအဖွဲ့ (SWAN) နဲ့ အတူ ပူးတွဲရရှိခဲ့ပါတယ်။