အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေက မြန်မာ့နိုင်ငံရေးဖြစ်စဉ်များအပေါ် စိုးရိမ်သည်ဟု ပြောဆိုကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မြန်မာ့နိုင်ငံရေးလောကတွင် ဦးသန်းရွှေစိုးရိမ်မှုနှင့် ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ သုံးသပ်ပြောဆိုနေကြသည်။ လတ်တလော နိုင်ငံရေးအခြေအနေမှာလည်း အခြေခံဥပဒေ ပြင်ရေး၊ အသစ်ရေးဆွဲရေး၊ ငြိမ်ချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေး၊ အာဏာလွန်ဆွဲပွဲများနှင့် ရှုပ်ထွေးနေပြီး အာဏာရှိ ပုဂ္ဂိုလ်များ အကြား အကွဲအပြဲများတွေ့မြင်နေရသည်။ လက်ရှိနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့ နိုင်ငံရေး အတွက် အဆုံးအဖြတ်အဖြေ တခု ဖြစ်နေရာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် စိုးရိမ်တယ်ဆိုပြီး ပြောတယ်လို့ သူရ ဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အဲဒီတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ က ဘယ်လိုမျိုး စိုးရိမ်စရာ တွေရှိနေပြီလဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့တော့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ယူဆချက်ပဲဖြစ်မယ်ထင်တယ်။ စိုးရိမ်စရာ ဘာမှ မရှိဘူးလေ။ ကိုယ်တို့လည်း လွှတ်တော်မှာ တက်နေတာပဲ။ ကိုယ့်လုပ်ငန်းတွေ ကိုယ်လုပ်နေကြတာပဲ။ ပါတီတွေလည်း လုပ်ငန်းတွေ ကိုယ်စီနဲ့ လုပ်နေကြတာပဲ။ လောလောဆယ် စိုးရိမ်စရာတော့မရှိဘူး ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ပတ်သက်လို့ လည်း ဘာမှ စိုးရိမ်စရာမရှိဘူး။ အားလုံး လေ့လာနေကြတာပဲ။ အပြုသဘောနဲ့ အကုန်လုံး ဝိုင်း ဆွေးနွေး ကြမယ့် သဘောပဲ။
မေး။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် တို့ ၂ ဦး ကြားမှာ အကွဲအပြဲတွေ ရှိနေတယ်လို့ ထင်လား။
ဖြေ။ ။ မရှိလောက်ပါဘူး။ သူတို့တွေက ကာ/လုံမှာလည်း အတူတူ တက်နေကြတာပဲလေ။ ကာလုံအစည်း အဝေးမှာ အကုန်လုံးက မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးကြလုပ်နေကြတာပဲ။ ကျနော့်အမြင်မှာတော့ သူတို့ ၂ ဦးကြားမှာ ပြဿနာမရှိ လောက်ပါဘူး။
မေး။ ။ တကယ်လို့ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ကြားမှာ အုပ်စုကွဲ သွားပြီဆိုရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်ဘက်က ရပ်တည်မလဲ။ ဦးသိန်းစိန်ဘက်ကို လိုက်မလား၊ သူရ ဦးရွှေမန်း ဘက်က လိုက်မလား။ အရင်တခေါက် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမှာ တုန်းကဆိုရင် တပ်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေကြားမှာ အကွဲအပြဲတွေ မြင်ခဲ့ရလို့ပါ။
ဖြေ။ ။ အဲဒါမျိုးတော့ မရှိနိုင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတုန်းက ဘာရယ်လို့ မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်တာကို ဝိုင်းလုပ်ကြရအောင်လို့ တင်ပြလိုက်တဲ့အခါကျတော့ ဦးရွှေမန်းတို့ဘက်ကလည်း သဘောတူသွားတယ်လေ။ အဲဒါကြောင့် လွှတ်တော် စစ ချင်းမှာ Right To Recall ကို အားလုံး ဆွေးနွေးကြရအောင် ဆိုပြီးတော့ ပြန်လုပ်တယ်လေ။ ကျနော် အမှန်အတိုင်း ပြောရရင် တပ်မတော်သား တွေကလည်း အမျိုးသားနိုင်ငံရေး လို့ပြောပြီး ရပ်တည်နေတဲ့သဘောပဲ။ ဘယ်သူ့ဘက်ကမှ မလိုက်ဘူး ။ လိုက်စရာလည်းမရှိဘူး။ တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး။ ပြည်ခိုင်ဖြိုးလည်းအတူတူပဲ။ ပြည်ခိုင်ဖြိုး မှန်တယ် ဆိုရင် ကျနော်တို့ ထောက်ခံမိမှာပဲ။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့တင်ပြတာတွေ၊ ဆွေးနွေး တာတွေက အပြုသဘောနဲ့ အားလုံးက မှန်တယ်ဆိုရင် ထောက်ခံမှာပဲ ။ တပ်မတော်ရဲ့ ဆွေးနွေးမှုတွေက အပြုသဘောနဲ့ ဆွေးနွေးမှာချည်းပဲ။ အဲဒါတော့ စိတ်ချပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ပုဒ်မ ၅၉ (စ) ပြင်ရမယ်လို့ ပြင်သင့်တယ်လို့ ဦးရွှေမန်းက ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ရော အမြင်သိချင်ပါတယ်။
ဖြေ။ ။ အခုတော့ ပြည်ခိုင်ဖြိုးအဖွဲ့ကလည်း အဖွဲ့တွေခွဲပြီးဆွေးနွေးတယ်လို့ သိရတယ်။ အဲဒါတွေကတော့ ဆွေးနွေး နေကြတုန်း။ အဖွဲ့ ၅ ဖွဲ့ ခွဲပြီး ဆွေးနွေးနေကြတုန်းလို့သိရတယ်။ ကျနော်တို့က ပုဒ်မတခုချင်းစီ သွားတဲ့ အခါမှာ ဒီဟာတွေ လည်း ထည့်စဉ်းစားတယ်။ ဒါပေမယ့် တိတိကျကျဆိုတာက အားလုံးကို အပြန် အလှန် ဆွေးနွေးကြမယ်။ ကောင်းတာ တွေရော၊ ဆိုးတာတွေရော ဆွေးနွေးကြမှာပါ။ ကျနော်ထင်တာကတော့ အားလုံး ကတော့ ပြေလည်သွားမယ် လို့ထင်ပါတယ်။
မေး။ ။ သူရ ဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်၊ သမ္မတအရည်အချင်း နဲ့လည်း သူ့မှာ ပြည့်စုံတယ်လို့ ပြောထား တယ် ဆိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦး အနေနဲ့ သူရဦးရွှေမန်းကို သမ္မတ အဖြစ် လက်ခံနိုင်လား။
ဖြေ။ ။ ကျနော့်အမြင်ကတော့ ဘယ်သူပဲ တက်လာလာ သမ္မတဖြစ်လာလို့ရှိရင်တော့ နိုင်ငံတော်က အားလုံးက ရွေးချယ်တာ ဆိုရင်တော့ ကျနော်တို့ လက်ခံရမှာပဲလေ။ ကိုယ့်ညီလည်း လက်ခံရမှာပဲလေ။ ကျနော်တို့က ဝန်ထမ်းတွေ ဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ့် သဘောဖြစ်ပါတယ်။