ဦးရုက္ခစိုး အံ့သြနေသည်။
ချင်းမိုင်မှာ နေတုန်းက သီတင်းကျွတ်အချိန် ဆိုလျှင် လာရောက် ကန်တော့သူ ဆို၍ ဖိုးရှုပ်နှင့် ကြွက်စုတ်နှစ်ဦးပင် အနိုင်နိုင်။ တခါတရံ သူတို့နှစ်ဦးက သီတင်းကျွတ်နှင့် လကုန်ရက် တိုက်ဆိုင်နေပါက အကြွေးဖြင့် ကန်တော့တာပင် ကြုံရသေးသည်။ အခုတော့ ကြည့်စမ်း … ဦးရုက္ခစိုး ရှေ့တွင် ခြင်းကြီးခြင်းငယ်၊ ပုံးကြီးပုံးငယ်များဖြင့် ပြည့်နှက်နေ၏။ သစ်ပင်နောက်က ချောင်းနေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ကတော့ ဦးရုက္ခစိုး ပြန်စွန့်ကျဲမည့် ပစ္စည်းများကို မျှော်ကိုးရင်း ပီတိဖြစ်ကာ တွတ်ထိုး နေကြသည်။
ဖိုးရှုပ်။ ။ ကော်တာပဲကွ။ ဒီလက်ဆောင်တွေကို ဦးရုက္ခစိုးက ဘာလုပ်လို့ရမှာလဲ … ငါတို့ကိုပဲ ပြန်စွန့်မှာ ကြည့်နေ။
ကြွက်စုတ်။ ။ အောင်မလေး … စောင့်ကြည့်ပါဦးကွာ။ တော်ကြာ ငါတို့ကို ပြန်မစွန့်ဘဲ စတိုးဆိုင်တွေမှာ ပြန်သွားသွင်း နေပါဦးမယ်။
ဖိုးရှုပ်။ ။ စွန့်စွန့် မစွန့်စွန့်ကွာ …။ ဘယ်သူတွေ လာကန်တော့တယ် ဆိုတာ ကြည့်ရအောင်။ စိတ်ဝင်စားဖို့ ကောင်းတယ်။
ကြွက်စုတ်။ ။ အေးကွ … ဦးရုက္ခစိုးတော့ ထောတာပဲ။ လာတဲ့သူတွေက အကုန်လုံး အကောင်တွေချည်းပဲ။ ဟော ဟော … ဟိုမှာ … ဥက္ကဋ္ဌကြီး မဟုတ်လား၊ ဟာ သူ့ သားတွေလည်း ပါလာတယ်။
ဖိုးရှုပ်။ ။ အောင်မာ … ဟိုမှာ ကားကြီးတစီး ရပ်လိုက်ပြီ။ အဲဒါ ဘွဲ့ပေါင်းစုံ ချီးမြှောက်ခံထားရတဲ့ သူဌေးကြီးထင်တယ်။
ကြွက်စုတ်။ ။ ဟေ့ကောင် … ဟိုဟာက ဝါးဓနိ မှောင်ခိုလုပ်ပြီး ချမ်းသာသွားတဲ့ သူဌေးကြီးနော် …။ သူလုပ်လို့ တို့နိုင်ငံက ဝါးတွေ၊ ဓနိတွေ ပြောင်ကုန်တာ မဟုတ်လား။
ထိုသို့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ထင်ကြေးပေးနေစဉ် ဦးရုက္ခစိုးကြီးကလည်း လာကန်တော့သူများကို ဘယ်သူဘယ်ဝါ မစဉ်းစားအားဘဲ အတွင်တွင် ဆုပေးနေရပြန်သည်။ ကန်တော့မည့် သူများမှာ များလွန်းသောကြောင့် တန်းပင် စီနေကြရသည်။ တန်းစီနေရင်းကပင် ကြားဖြတ်သူများ၊ တတောင်နှင့် တွတ်သူများကလည်း မရှား။
ကန်တော့ရန် အလှည့်ကျသူ ဝါးဓနိ သူဌေးကြီးက “မကန်တော့ရင် မနေနိုင်တာက လွဲလို့ … အို့ အို့” ဟူ၍ ထွန်းအိန္ဒြာဗို သီချင်းကို ဖျက်ဆိုရင်း ဦးရုက္ခစိုး ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကို ကန်တော့ချင်တဲ့ သူတွေကို ငါတို့ တုံကင်လက်မှတ် ရောင်းစားရင် သူဌေးဖြစ်လောက်တယ်ကွ … ။
ကြွက်စုတ်။ ။ တော်ပါကွာ … တော်ကြာ မှောင်ခိုက ပါလာဦးမယ်။ ဟော … ကြည့်စမ်းပါဦး … ဟိုဟာက ဦးရုက္ခစိုးကို နတ်ကွန်းတွေ လှူတဲ့ သူဌေးကြီးပါလား။ သူ့လက်ထဲက ခြင်းက အတော်ကြီးတာပဲကွ။
လာရောက်ကန်တော့ သူများ အားလုံး၏ ထူးခြားချက်မှာ သူတို့ ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပါရန် မပြောကြဘဲ အကုန်လုံး “ဦးရုက္ခစိုး မ, ပါ” ဟုသာ ပြောကြသည်။ ဦးရုက္ခစိုးလည်း အတော် အနေကျပ်လာသည်။
ရုက္ခစိုး။ ။ ကဲ ကဲ … ကျုပ်က ဘာထပ် မ, ရဦးမှာတုန်း ဆိုစမ်းပါဦး။ ကျုပ်လည်း ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်တွေ မ, ပြီးပြီလေ၊ ခင်ဗျားတို့ အားလုံးလည်း ဆွေ ခုနစ်ဆက် မျိုး ခုနစ်ဆက် သုံးမကုန်အောင် ချမ်းသာနေကြပြီ။ ကျန်တဲ့ ဆင်းရဲနွမ်းပါး သူတွေကို မ, ဖို့ ချန်ပါဦးလား။
ဥက္ကဋ္ဌကြီး။ ။ ကျနော် သမ္မတဖြစ်ဖို့ ဦးရုက္ခစိုးလည်း မလို့ မရပါဘူးဗျာ။ ဒါက အထက်က ပုဂ္ဂိုလ် ဘိုးတော်ကြီး အလိုရှိလို့ အစီအစဉ်အတိုင်း ရမှာပဲ။ ကျနော်က ဦးရုက္ခစိုးကို စေတနာသန့်သန့်နဲ့ လာကန်တော့တာပါ … ဟဲဟဲဟဲ။
ထိုစကားကို ကြားသောအခါ သစ်ပင်နောက်ကွယ်မှ ဖိုးရှုပ်က “သူ့သားတွေက တနိုင်ငံလုံးက စီးပွားရေးလုပ်ငန်း မှန်သမျှ လက်ဝါးကြီး အုပ်ထားပြီးသား ဆိုတော့ ဦးရုက္ခစိုးကြီးကို မ, ခိုင်းစရာ မလိုတော့ဘူးပေါ့။ ကြည့်နေ သူ့ခြင်းထဲမှာ တော်ရုံသင့်ရုံပဲ ပါလိမ့်မယ်” ဟု ရေရွတ်လိုက်သည်။
ဝါးဓနိသူဌေး။ ။ ကျနော်ကတော့ ပြောရရင် ဦးရုက္ခစိုးထက်တောင် ချမ်းသာပါတယ်။ ကျနော်လိုချင်တာက နာမည်ဗျ၊ နာမည်။
ရုက္ခစိုး။ ။ နာမည်ရအောင် ကျုပ်က ဘယ်လို မ, ပေး ရမှာလဲဗျ။
ဝါးဓနိ သူဌေး။ ။ ဒါကတော့ဗျာ … ဦးရုက္ခစိုးက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ကျုပ်ဘယ်လို တော်ကြောင်း၊ ချမ်းသာပေမယ့် ဘယ်လို သဘောကောင်းကြောင်း၊ လူမှုရေး လုပ်ငန်းတွေမှာ ဘယ်လို တက်တက်ကြွကြွ ပါဝင်ကြောင်းလေးတွေ ပိုပိုသာသာ ပြောပေးဖို့ပါ။
ထိုအခါ အားကစား ပစ္စည်း အရောင်းဆိုင်ဖွင့်ပြီး ကြီးပွားလာကာ အောက်မြန်မာပြည်က ကျွန်းတကျွန်းကို ဝယ်ပြီး ဟိုတယ် ဖွင့်ထားသော သူဌေးကလည်း အားကျမခံ အတင်းလုပြောသည်။
အားကစားသူဌေး။ ။ လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွတာတော့ ကျနော့်ကို ဘယ်သူမှ မမီပါဘူး ဦးရုက္ခစိုးရယ်။ အခုဆိုရင် ကျနော့်နာမည်လေးတွေ တံဆိပ် ကပ်ထားတဲ့ အအေးမျိုးစုံကို ဆီးဂိမ်းအားကစား သမားတွေအတွက် လှူထား ပါတယ်။ လုပ်ငန်း ကြော်ငြာပြီးသားလည်း ဖြစ်တာပေါ့နော်။ အဲဒီတော့ ဦးရုက္ခစိုး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ ကျုပ်နာမည်ကိုလည်း ခဏခဏ ထည့်ပြောပြီး ချီးကျူးပေးပါနော်။
ထိုစဉ် ဦးရုက္ခစိုး ရှိရာသို့ လူတဦး အူယားဖားယား ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ပုဆိုးပင် မဝတ်နိုင် တော့ဘဲ ကွင်းသိုင်းထားရသည်၊ လက်ထဲတွင်လည်း လက်ဆောင်ခြင်းကြီးကို မနိုင်မနင်း မ, ထားသည်။
ဖိုးရှုပ်က ကြွက်စုတ်နားသို့ ကပ်၍ “အဲဒါ မြန်မာတနိုင်ငံလုံးကို ဝယ်နိုင်တဲ့ ခေတ်ပျက် သူဌေးကြီးပေါ့။ ခေတ်ကောင်း လာလို့ သူ့စည်းစိမ် သုည ဒဿမ သုည သုည တစ် ရာခိုင်နှုန်းလောက် ပြုတ်သွားတာနဲ့ အခုလို ဖြစ်နေတာ” ဟု ပြောလိုက်သည်။
ခေတ်ပျက်သူဌေးမှာ မျက်ရည်လည်ရွှဲဖြင့် ကယ်ပါယူပါ တစာစာ ဖြစ်နေသည့် ကြားကပင် “ကန်တော့မှာပဲ ကန်တော့မှာပဲ ငါ့ကိုလာမတားနဲ့” ဟု အော်ဆိုလိုက်ပြန်သည်။ ထို့နောက် ထွက်လာသည့် နှပ်များကို ညှစ်ပြီး ကွင်းသိုင်းထာသည့် ပုဆိုးဖြင့်သုတ်ကာ ဦးရုက္ခစိုးရှေ့တွင် ပုဆစ်တုပ်၍ ပုဆိန်ပေါက် ဦးချလေ၏။
ခေတ်ပျက်။ ။ ကယ်ပါ ဦးရုက္ခစိုးရယ်၊ ကယ်ပါ … ကုန်ပါပြီ … အခု အခြေအနေက ခေတ်ပျက်တုန်းကလို မဟုတ်ဘူး၊ ခေတ်က ကောင်းလာတော့ ဘာလုပ်လုပ် မကောင်းတော့ ပါဘူး၊ ဦးရုက္ခစိုး ကယ်မှပဲ ကျနော့်ဘဝလေး အရင်လို ပြန်လန်းမှာပါ။
ရုက္ခစိုး။ ။ နည်းနည်းပါးပါးလည်း စဉ်းစားပါဦး သူဌေးရယ်။ ခင်ဗျားစည်းစိမ်က ဘယ်လောက်များ လျော့သွားလို့လဲဗျ။
ခေတ်ပျက်။ ။ လုပ်စားလို့ မကောင်းတော့ဘူးလေ အဘရယ် … အဲ … ဦးရုက္ခစိုးရယ်။ ရှိတာလေး ထိုင်စားရင် နောက် ဆယ်သက်လောက်ဆို ကုန်သွားမှာပေါ့ဂျ … အဟင့် အဟင့်။
ရုက္ခစိုး။ ။ ဒါတော့ နည်းနည်း လွန်လာပြီထင်တယ်ဗျာ။ ကျုပ်က ရုက္ခစိုးဗျ။ ခင်ဗျားတို့ကို မ, မယ့် နတ်မဟုတ်ဘူး။ ကျုပ်ဆီမှာ သားဆုပန်လို့ပဲ ရတာ။
ဦးရုက္ခစိုး စကားအဆုံးတွင် ဥက္ကဋ္ဌကြီးက “ဟဲဟဲဟဲဟဲ” ဟု သွားကြီးဖြဲကာ အသံထွက် ရယ်မောလိုက်သည်။
ဥက္ကဋ္ဌကြီး။ ။ အဲဒါပဲ ခင်ဗျားတို့က အဲဒါပဲ။ အခု ဦးရုက္ခစိုးကြီးက အရင်လို မ, မနိုင်တော့ဘူး၊ အသက်ကြီးပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး၊ ၂၀၁၅ ကျရင်တောင် ရုက္ခစိုးအဖြစ်က အနားယူချင်ယူမှာ … ဟုတ်တယ်နော် ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ ဒါတွေက ကောလာဟလ တွေပါဗျာ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အကျိုးလိုလို့ ညောင်ရေလောင်းတာ မဟုတ်ဘဲ၊ စေတနာသန့်သန့်နဲ့ လာကန်တော့တဲ့အတွက် ဝမ်းသာပါတယ်။
ဥက္ကဋ္ဌကြီး။ ။ အဟဲ … စေတနာကတော့ အမှန်အကန် သန့်ပါတယ် ဦးရုက္ခစိုးရယ်၊ ဒါပေမယ့် လက်ကျန် အစွမ်းလေးနဲ့ မလို့ ရသလောက်တော့ မ, ကြည့်ပေးပါဦး။
ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်၏ အနောက်တွင် လူတဦးလာရပ်သည်ကို သူတို့ နှစ်ဦးစလုံး သတိမထားလိုက် မိကြပေ။ ထိုသူက ဖိုးရှုပ် ပုခုံးကို ပုတ်လိုက်သဖြင့် ဖိုးရှုပ် အလန့်တကြား နောက်လှည့် ကြည့်လိုက်ပြီး လန့်အော်လိုက်မိမလို ဖြစ်သွားသည်။ ထိုသူကား တခြားသူမဟုတ် … ကာတွန်းစာအုပ်ကြိုက်သည်ဟု ထင်ရှားသော အငြိမ်းစား ဘဘကြီး ဖြစ်လေသည်။
ကြွက်စုတ်။ ။ ဟင် ဘဘကြီးက ကာတွန်းစာအုပ် မဖတ်ဘဲ ဒီမှာ ဘာလာလုပ်နေတာလဲ။
ဖိုးရှုပ်။ ။ ဟုတ်သားပဲ … သြော် သိပြီ … ဖတ်စရာ စာအုပ်တွေ ကုန်သွားလို့ ကိုယ်တိုင် ထွက်ငှားတာ ထင်တယ်။ ဗျူး အသစ် ထွက်တယ်ဗျ။
အငြိမ်းစားဘဘကြီး။ ။ ဟေ့ကောင်တွေ … ပေါက်ကရ လျှောက်ပြောမနေနဲ့။ ဒီကိုငါလာချောင်း … အဲ ငါ လာကြည့်တာ။ ဦးရုက္ခစိုးနားမှာ မ, ခိုင်းတဲ့သူတွေနဲ့ စည်ကားနေပါလားဟေ။ ခြင်းကြီးခြင်းငယ် ကလည်း အသွယ်သွယ်နဲ့။
ကြွက်စုတ်။ ။ ဒါကတော့ တရားသဘောနဲ့ ရှုပါ ဘဘကြီးရယ်၊ ဦးရုက္ခစိုးလည်း ရုက္ခစိုး သက်တမ်း မကုန်ခင် အထိဘဲ အခုလို အကန်တော့ ခံရမှာပါ။
အငြိမ်းစား ဘဘက ပျင်းတောင် ပျင်းသေးတယ်ဆိုသည့် ပုံစံဖြင့် ပြုံးလိုက်သည်။
အငြိမ်းစားဘဘကြီး။ ။ ငါသိပါတယ်ကွာ … ဒါတွေက ဘာမှမဟုတ်ပါဘူး။ ငါက အနားယူလိုက်တာတောင် ခြင်းတွေက တောင်လိုပုံလို့၊ ငါ့အိမ်ကိုလာတဲ့ ခြင်းတွေဆို စူပါ မားကတ်တွေတောင် ပြန်သွင်းပြီး … အဲ … မြေးတော်လေးကိုတောင် ပြန်စွန့်လိုက်ပြီ။
ထိုစဉ် ဦးရုက္ခစိုးနှင့် ဥက္ကဋ္ဌကြီးတို့ အချီအချ စကားသံ ထွက်ပေါ်လာရာ သူတို့ အာရုံက အဲဒီကို ရောက်သွားသည်။
ရုက္ခစိုး။ ။ ဘာ မ, ရမှာတုန်းဗျာ။ ကျုပ်လည်း မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။
ဥက္ကဋ္ဌကြီး။ ။ ဦးရုက္ခစိုးရဲ့ ရုက္ခစိုး သက်တမ်း အတွင်းမှာ ဖွဲ့စည်းပုံ မပြင်အောင် အချိန်ဆွဲထားဖို့ပါ။
အငြိမ်းစား ဘဘက ခေါင်းကို စိတ်ပျက်လက်ပျက် ခါလိုက်သည်၊ သက်ပြင်းကို “ဟင်း” ခနဲ မြည်အောင်ချသည်။ ထို့နောက် “ဒီလိုကောင်တွေနဲ့တော့ ခက်ပါသေးတယ်။ အကွက်တွေက တကယ့် ကလေးကွက်တွေပဲ။ အဲဒါတွေကြောင့် ငါ စိုးရိမ်တာ၊ ငါတကယ် စိုးရိမ်တယ် …” ဟု ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဘာကို စိုးရိမ်တာလဲဟင်။
အငြိမ်းစားဘဘကြီး။ ။ ငါရွှေ့ခဲ့တဲ့ အကွက်တွေကို ပေါက်တတ်ကရတွေ ဖြစ်အောင် လျှောက်ရွှေ့မှာ စိုးရိမ်လို့ဟေ့ သိပြီလား။
အငြိမ်းစား ဘဘကြီးက “တော်ပါပြီ၊ ဒီမှာနေရတာ ရင်တုန်တယ်။ ငါ့ဘာသာ သမိန်ပေါသွပ် ပြန်ဖတ်နေတာပဲ ကောင်းတယ်” ဟု ပြောကာ ထိုနေရာမှ ထွက်ခွာသွားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသား ပါးစပ် အဟောင်းသားဖြင့် ကျန်ခဲ့ကြ လေတော့ သတည်း။ ။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)