Ethnic Issues

အပစ်ရပ်ပြီး နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် KNU နှင့် RCSS တိုက်တွန်း

This article has been converted from Zawgyi One to Unicode

တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် ၄ လအတွင်း နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ပူးတွဲ သဘောထား ထုတ်ပြန်သည်။

နိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အဆုံးအဖြတ်ပေးနိုင်မည်ဟု မျှော်လင့်ပြီး KNU ဥက္ကဋ္ဌ စော မူတူးစေးဖိုး နှင့် RCSS ဥက္ကဋ္ဌ စပ်ယွက်စစ် တို့က လက်မှတ်ထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ လွှတ်တော် အမတ် များ၊ မြန်မာ့တပ်မတော်နှင့် အစိုးရ ပါဝင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲကို ပူးတွဲ စီခံခန့်ခွဲရေး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးရေး အာမခံချက်ရှိရေး၊ နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံ ဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု စသည့် အရေးကြီးသော အချက်များ ပါဝင်သင့်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

KNU နှင့် RCSS တို့က အစိုးရအား တင်ပြခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း ဆိုင်ရာ မူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆိုင်ရာ သဘောထားများအဖြစ် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ် ကြောင်း သိရသည်။

လိုင်ဇာ ညီလာခံကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) က ကမကထ ပြု ကျင်းပခြင်းဖြစ်ပြီး တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များနှင့်အတူ KNU ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တက်ရောက်မည် ဖြစ်ကြောင်း၊ ကြေညာချက် ပါ ဖော်ပြချက်များသည် အစိုးရကို တင်ပြခဲ့သည့် မူဘောင်များဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒို မန်းငြိမ်းမောင်က ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ဘက်က မူဘောင်ကို အစိုးရဘက်ကို တင်ထားတယ်။ အစိုးရဘက်က အဲဒါ လက်ခံပြီးတော့ လေ့လာ သုံးသပ် နေ တယ်”ဟု သူက ဆိုသည်။

နိုင်ငံတဝန်း အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား အဖွဲ့များကြား အမြင် ကွဲလွဲမှုများ ရှိသည်ကို ညှိနှိုင်းရမည်ဟုလည်း ပဒိုမန်းငြိမ်းမောင် က ပြောသည်။

ယခင်က လက်မှတ်ရေးထိုးပြီးသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို ပြန်လည်အတည်ပြုရေး၊ ပူးတွဲ စစ် ဘက် ဆိုင်ရာ ကျင့်ဝတ်များ၊ ပူးတွဲ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး၊ ဖြစ်ပေါ်လာမည့် ပြဿနာများ ဖြေရှင်းရန် ပူးတွဲ ငြိမ်းချမ်းရေး ကော်မတီတို့ ပါဝင်ရမည်ဟုလည်း KNU နှင့် RCSS ကြေညာချက်၌ ပါရှိသည်။

မကြာမီ ကာလအတွင်း နေပြည်တော်တွင် အစိုးရက ကမကထ လုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရန်အတွက်လည်း စီစဉ်နေသည်။

ထိုသို့စီစဉ်နေချိန် ကချင်ပြည်နယ်တွင် KIA နှင့် လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/ SSA) ၊ ရှမ်း ပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့် အစိုးရ စစ်တပ် အကြား တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။

အပစ်ရပ် လက်မှတ်ရေးထိုးမှုအတွက် အဆင်သင့် မဖြစ်သေးသည့် လက်နက်ကိုင် အဖွဲ့များကို အဆင်သင့် ဖြစ်ချိန်တွင် လက် မှတ်ရေးထိုးနိုင်သည်ဟု အစိုးရဘက်က သဘောထားထုတ်ပြန်ပြီး ကတိပေးထားပြီးဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြော သည်။

သမ္မတ ဦးသိန်းစိန် ကလည်း “တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ် စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်”ဟု အောက် တိုဘာ လဆန်းက ထုတ်လွှင့်သည့် ၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

လိုင်ဇာ ညီလာခံ တက်ရောက် မည့် တိုင်းရင်းသား အဖွဲ့အများစုသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ် ရေး ဆွဲလိုကြသူများဖြစ်သည့်အတွက် တိုင်းရင်းသားအဖွဲ့များအကြား သဘာထား ကွဲပြားမှုရှိနေပြီး အဆိုပါ ကိစ္စသည် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အဓိက အခန်းက ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ကျနော်တို့ KNU ကတော့ အသစ်ရေးဆွဲတာကို လက်မခံပါဘူး၊ ပြန်လည် ပြုပြင်ရေးဆွဲရေးကိုပဲ ကျနော်တို့ လက်ခံတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

ပြန်လည်ပြုပြင် ရေးဆွဲရေး သာလျှင် ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်းဖြစ်ပြီး အသစ်ပြန်လည်ရေးဆွဲခြင်းသည် ထိပ်တိုက်ရင် ဆိုင်ခြင်း ဖြစ်၍ အစိုးရ၊ တပ်မတော် တို့က လက်မခံလျှင် မည်သို့မျှ ရှေ့တိုးရန် မဖြစ်နိုင်သောကြောင့် ပြင်ဆင်ရေး ဆွဲရေး ကိုသာ လက်ခံခြင်းဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။

Loading