ယှဉ်ပြိုင်မှုရှိသည့် အာဏာရှင်စနစ် ပေါ်ထွန်းခြင်း (၁)

စတီဗင် လီဗစ်စကီး နှင့် လူကန်၊ အေ၊ ဝေး

This article has been converted from Zawgyi One to Unicode

စစ်အေးခေတ်လွန်ကမ္ဘာဟာ စပ်ကျားနိုင်ငံရေးစနစ် (Hybrid Political Regime) တွေ အပြိုင်းအရိုင်း ပေါ်ထွန်းလာမှုကို မြင်တွေ့ရတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကတိုက် နိုင်ငံအတော်များများ (ဂါနာ၊ကင်ညာ၊ မိုဇမ်ဘစ်ခ်၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ)၊ ကွန်မြူနစ်ခေတ်လွန် ယူရေးရှား (အယ်လ်ဘေးနီးယား၊ ခရိုအေးရှား၊ ရုရှား၊ဆားဗီးယား၊ ယူကရိန်း) နဲ့ လက်တင်အမေရိက (ဟေတီ၊ မက္ကဆီကို၊ ပါရာဂွေး၊ ပီရူး)၊ အာရှ (မလေးရှား၊ ထိုင်ဝမ်) တို့မှာရှိတဲ့ နိုင်ငံရေးစနစ်တွေဟာ ဒီမိုကရေစီနည်းကျတဲ့ စည်းမျဉ်းတွေကို အာဏာရှင်ဆန်တဲ့ စီမံအုပ်ချုပ် နည်းစနစ်တွေနဲ့ နည်းလမ်းအသွယ်သွယ်၊ ရေချိန်အမျိုးမျိုးမှာ ပေါင်းစပ်ခဲ့ကြတယ်။ ပညာရပ်ဆိုင်ရာ လေ့လာလိုက်စားသူတွေကတော့ အဲဒီလိုမျိုး အုပ်ချုပ်ရေး ယန္တရားတွေကို အပြည့်အဝမဟုတ်တဲ့ ဒီမိုကရေစီ ဒါမှမဟုတ် ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းနေတဲ့ ပုံစံတွေအသွင် ရှုမြင်ကြတယ်။

ဒါပေမယ့်လည်း ဖြစ်ရပ် တော်တော်များများကိုကြည့်ရင် အဲဒီ မျှော်မှန်းထားချက်တွေ (ဒါမှမဟုတ် မျှော်လင့်ထားချက်တွေ) ဟာ အလွန်ကို အကောင်းမြင်ရုံပဲ ဆိုတာလည်း တွေ့ခဲ့ရပြီးပါပြီ။ အထူးသဖြင့် အာဖရိကနဲ့ ယခင် ဆိုဗီယက် ပြည်ထောင်စုဟောင်းတို့မှာ ဆိုရင် အုပ်ချုပ်ရေးစနစ် အများအပြားဟာ စပ်ကျားအနေနဲ့ပဲ ဆက်ရှိချင်ရှိ၊ ဒါမှမဟုတ် အာဏာရှင် လမ်းကြောင်းဘက်ဆီ ဦးတည်သွားတာမျိုးပဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စဉ်းစားခြင်းကို ရပ်တန့်ပြီး သူတို့ရဲ့ တကယ့် သရုပ်သကန်အမှန်က ဘာလဲဆိုတာကို လေ့လာ စဉ်းစားရမယ့်အချိန်ပဲလို့ ဆိုပါရစေ။

အဲဒီ စပ်ကျားအစိုးရ ပုံစံတွေရဲ့  အရေးကြီးမှုကို မကြာသေးမီနှစ်များအတွင်း ပညာရှင်အတော်များများက ထောက်ပြခဲ့ကြပါတယ်။ တကယ်လည်း အဲဒီလိုမျိုး အရောအနှော နိုင်ငံရေးပုံစံတွေနဲ့ ပတ်သက်လို့ ခေါင်းစဉ် အမျိုးမျိုး ပေးကြတာကို မကြာသေးမီ ကာလများအတွင်း ပညာရပ်ဆိုင်ရာ အရေးအသားတွေမှာ တွေ့ရပါတယ်။ အဲဒါတွေထဲမှာ ခုနကပြောတဲ့ “စပ်ကျားနိုင်ငံရေးစနစ်” ဆိုတာအပြင် “တစိတ်တပိုင်း ဒီမိုကရေစီ (Semi-democracy)”၊ “အယောင်ပြ ဒီမိုကရေစီ (Virtual Democracy)”၊ “ရွေးကောက်ပွဲ သက်သက် ဒီမိုကရေစီ (Electoral Democracy)”၊ “ဒီမိုကရေစီအတု (Pseudo-democracy)”၊ “လစ်ဘရယ်မကျတဲ့ ဒီမိုကရေစီ (Illiberal Democracy)”၊ “တစိတ်တပိုင်း အာဏာရှင်စနစ်       (Semi-authoritarianism)”၊ “ပျော့ပြောင်းတဲ့ အာဏာရှင်စနစ် (Soft Authoritarianism)”၊ “ရွေးကောက်ပွဲနဲ့ ရွေးတဲ့ အာဏာရှင်စနစ် (Electoral Authoritarianism)” ဆိုတာတွေနဲ့ နိုင်ငံတကာ လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့ Freedom House ရဲ့ အသုံးဖြစ်တဲ့ “တစိတ်တပိုင်း လွတ်လပ် (Partly Free)” ဆိုတာတွေအထိ ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီ ရေးသားချက်တွေမှာ အရေးကြီးတဲ့ အားနည်းချက် နှစ်ရပ် ရှိနေပါတယ်။

ပထမတခုက လေ့လာမှု တော်တော်များများမှာ တွေ့ရတဲ့ ဒီမိုကရေစီ ဘက်လိုက်မှုပါပဲ။ သုံးသပ်ချက်တွေကိုကြည့်ရင် ပုံစံအရော အစိုးရစနစ်တွေကို တစိတ်တပိုင်း သို့မဟုတ် “အားပျော့” ဒီမိုကရေစီ ပုံစံတွေအဖြစ် ရှုမြင်ကြတာ၊ ဒါမှမဟုတ်

ရှည်လျားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအဖြစ် ရှုမြင်ကြတာကို တွေ့ရပါတယ်။ ဒါတွေအရ ကောက်ချက်ချလို့ ရတာက အဲဒီဖြစ်စဉ်တွေဟာ နောက်ဆုံး ဒီမိုကရေစီစနစ်ဆီမှာ အဆုံးသတ်သွားမယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမယ့် ဂျက်ဖရီဟာ့ဘ် နဲ့ သောမတ် ကာရိုးသားစ် တို့နှစ်ဦးစလုံး မကြာသေးမီက ချပြခဲ့သလို ပြောရရင် အဲဒီအဆိုဟာ မဟုတ်ပါဘူး။

တချို့သော စပ်ကျားနိုင်ငံရေးပုံစံတွေ (မက္ကဆီကို၊ ဆီနီဂေါနဲ့ ထိုင်ဝမ်) ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်း သွားကြပေမယ့် တခြားသော နိုင်ငံတွေ (အဇာဘိုင်ဂျန်၊ ဘယ်လာရုစ်) ကတော့ လုံးဝကို ပြတ်ပြတ်သားသား အာဏာရှင် စနစ်ဘက်ကို ဦးတည်သွားခဲ့ကြပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ ဒီအတိုင်း တည်ငြိမ်နေတာပဲဖြစ်ဖြစ် လားရာအမျိုးမျိုးဘက်ကို ဦးတည်သွားတာပဲဖြစ်ဖြစ် တွေ့ရမှာပါ (ဥပမာ – မလေးရှား၊ ရုရှား၊ ယူကရိန်း၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ)။ “အသွင်ကူးပြောင်း” ဆိုတဲ့စကားရဲ့ ရှေ့မှာ ဒီမိုကရေစီသို့သာပဲ ဖြစ်ရမယ်ဆိုတဲ့ အလိုလျောက် နားလည်မှုဟာ လွဲနေပါတယ်။

ဒုတိယအနေနဲ့ “တစိတ်တပိုင်း ဒီမိုကရေစီ” တို့၊ “တစိတ်တပိုင်း အာဏာရှင်စနစ်” တို့၊ “တစိတ်တပိုင်း လွတ်လပ်” တို့ ဆိုတဲ့ ဝေါဟာရတွေနဲ့ ပတ်သက်လို့ ဒါတွေဟာ စနစ်ဟောင်းရဲ့ အကြွင်းအကျန်တွေ ပါနေသေးတဲ့ပုံစံတွေကို ခေါ်ဝေါ်ခြင်းပဲ လို့သာ မြင်ကြပြီး နိုင်ငံရေးစနစ်မျိုးကွဲတွေ အကြားက မတူညီမှုတွေကိုတော့ သမန်ကာလျှံကာ သဘောထားချင်ကြတဲ့ သဘောဖြစ်ပါတယ်။

ဥပမာပြောရရင် အယ်လ်ဆာဗေးဒိုး၊ လတ်ဗီးယားနဲ့ ယူကရိန်းတို့ အားလုံးဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက စပ်ကျား နိုင်ငံရေးစနစ် ပုံစံတွေပဲဖြစ်ပြီး ၁၉၉၂-၉၃ အတွက် Freedom House အဖွဲ့က သတ်မှတ်ချက်အရ နိုင်ငံရေးအခွင့်အရေးနဲ့ အရပ်သားလွတ်လပ်မှု အပိုင်းတွေမှာ ရမှတ် ၆ မှတ် ကိုယ်စီရရှိခ့ြဲကတဲ့ နိုင်ငံတွေပါ။ ဒါပေမယ့် သူတို့ကိုကြည့်ရင် အခြေခံကျကျကိုပဲ မတူတဲ့အပိုင်းတွေ ရှိပါတယ်။ လတ်ဗီးယားရဲ့ အခြေခံကျကျ ဒီမိုကရေစီ မဆန်တဲ့ အချက်က ရုရှားမျိုးနွယ်တွေကို နိုင်ငံသား အခွင့်အရေး မပေးခြင်းဖြစ်ပြီး အယ်လ်ဆာဗေဒေါရဲ့ အဓိက ဒီမိုကရေစီ မဆန်တဲ့ အချက်က လူ့အခွင့်အရေးကို တိတိပပ ချိုးဖောက်ခြင်းနဲ့ စစ်တပ်အပေါ်မှာ အရပ်ဘက်က ထိန်းချုပ်ထားနိုင်မှု မရှိခြင်းတို့ပါပဲ။ ယူကရိန်းမှာတော့ အားလုံးကို နိုင်ငံသားအခွင့်အရေး ပေးခြင်းလည်းရှိသလို စစ်တပ်အပေါ်ကိုလည်း အရပ်ဘက်က သြဇာညောင်းတယ်။ ဒါပေမယ့် အရပ်သား လွတ်လပ်ခွင့်တွေကို မကြာခဏ ချိုးဖောက်တာတွေရှိပြီး အာဏာ လက်ဝယ် ရှိထားသူတွေကလည်း ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေအပေါ် အလွဲသုံးစားလုပ်တာ၊ ကြိုးကိုင် ခြယ်လှယ်တာတွေ ရှိခဲ့ပါတယ်။

ဒီတော့ ပြန်ကောက်ရရင် အထက်ပါ ဥပမာ ၃ ခုစလုံးကို “စပ်ကျား”၊ “တစိတ်တပိုင်း ဒီမိုကရေစီ” ဒါမှမဟုတ် “တစိတ် တပိုင်း လွတ်လပ်” လို့ ခေါင်းစဉ်တပ်နိုင်တယ် ဆိုပေမယ့်လည်း အဲဒီခေါင်းစဉ်တွေဟာ အရေးကြီးတဲ့ ကွဲပြားခြားနားချက်တွေကို ဖုံးကွယ်ထားပါတယ်။ အဲဒီ ကွဲပြားချက်နားချက်တွေဟာ မတူညီတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်လောက်တဲ့ အဓိက အကြောင်းရင်းခံတွေလည်း ဖြစ်နိုင်ပါတယ်။ အာဏာရှင်နဲ့ ဒီမိုကရေစီစနစ်တို့ရဲ့ လက္ခဏာရပ်တွေကို ပုံစံအမျိုးမျိုးနဲ့ ရောစပ်ခြင်းမှာ သိသာတဲ့ သမိုင်းအရင်းခံတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေး အခြေအနေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အလားအလာကောင်းတွေ အတွက်လည်း အဖြေအမျိုးမျိုး ထွက်နိုင်ပါတယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ရဲ့ ဖွင့်ဆိုချက်

ဒီဆောင်းပါးမှာတော့ စပ်ကျားအုပ်ချုပ်ရေး စနစ်ပုံစံတမျိုးဖြစ်တဲ့ “ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ် (Competitive)

authoritarianism)” ကို လေ့လာသုံးသပ်မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်တွေမှာ ဆိုရင် ပုံစံတကျ သတ်မှတ်ထားတဲ့ ဒီမိုကရေစီကျင့်ထုံးတွေဟာ နိုင်ငံရေး အာဏာကို ရယူဖို့နဲ့ ကျင့်သုံးဖို့အတွက် တခုတည်းသော နည်းလမ်းတွေအဖြစ် လက်ခံကြတယ်။ ဒါပေမယ့် အာဏာရ အစိုးရအဖွဲ့တွေဟာ အဲဒီ စည်းမျဉ်း စည်းကမ်းတွေကို မကြာခဏ ချိုးဖောက်ကြတယ်။

ဒီမိုကရေစီအတွက် အနိမ့်ဆုံး ကြမ်းခင်း သတ်မှတ်ချက်တွေကိုတောင် မပြည့်မီဘူးလို့ ဆိုရလောက်တဲ့ ပမာဏအထိ ချိုးဖောက်ကြတယ်။ သာဓကတွေပြောရရင် ဖရန်ဂျို တုဂျ်မန် လက်ထက် ခရိုအေးရှား၊ ဆလိုဘိုဒန် မီလိုဆီဗစ်လက်ထက် ဆာဘီးယား၊ ဗလာဒီမီယာ ပူတင် လက်ထက် ရုရှား၊ လီယိုနစ်ကရာဗ်ချု နဲ့ လီယိုနစ်ကုချ်မာ လက်ထက် ယူကရိန်း၊ အယ်လ်ဘာတို ဖူဂျီမိုရီ လက်ထက် ပီရူးနဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်း ဟေတီ တို့အပြင် ၁၉၉၀ ပြည့်နှစ်များကာလက အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ ဂါနာ၊ ကင်ညာ၊ မလေးရှား၊ မက္ကဆီကိုနဲ့ ဇမ်ဘီယာတို့ပါပဲ။ အဲဒီ နိုင်ငံရေး စနစ်ပုံစံတွေကို ပညာရှင်တွေက တစိတ်တပိုင်း ဒါမှမဟုတ် “အားပျော့” ဒီမိုကရေစီပုံစံတွေအဖြစ် ဝိဂြိုဟ် ပြုကြပေမယ့် သူတို့ဟာ “အားပျော့” အာဏာရှင်စနစ်လို့ သုံးနှုန်းရင် ပိုကောင်းပါလိမ့်မယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ကို ဒီမိုကရေစီနဲ့ရော အာဏာရှင်စစ်စစ် စနစ်တွေကပါ ခွဲထုတ်ကြည့်ဖို့ လိုအပ်မယ် ခေတ်သစ် ဒီမိုကရေစီစနစ်တိုင်းဟာ အနိမ့်ဆုံး လိုအပ်ချက် ၄ ရပ်စလုံးနဲ့တော့ ကိုက်ညီကြတာပဲ။ (၁) အားလုံး ပါဝင်နိုင်တဲ့၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကနေတဆင့် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး လုပ်မယ့်သူတွေကို ရွေးကောက်တင်မြှောက်ကြတယ်။ (၂) အရွယ်ရောက်ပြီးသူ အားလုံးနီးပါးဟာ မဲပေးပိုင်ခွင့်ရရှိကြတယ်။ (၃) နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ (စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ အရေးယူမှု ကင်းလွတ်စွာနဲ့ အစိုးရအပေါ် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တွေ အပါအဝင်) အရပ်ဘက် လွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးထားတယ်။ (၄) ရွေးကောက် တင်မြှောက်လိုက်သူ အားလုံးဟာ စစ်တပ်နဲ့ ဘာသာရေး ခေါင်းဆောင်ပိုင်းရဲ့ ဝင်ရောက် ထိန်းကျောင်းမှုမခံရဘဲ အမှန်တကယ် စီမံအုပ်ချုပ်ခွင့်အာဏာကို ပိုင်ဆိုင်ကြတယ်။

တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ်တွေမှာ တခါတရံ ခုနကပြောတဲ့ အချက် ၄ ချက်အနက် တချက်ချက်ပဲ ဖြစ်ဖြစ်၊ တချက်ထက် မကဘဲဖြစ်ဖြစ် ချိုးဖောက်ကောင်း ချိုးဖောက်မှာဖြစ်ပေမယ့် အဲဒီလို ချိုးဖောက်တာဟာ ကျယ်ကျယ် ပြန့်ပြန့် မရှိသလို စနစ်တကျ ချိုးဖောက်တာလည်း မဟုတ်တဲ့အတွက် လက်ရှိ အစိုးရအဖွဲ့တွေအတွက် ဒီမိုကရေစီဆိုင်ရာ စိန်ခေါ်မှုတွေတော့ ပေါ်လာမှာ မဟုတ်ပါဘူး။ တနည်းပြောရရင် အဲဒီလို ချိုးဖောက်မှုတွေဟာ အစိုးရနဲ့ အတိုက်အခံကြားက ကစားကွင်းကိုတော့ လုံးဝဥဿုံ ပြောင်းလဲပစ်လိုက်စရာ မရှိပါဘူး။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေကို ကြည့်ရင်တော့ အထက်ပါ အချက်တွေကို ချိုးဖောက်မှုတွေဟာ ပိုပြီးတော့ အကြိမ်ရေများပြီး ပိုလည်း အရေးတယူ ထားလောက်တာမို့ အစိုးရနဲ့ အတိုက်အခံကြား ဘက်မညီတဲ့ ကစားကွင်းကို ဖြစ်စေတယ်။ ရွေးကောက်ပွဲတွေကို ပုံမှန်ကျင်းပပေးပြီး မသမာမှု အကြီးအကျယ်မရှိပေမယ့် အာဏာရအစိုးရတွေဟာ နိုင်ငံပိုင် အရင်းအမြစ်တွေကို အလွဲသုံးစားလုပ်တာ၊ အတိုက်အခံတွေကို လုံလောက်တဲ့ မီဒီယာ ရယူခွင့်မပေးတာ၊ အတိုက်အခံဘက်က ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို နှောင့်ယှက်တာအပြင် တချို့ဖြစ်ရပ်တွေမှာဆိုရင် ရွေးကောက်ပွဲ ရလဒ်ကိုတောင် ကြိုက်သလိုဖြစ်အောင် ကြိုးကိုင် ထိန်းချုပ်တာတွေ ရှိပါတယ်။ သတင်းသမားတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ အစိုးရကို ဝေဖန်သူတွေအနေနဲ့ စောင့်ကြည့် ထောက်လှမ်းခြင်း ခံရမယ်၊ ခြိမ်းခြောက် ခံရမယ်၊ နှောင့်ယှက်ခံရမယ်၊ သို့မဟုတ် အဖမ်းခံရမယ်။ အတိုက်အခံပါတီ အဖွဲ့ဝင်တွေ အနေနဲ့လည်း ထောင်ချခံရတာ၊ ပြည်နှင်ဒဏ် အပေးခံရတာ၊ နောက်ပြီး အတွေ့ရနည်းပေမယ့် အတိုက်ခိုက် ခံရတာမျိုး အသတ်ခံရတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။ အဲဒီလို လက္ခဏာရပ်တွေ ရှိနေတဲ့ နိုင်ငံရေးစနစ်တွေကိုတော့ ဒီမိုကရေစီလို့ ခေါ်လို့မရနိုင်ပါဘူး။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မျိုးကို မတည်ငြိမ်တဲ့၊ မထိရောက်တဲ့၊ ဒါမှမဟုတ် ချို့ယွင်း အားနည်းမှု ရှိပေမယ့် ဒီမိုကရေစီ အခြေခံစံချိန်တွေ ပြည့်မီတဲ့ အစိုးရမျိုးနဲ့ မရောထွေးသွားဖို့ လိုပါတယ်။ အဲဒီလို အစိုးရတွေက ဂီလာမိုအို ဒွန်နယ် (Guillermo O’Donnell) ရဲ့  အသုံးအတိုင်းပြောရရင် “ကိုယ်စားလှယ် ဒီမိုကရေစီ (Delegative democracy)” တွေပါ။ ယှဉ်ပြိုင်မှုရှိတဲ့ အဲဒီကိုယ်စားလှယ် ဒီမိုကရေစီတွေဟာ အိုဒွန်နယ် အဆိုအရ အလျားလိုက် တာဝန်ခံမှု (အပြန်အလှန် ထိန်းကျောင်းမှု) ရေချိန်နိမ့်တယ်။ ဒါကြောင့် အင်အားကောင်းတဲ့၊ တိုက်ရိုက် ဒီမိုကရေစီဆန်တဲ့၊ အခါအားလျော်စွာ အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဖြစ်ပေါ်စေတယ်။ ဒီလိုဆိုပေမယ့်လည်း အဲဒီလို အစိုးရစနစ်တွေဟာ ဒီမိုကရေစီရဲ့  အနိမ့်ဆုံးစံချိန် သတ်မှတ်ချက်နဲ့ ကိုက်ညီသေးတယ်။ ကိုယ်စားလှယ် ဒီမိုကရေစီစနစ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အာဂျင်တီးနားနဲ့ ဘရာဇီးနိုင်ငံတွေ၊ နောက်ပြီး ဖူဂျီမိုရီရဲ့ ၁၉၉၂ ခုနှစ် သမ္မတအာဏာသိမ်းမှု မတိုင်ခင်က ပီရူးနိုင်ငံတို့မှာ တွေ့ရတယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေဟာ ဒီမိုကရေစီ မစစ်ဘူးဆိုရင် သူတို့ဟာ အာဏာရှင်လည်း မစစ်ဘူးလို့ ဆိုရမယ်။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာဆိုရင် လက်ရှိ အာဏာရထားသူတွေဟာ စံကိုက် ဒီမိုကရေစီ စည်းမျဉ်းတွေကို ထိန်းချုပ်တာ၊ ကြိုးကိုင်တာရှိပေမယ့် သူတို့ကို လုံးဝ ဖယ်ရှားပစ်တာ၊ ဒါမှမဟုတ် သာမန် ရုပ်ပြအဆင့်လောက်အထိ လျှော့ချပစ်တာတော့ မလုပ်နိုင်ကြဘူး။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို ပြောင်ကျကျ ချိုးဖောက်တာမျိုး မလုပ်နိုင်ပေမယ့် (ဥပမာ အတိုက်အခံနဲ့ မီဒီယာကို ပိတ်ပင်တာ၊ ဖိနှိပ်တာ) အာဏာလက်ရှိ ရထားသူတွေဟာ လာဘ်ထိုးတာ၊ အဖွဲ့ဝင်ခိုင်းတာ၊ သိမ်မွေ့တဲ့နည်းနဲ့ နှိပ်ကွပ်ပစ်တာ (ဥပမာ – အခွန် အရာရှိတွေ၊ ခိုင်းတာလုပ်မယ့် တရားရေးဝန်ထမ်းတွေ၊ တခြားသော နိုင်ငံတော် လက်ကိုင်အဖွဲ့တွေကို သုံးပြီး “တရားဥပဒေနဲ့အညီ” ဝေဖန်သူတွေကို နှောင့်ယှက်တာ၊ နှိပ်ကွပ်တာ၊ သူတို့ဆီက ပူးပေါင်းဆောင်ရွက်မှု ရလာအောင် ဖိအားပေးတာ) တွေကို ပိုပြီး တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အာဏာ လက်ကိုင်ထားသူတွေဘက်က အလေးသာနေခဲ့တယ် ဆိုရင်တောင်မှ အဓိပ္ပာယ်ရှိတဲ့ ဒီမိုကရေစီကျင့်ထုံးတွေ ရှိနေခြင်းဟာ အတိုက်အခံ အင်အားစုတွေဘက်က ထိရောက်တဲ့ စိန်ခေါ်မှုတွေ ပေးနိုင်မယ့် နေရာတွေကို ဖန်တီးပေးတယ်။ ဒါရဲ့ ရလဒ်အနေနဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေဟာ ဆိုးဆိုးရွားရွား ချို့ယွင်းနေခဲ့ရင်တောင် အာဏာရှင် အစိုးရရော၊ အတိုက်အခံတွေရော အဲဒီ ကျင့်ထုံးတွေနဲ့ ပတ်သက်ပြီး အလေးအနက်ထားဖို့ လိုတယ်။

ဒီသဘောအရ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဟာ “ရုပ်ပြဆန်တဲ့” အရွေးကောက်ခံ အစိုးရစနစ် (ရွေးကောက်မှုနဲ့ ဆိုင်တဲ့ အလေ့အထတွေ ရှိနေပေမယ့် အာဏာအတွက် အမှန်တကယ် ယှဉ်ပြိုင်ကြတဲ့ အနေအထား မထွက်ပေါ်တဲ့ နိုင်ငံတွေ ဥပမာ – အီဂျစ်၊ စင်ကာပူနဲ့ ၁၉၉၀ ပြည့်လွန်နှစ် ကာလက ဥဇဘက်ကစ္စတန်) တွေနဲ့ မတူဘဲ သိသိသာသာ ကွဲတယ်ဆိုတာ ပေါ်လွင်တယ်။ အဲဒီလို နိုင်ငံရေးစနစ်မျိုးကို “ဒီမိုကရေစီ အတု”၊ “အရိပ်အယောင် ဒီမိုကရေစီ”၊ “ရွေးကောက်ပွဲရှိတဲ့ အာဏာရှင်” အုပ်ချုပ်ရေးစနစ်မျိုးလို့ ခေါ်ဝေါ် သုံးစွဲကြတာရှိတယ်။ ကျနော်တို့ အမြင်မှာတော့ အဲဒါတွေဟာ တင်းပြည့်ကျပ်ပြည့် အာဏာရှင်စနစ် ဖြစ်ရပ် သာဓကတွေပဲ ဖြစ်တယ်။ အဲဒီလို အုပ်ချုပ်ရေးစနစ်မျိုးနဲ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ် အကြားမှာ မျဉ်းကြောင်းဆွဲပြဖို့ခက်တယ်။ ယှဉ်ပြိုင်မှုမရှိတဲ့ ရွေးကောက်ပွဲ အလေ့အထ တွေဟာလည်း တနေ့မှာ ယှဉ်ပြိုင်မှု ရှိလာနိုင်တယ် (မက္ကဆီကိုနိုင်ငံမှာ ဖြစ်ခဲ့သလိုမျိုး)။ ဒီနေရာမှာ အတိုက်အခံတွေ အာဏာရယူနိုင်ဖို့ လမ်းကြောင်းတွေကို ဒီမိုကရေစီ အင်စတီကျုးရှင်းတွေက ဖန်တီးပေးနိုင်တဲ့ နိုင်ငံရေးစနစ်မျိုးနဲ့ လက်ရှိ အာဏာရ ခေါင်းဆောင်ပိုင်း တရားဝင်နေစေဖို့ သက်သက်အတွက်သာ ဒီမိုကရေစီစည်းစနစ်တွေ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်မျိုးကို မရောထွေးဖို့ သိပ်အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မျိုးကို တခြားတခြားသော စပ်ကျားနိုင်ငံရေး စနစ်တွေနဲ့ မတူတာကို မြင်အောင်ကြည့်ဖို့ို လိုပါတယ်။ နိုင်ငံရေးစနစ်တွေကို ကြည့်ရင် အာဏာရှင်နဲ့ ဒီမိုကရေစီ သွင်ပြင် လက္ခဏာတွေကို ပုံစံအမျိုးမျိုးနဲ့ ရောနှောထားနိုင်ပါတယ်။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ် ဆိုတာဟာ အဲဒီလို နိုင်ငံရေးစနစ် ပုံစံတွေ အားလုံးနဲ့ အကျုံးဝင်တဲ့စနစ်မျိုးလို့ မရှုမြင်သင့်ပါဘူး။ တခြားသော စပ်ကျားနိုင်ငံရေး စနစ်အမျိုးအစားတွေမှာ “ဖယ်ထုတ်တဲ့ သမ္မတ နိုင်ငံတွေ (Exclusive Republics)” (အားကောင်းတဲ့ ဒီမိုကရေစီ အလေ့အထတွေ ရှိပေမယ့် နိုင်ငံသား ဥပဒေ အပေါ် သိပ်တင်းကျပ်တဲ့ နိုင်ငံရေး စနစ်မျိုး) နဲ့ “စောင့်ရှောက်ခံ” ဒါမှမဟုတ် “လမ်းညွှန်” ဒီမိုကရေစီ (ဒီမိုကရေစီမဆန်တဲ့ အစုအဖွဲ့တွေဖြစ်တဲ့ စစ်တပ်လို၊ ဘာသာရေး ခေါင်းဆောင်လို ပုဂ္ဂိုလ်တွေက ဗီတိုအာဏာ ကိုင်စွဲထားတဲ့ ယှဉ်ပြိုင်မှုရှိတဲ့ နိုင်ငံရေးစနစ်) မျိုးတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်မှုဆိုင်ရာ ကဏ္ဍလေးရပ်

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံရေး စနစ်တွေမှာ ပီပြင်တဲ့ ဒီမိုကရေစီကျင့်ထုံးတွေ တည်တံ့ခိုင်မြဲတဲ့အတွက် အတိုက်အခံ အင်အားစုတွေဟာ အမိန့်အာဏာကျင့်သုံးတဲ့ အာဏာရ အစိုးရတွေကို အချိန်ကာလတခု ရောက်တိုင်း ပုံမှန် စိန်ခေါ်နိုင်တာ၊ အားနည်းအောင် လုပ်နိုင်တာ၊ ရံဖန်ရံခါ အနိုင်ပါယူနိုင်တာမျိုး လုပ်နိုင်တဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ကဏ္ဍနယ်ပယ်တွေ ရှိပါတယ်။ အဲဒီမှာမှ အရေးပါတဲ့ ကဏ္ဍလေးရပ်ကတော့ (၁) ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ကဏ္ဍ၊ (၂) ဥပဒေပြုရေးကဏ္ဍ၊ (၃) တရားစီရင်ရေးကဏ္ဍနဲ့ (၄) သတင်းမီဒီယာ ကဏ္ဍတို့ပဲဖြစ်တယ်။

(၁) ရွေးကောက်ပွဲကဏ္ဍ

ပထမဆုံးနဲ့ အရေးအကြီးဆုံး ကဏ္ဍပြဲဖစ်ပါတယ်။ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးစနစ်တွေမှာဆိုရင် ရွေးကောက်ပွဲတွေလုံးဝ မရှိတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ရှိသော်လည်း အကြိတ်အနယ် မယှဉ်ပြိုင်ကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့စနစ်ဟာ ကျူးဘားတို့၊ တရုတ်တို့မှာလိုမျိုး ဥပဒေအရကို မရှိတာမျိုးလည်း ဖြစ်နိုင်သလို ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့မှာလိုမျိုး လက်တွေ့သဘောအရ ရှိမနေတာလည်း ဖြစ်နိုင်တယ်။ ဒုတိယ တမျိုးမှာဆိုရင် အတိုက်အခံပါတီတွေကို အကြီးအကျယ် ပိတ်ပင်ထားမယ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ဝင်လို့မရအောင် ညစ်ထားမယ်၊ အတိုက်အခံ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချထားမယ် ဆိုတာမျိုးတွေ တွေ့ရတယ်။ ဒါ့အပြင် သီးခြား လွတ်လပ်တဲ့ ဒါမှမဟုတ် ပြင်ပက လေ့လာသူတွေ လာရောက်ပြီး မဲရေတွက်မှု ရလဒ်တွေကို အပြိုင်အားဖြင့် စစ်ဆေးမှုကို တားမြစ်ထားတဲ့အတွက် မဲခိုးမှုဖြစ်ဖို့ အခွင့်အလမ်း အကြီးအကျယ် ရစေပါတယ်။

ရလဒ်ကတော့ အတိုက်အခံ အင်အားစုတွေဟာ လက်ရှိ အာဏာရထားသူတွေအတွက် မှုလောက်တဲ့ ခြိမ်းခြောက်မှု မဟုတ်တော့ဘူး။ ပြီးတော့ ရွေးကောက်ပွဲတွေဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ ကျင်းပကျင်းပ ပြိုင်ဆိုင်မှု မပြင်းထန်တော့ဘူး။ ဒါကြောင့်လည်း ကာဇက်စတန် သမ္မတ နူရ်စူလ်တန် နာဇာဘာယက်ဗ်ဟာ ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲမှာ မဲ ၈၀ ရာခိုင်နှုန်းနဲ့ ပြန်လည် အရွေးခံရတယ်။ ဥဇဘက် ကစ္စတန်မှာ သမ္မတ အစ္စလမ် ကာရီမော့ဗ် ဟာလည်း ၂၀၀၀ ပြည့်နှစ်မှာ ၉၂ ရာခိုင် နှုန်းသောမဲနဲ့  ပြန်လည် အနိုင်ရရှိခဲ့ပြန်တယ် (သမ္မတကို မဲအရေအတွက် ၇၀ ရာခိုင်နှုန်းကျော်နဲ့ ပြန်လည် ရွေးကောက် တင်မြောက်တဲ့ နိုင်ငံရေး စနစ်တွေဟာ ပြိုင်ဆိုင်မှု မပြင်းထန်ဘူးလို့ လက်တွေ့ဖြစ်ရပ်များကို ကိုးကားပြီး ယေဘုယျ ပြောဆိုကြပါတယ်)။ ဒီလိုဖြစ်ရပ်မျိုးကိုကြည့်ရင် သမ္မတ သေသွားတာ၊ ဒါမှမဟုတ် သူ့ကိုအကြမ်းနည်းနဲ့  ဖြုတ်ချတာကသာလျှင် ရွေးကောက်ပွဲကတဆင့် ဖြုတ်ချတာထက် ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ရှုမြင်လေ့ရှိကြတယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာ မတူတာတခုက ရွေးကောက်ပွဲတွေမှာ အကြိတ်အနယ် ပီပီပြင်ပြင် ယှဉ်ပြိုင်ကြတာပဲ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရင် နိုင်ငံရဲ့အာဏာကို အလွဲသုံးစားလုပ်တာ၊ မီဒီယာက ဘက်လိုက်ပေးတာ၊ (မကြာခဏဆိုသလို အကြမ်းဖက်ပြီး) အတိုက်အခံဘက်က ဝင်ရောက်ယှဉ်ပြိုင်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို နှောင့်ယှက်တာ၊ ပွင့်လင်းမြင်သာမှု အပိုင်းမှာ အားလုံး အတိုင်းအတာနဲ့ ကင်းမဲ့နေတာ စတဲ့ လက္ခဏာရပ်တွေ ရှိနေနိုင်ပေမယ့်လည်း ရွေးကောက်ပွဲတွေကို ပုံမှန် အပိုင်းအခြားနဲ့ ကျင်းပတယ်၊ အပြိုင်အဆိုင်ရှိတယ် (အဓိက အတိုက်အခံ ပါတီတွေနဲ့ ရွေးကောက်ခံသူတွေ ဝင်ပြိုင်လေ့ရှိတယ်)၊ မသမာမှုလုပ်တာ အကြီးအကျယ်တော့ မရှိဘူး။ ဖြစ်ရပ် အများအပြားမှာတော့ နိုင်ငံတကာက လေ့လာသူတွေ ရှိနေတာ၊ ဒါမှမဟုတ် မဲရေတွက်မှုအပြိုင် လုပ်ထုံးစနစ်တခု ရှိတာကြောင့် လက်ရှိအာဏာရသူတွေ အနေနဲ့ ကြီးကြီးမားမား မဲခိုးတာမျိုး၊ မဲလိမ်တာမျိုး မလုပ်နိုင်အောင် ကန့်သတ်လိုက်သလိုလည်း ဖြစ်ပါတယ်။ ဒါရဲ့ အကျိုးဆက်အနေနဲ့ကတော့ ရွေးကောက်ပွဲက ထွက်လာမယ့် ရလဒ်ကို မှန်းလို့ အပိုင်တွက်လို့ မရနိုင်ဘူး။ အာဏာကို လက်မလွှတ်ချင်တဲ့ အစိုးရအဖွဲ့တွေဟာ ဒါကို လေးလေးနက်နက် ထည့်ပြီး စဉ်းကိုစဉ်းစားရတယ်။

သာဓကအနေနဲ့ ရုရှားသမ္မတ ဘောရစ် ယဲ့လ်ဆင်ဟာ ၁၉၉၆ ခုနှစ်မှာနဲ့ ယူကရိန်း သမ္မတ လီယိုနစ် ကုချ်မာဟာ ၁၉၉၉ မှာ ယခင် ကွန်မြူနစ်ဟောင်း ပါတီတို့ရဲ့  စိန်ခေါ်မှုကို ရွေးကောက်ပွဲမှာ အကြီးအကျယ် ရင်ဆိုင်ခဲ့ရတယ်။ ကိုယ့်အပိုင်မဲတွေ သေချာစေဖို့ နည်းလမ်းမျိုးစုံ သုံးခဲ့ပေမယ့် ကုချ်မာဟာ ၁၉၉၉ ခုနှစ် သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ မဲ ၃၅ ရာခိုင်နှုန်းနဲ့ ဒုတိယအကျော့မှာ ၅၆ ရာခိုင်နှုန်းသာ အသီးသီးရခဲ့တယ်။ ကင်ညာနိုင်ငံမှာလည်း သက်တမ်းရှည် အာဏာရှင်ကြီး ဒင်နီယယ် အာရပ်မိုွင်ဟာ ၁၉၉၂ နဲ့ ၁၉၉၇ ခုနှစ်ရွေးကောက်ပွဲတွေမှာ ကျန်အတိုက်အခံ မဲတွေထက် စုစုပေါင်းမှာ အသာမရဘဲ တဦးချင်းအနေနဲ့သာ ပွတ်ကာသီကာ အသာရပြီး ပြန်အရွေးကောက်ခံခဲ့ရတယ်။ ဇင်ဘာဘွေမှာ ဆိုရင်လည်း အတိုက်အခံ ပါတီဖြစ်တဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုပါတီဟာ ၂၀၀၀ ပြည့်နှစ် လွှတ်တော်ရွေး ကောက်ပွဲတွေမှာ အနိုင်ရလုနီးနီးပဲ။ သာဓက ဖြစ်ရပ်တချို့မှာ ဥပမာ – ၁၉၉၀ မှာ နီကာရာဂွာ၊ ၁၉၉၁ မှာ ဇမ်ဘီယာ၊ ၁၉၉၄ မှာ မာလာဝီနဲ့ ယူကရိန်း၊ ၁၉၉၇ မှာ အယ်လ်ဘေးနီးယားနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ဂါနာ စတဲ့နိုင်ငံတွေမှာ အတိုက်အခံတွေဟာ တည်ဆဲ အာဏာရှင် အစိုးရတွေ ဒါမှမဟုတ် အာဏာရှင်တို့နဲ့ ပလဲနံပသင့်တဲ့ ယှဉ်ပြိုင်ဖက်တွေကို လုံးဝ အနိုင်ရခဲ့တာကို တွေ့ရတယ်။

တည်ဆဲ အစိုးရတွေဟာ ရွေးကောက်ပွဲ ရလဒ်တွေကို လိုသလို ကြိုးကိုင်နိုင်တယ် ဆိုပေမယ့် အဲဒီလိုလုပ်ခြင်းဟာ သူတို့လည်း အခန့်မသင့်ရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ပီရူးမှာ ဖူဂျီမိုရီဟာ ၂၀၀၀ ပြည့်နှစ်မှာ ပြန်လည် အနိုင်ရရှိပေမယ့် လအနည်းငယ် အကြာမှာတော့ အရှုပ်တော်ပုံတွေနဲ့အတူ နုတ်ထွက်ဖို့ ဖိအားပေးခံရပါတယ်။ အလားတူပဲ မီလိုဆီဗစ်ရဲ့ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေကို ကပြောင်းကပြန်လုပ်ဖို့ ကြိုးပမ်းမှုကြောင့် အကျပ်အတည်း ဖြစ်လာပြီး သမ္မတလည်း နုတ်ထွက်ခဲ့ရတယ်။ ရွေးကောက်ပွဲမှာ မသမာမှု လုပ်တဲ့အတွက် အစိုးရအဖွဲ့ အကျပ်အတည်းဖြစ်တာမျိုး မက္ကဆီကိုနိုင်ငံမှာ ၁၉၈၈ ခုနှစ်နဲ့ အာမေးနီးယားနိုင်ငံမှာ ၁၉၉၆ ခုနှစ်တို့မှာ ဖြစ်ခဲ့ဖူးတယ်။

ဆက်လက် ဖော်ပြပါမည်။

(စတီဗင် လီဗစ်စကီး (Steven Levitsky) သည် ဟားဗတ်တက္ကသိုလ်ရှိ အစိုးရနှင့် လူမှုရေးလေ့လာမှု ပညာဌာနမှ ပါမောက္ခဖြစ်သည်။ သူ၏ Transforming Labor-based Parties in Latin America စာအုပ် နှင့် လူကန်၊ အေ၊ ဝေးနှင့် ပူးတွဲရေသားခဲ့သော Competitive Authoritarianism: Hybrid Regimes after the Cold War စာအုပ်တို့ကို ကိန်းဘရစ်ဂျ် တက္ကသိုလ်မှ ထုတ်ဝေခဲ့သည်။ လူကန်၊ အေ၊ ဝေး (Lucan A. Way) သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး Journal of Democracy ၏ အယ်ဒီတာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။)

Loading