ပြတိုက်များကပြောတဲ့ သမိုင်းမှန်များ

ဟန်ပိုင်

This article has been converted from Zawgyi One to Unicode

သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်ပြီး အထိမ်းအမှတ် ပြတိုက်တခု တည်ဆောက်မယ်လို့ မကြာသေးမီက ကြားလိုက်ရတဲ့အတွက် ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ သမိုင်းမှန် ပေါ်ပေါက်ဖို့ ခြေလှမ်းတရပ်အဖြစ် ဝမ်းမြောက်မိပါတယ်။ ရှစ်လေးလုံးကာလနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ မှတ်တမ်းတွေ၊ သမိုင်းတွေကို နောက်မျိုးဆက်သစ်တွေ အနေနဲ့ အမှန်အတိုင်းသိဖို့ အရေးကြီးပါတယ်။

ရှစ်လေးလုံး (၂၅) နှစ်မြောက် ငွေရတုပွဲကျင်းပစဉ်က ဆွေးနွေးပွဲတွေ၊ ပြခန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ထည့်သွင်း ကျင်းပသွားနိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောင်တွင်း အတွေ့အကြုံတွေ သရုပ်ဖော်တဲ့ ပြကွက်တွေကို လူအတော်များများ၊ အထူးသဖြင့် လူငယ်တွေ၊ ကျောင်းသူ ကျောင်းသားတွေ အထူးစိတ်ဝင်စားကြပြီး တချို့ကျောင်းသားလေးတွေဆို ဝမ်းနည်းလွန်းလို့၊ မျက်ရည်မဆည်နိုင် ဖြစ်ကြရတာ တွေ့ရပါတယ်။ လူငယ်မျိုးဆက်သစ်တွေ အနေနဲ့ ရှစ်လေးလုံးသမိုင်းနဲ့ သူတို့ရဲ့ နောင်တော် ကျောင်းသူ ကျောင်းသားတွေ ဘယ်လိုလှုပ်ရှား တိုက်ပွဲဝင်ခဲ့သလဲဆိုတာ သိလိုစိတ် ပြင်းပြနေမှာဖြစ်ပါတယ်။

အမှန်တရား ရှာဖွေဖော်ထုတ်တဲ့ လုပ်ငန်းတွေထဲမှာ မှတ်တမ်းတင်ခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖာက်မှုတွေကို နားလည်လက်ခံ၊ အသိအမှတ် ပြုပေးခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အထိမ်းအမှတ်၊ အခမ်းအနားတွေ ပြုလုပ်ပေးခြင်းဖြင့်လည်း လူထုကို အတိတ်ဖြစ်ရပ်တွေအကြောင်း နားလည် သဘောပေါက်အောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။

နိုင်ငံတကာ ဥပဒေမှာလည်း ချိုးဖောက်ခံရသူတွေ၊ အသက်ရှင် ကျန်ရစ်သူတွေအနေနဲ့ ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိရှိဖို့လိုတယ်လို့ ရှင်းရှင်းလင်းလင်း အသိအမှတ်ပြု လက်ခံထားပါတယ်။ နိုင်ငံတကာဥပဒေက အဆိုပါအချက်နဲ့ လူ့အဖွဲ့အစည်းအနေနဲ့ အမှန်တရားကို သိရှိပိုင်ခွင့် ရှိတယ်ဆိုတဲ့ အယူအဆအပေါ် ဆက်လက် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လုပ်ဆောင်လျက်ရှိပါတယ်။

အမှန်တရား ရှာဖွေရေးလုပ်ငန်းတွေ ပုံစံမျိုးစုံနဲ့ရှိတတ်ရာမှာ လွတ်လပ်စွာ ဥပဒေပြုပိုင်ခွင့်နဲ့ သတင်းအချက်တွေ ရရှိခွင့်၊ မှတ်တမ်းမှတ်ရာတွေ လျို့ဝှက်အဆင့်မှ လျှော့ချပေးတာ (အရင်ခေတ်က လျှို့ဝှက်မှတ်တမ်းတွေကို အများပြည်သူ ကြည့်ရှုနိုင်ခွင့်)၊ ပျောက်ဆုံးသွားသူတွေနဲ့ လက်စတုန်း ဖျောက်ဖျက်ခံရသူတွေ အကြောင်း စုံစမ်းဖော်ထုတ်တာနဲ့ အမှန်တရား ဖော်ထုတ်ရေး ကော်မရှင် အပါအဝင် တရားစီရင် ဆုံးဖြတ်တာမျိုး မဟုတ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထူထောင်တာတွေ ပါဝင်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို မမေ့လျော့စေဖို့နဲ့ နိုင်ငံတော် အနေနဲ့လည်း အတိတ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေ၊ မှတ်တမ်းတွေကို အရှည် တည်တံ့အောင် ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

အထိမ်းအမှတ် အဆောက်အဦးတွေ၊ ပြတိုက်တွေနဲ့ အထိမ်းအမှတ်ပွဲ၊ ဂုဏ်ပြုမှုစတဲ့ လှုပ်ရှားမှုတွေဟာ ကျူးလွန်သူတွေ ဘာတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ငြင်းဆိုလို့ မရအောင်နဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားမျိုး အနာဂတ်မှာ ထပ်မပေါ်ပေါက်အောင် တားဆီးဖို့ ပညာပေးရေး လုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

ပြတိုက်တွေနဲ့ အထိမ်းအမှတ်ပွဲတွေက လူထုကို အတိတ်ကာလ ချိုးဖောက်မှုတွေအတွက် ပညာပေးမှုတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ သာဓက အနေနနဲ့ ချီလီနိုင်ငံမှာရှိတဲ့ “ချီလီ လူ့အခွင့်အရေးနဲ့ မှတ်တမ်းပြတိုက်” (The Museum of Memory and Human Rights in Chile) ဟာ ချီလီ စစ်အာဏာရှင် သမိုင်းနဲ့ သူတို့ရဲ့ ချိုးဖောက်မှုတွေကို မှတ်တမ်းတင် ပြသထားတာဖြစ်ပါတယ်။

အတိတ်က ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ နေရာတွေကိုလည်း ဌာနအသစ်တွေအဖြစ် ပြောင်းလဲဖွင့်လှစ်ကြတာ တွေ့ရပါတယ်။ အရင်က အကျဉ်းထောင်ဟောင်းတခု ဖြစ်တဲ့ ဂျိုဟန်နက်စ်ဘာ့ဂ် (Johannesburg) ကConstitution Hill ဟာ  ယခုအခါမှာ တောင်အာဖရိက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံး (Constitutional Court) အဖြစ် ပြောင်းလဲသွားပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့အစွန်မှာ ခမာနီတို့လက်ထက်က ရက်ရက်စက်စက် သတ်ဖြတ်ပြီး အစုလိုက်၊ အပြုံလိုက်မြှုပ်နှံထားတဲ့ Killing Field (လူသတ်ကွင်း) နေရာမှာပဲ တူးဖော်ရရှိတဲ့ အရိုးတွေ၊ အလောင်းတွေ မြှုပ်နှံထားတဲ့ နေရာတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် သတ်ဖြတ်ခံရသူတွေရဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေကို စနစ်တကျ စုဆောင်း၊ ပြသထားပါတယ်။ ဖနွမ်ပင်မြို့ထဲမှာပဲ ခမာနီတို့ လက်ထက်တုန်းက နှိပ်စက်၊ ညှင်းပန်း၊ စစ်ကြော၊ သတ်ဖြတ်ဖို့ အသုံးပြုခဲ့တဲ့  S-21  အကျဉ်းစခန်းကိုလည်း နှောင်းလူတို့ လေ့လာနိုင်အောင် Tuol Sleng Genocide Museum အဖြစ် ထိန်းသိမ်း ပြသထားပါတယ်။

အထိမ်းအမှတ်နေ့တွေ၊ အခမ်းအနားတွေ ကျင်းပပေးခြင်းအားဖြင့်လည်း အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်း အောက်မေ့ကြ၊ သင်ခန်းစာယူနိုင်ကြပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ နှစ်စဉ် မတ်လ ၂၄ ရက်နေ့ ရောက်တိုင်း ကျင်းပတဲ့ အခမ်းအနားဟာ ၁၉၇၀ မှာ စစ်အာဏာရှင်စနစ် စတင်ခဲ့မှုကို ပြန်ပြောင်း မှတ်မိစေပါတယ်။  ပီရူးနိုင်ငံမှာ လက်စတုန်း ဖျောက်ဖျက်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေက “မျှော်လင့်ခြင်း ပုဝါ” (Scarf Hope) ဆိုတဲ့ အခမ်းအနားတွေ ကျင်းပပြီး ကျူးလွန်ခံရသူတွေအတွက် အောက်မေ့တသတဲ့ အမှတ်တရပွဲတွေ ပြုလုပ်တတ်ကြပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ESMA (Escuela De Mecanica De La Armada) ပြတိုက်က အဖြစ်အပျက်တခုက စိတ်ဝင်စားစရာကောင်းပါတယ်။ ဗျူနိုအေးရိစ် (Buenos Aires) မြို့မှာရှိတဲ့ ဒီပြတိုက် နေရာဟာ ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ စစ်အာဏာရှင် စနစ်အောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လျို့ဝှက်စစ်ကြောရေး စခန်းဟောင်းတခု ဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ လက်စတုန်း ဖျောက်ဖျက်ခံရသူ လူ ၃ သောင်း အတွက် အမှတ်တရ ပြတိုက်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား စစ်အာဏာရှင်တွေ လက်ထက်မှာ ပြည်သူ ၅၀၀၀ လောက်ကို ESMA နေရာကို ခေါ်လာကြပြီး ညှင်းပန်း နှိပ်စက်ကြ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်ကြပြီး နောက်ဆုံးမှာ လက်စတုန်း ဖျောက်ဖျက်ပစ်ကြတယ်။ အဲဒီအချိန်တုန်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ Graphic Designer တဦးဖြစ်သူ Victor Baserra ဟာ ESMA စခန်းကို ရောက်လာခဲ့တယ်။ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီး ခံထားရသူတွေရဲ့  မှတ်ပုံတင်အတုတွေ လုပ်ခိုင်းတယ်။ ဒါပေမယ့် Victor က ဖမ်းဆီး ခံထားရသူတွေရော စခန်းက တာဝန်ရှိ သူတွေရဲ့  ဓာတ်ပုံတွေကိုပါ အပိုတွေ ခိုးကူးထားပြီး သူ့အိမ်က လာတွေ့တဲ့အခါ အပြင်ကို ခိုးထုတ်ခဲ့တယ်။ အာဂျင်တီးနားမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီ ပြန်လည် ထွန်းကားတဲ့အခါ အသက်ရှင် ကျန်ရစ်သူတဦးဖြစ်သူ Victor ခိုးထုတ်ထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေကြောင့် စစ်အာဏာရှင်ဟောင်းတွေကို ခုံရုံးတင်တဲ့အခါ အထောက်အကူပြုပြီး ESMA စစ်ကြောရေးစခန်းကို ဘယ်သူတွေ ရောက်လာခဲ့သလဲ ဆိုတာနဲ့  ဖြစ်ရပ်မှန်တွေကို ပြန်လည် ဖော်ထုတ်ပြသတဲ့ ပြတိုက်လုပ်ငန်းမှာ အသုံးဝင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အာဂျင်တီးနားပြည်သူတွေ ESMA ပြတိုက်ကို နေ့စဉ် လာရောက်လေ့လာကြပြီး ဒီနေရာမှာ အတိတ်က အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိလာနိုင်ကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ၊ မှတ်တမ်းတွေ၊ သတင်းစာ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ပြသထားနိုင်မယ့် ပြတိုက်တခု တည်ဆောက်မယ်ဆိုတာ၊ ရှစ်လေးလုံး ကာလအတွင်း အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှန်တွေ ဖော်ထုတ်ပြသပေးမယ့် ခြေလှမ်းအစ ဖြစ်ပါတယ်။

ဖြစ်နိုင်ရင်တော့ ရှစ်လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်တာတွေအပြင် မြန်မာနိုင်ငံ အတိတ်သမိုင်းမှာ ဆိုးဆိုးရွားရွား ကျူးလွန်၊ ဖိနှိပ်ခဲ့တာတွေအတွက် စနစ်တကျ မှတ်တမ်းတင်ထားတဲ့ မော်ကွန်းတိုက်တွေ၊ သုတေသနဌာနတွေနဲ့ ပြတိုက်တွေ အားကောင်းမောင်းသန် ပေါ်ထွက်လာခြင်းဖြင့် အတိတ်သမိုင်းရဲ့ အမှန်တရားကို လူအများ လေ့လာ သင်ခန်းစာ ယူနိုင်မှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး ပြတိုက် ဖြစ်မြောက်ရေး ကော်မတီဝင်တွေပြောသလို နည်းပညာနဲ့ အရင်းအမြစ်တွေ၊ အကူအညီတွေ လိုအပ်မှာ ဖြစ်ပေမယ့်၊ ရေရှည် တည်တံ့ရေးအတွက် စနစ်တကျ ပြင်ဆင် လုပ်ဆောင်သွားမယ်ဆိုရင် မျိုးဆက်သစ် လူငယ်တွေကို သမိုင်းမှန်တွေ လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပြီး၊ အနာဂတ်မှာလည်း အတိတ်က ဆိုးရွားခဲ့တဲ့ အဖြစ်အပျက်တွေလိုမျိုး ထပ်မံမပေါ်ပေါက်ဖို့ တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား – ictj.org, argentinaindependent.com

Loading