လာမည့်ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA ၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များ စုဝေးပြီး နိုဝင်ဘာလတွင် သမ္မတဦးသိန်းစိန်အစိုးရက ရည်မှန်းထားသည့် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်မည် သို့မဟုတ် မပါဝင် ဆွေးနွေးဆုံးဖြတ်ကြတော့မည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့က ၎င်းတို့၏ တောင်းဆိုချက်များကို ယနေ့ထုတ်ပြန်ကြေညာလိုက်သော်လည်း ကချင်လွတ်မြောက်ရေးတပ်ဘက်က မည်သို့သဘောထားမည်မှာ မရှင်းလင်းသေးပါ။ သို့သော် ယခုလ အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များ အချက် ၇ ချက်ပါ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ရှေ့သို့ ခြေတလှမ်းတိုးလိုက်နိုင်ခြင်းဖြစ်သည်ဟု သူတို့က ဆိုကြသော်လည်း အမှန်တကယ်အားဖြင့် ထိုသဘောတူညီချက်သည် အသစ်တခုမဟုတ်ပါ။ အချက် ၇ ချက်အနက် ၄ ချက်မှာ ယခင် သဘောတူညီချက်များထဲမှ ပြန်ယူသုံးထားခြင်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍လည်း ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိပေ။
နှစ်ဘက်လုံးမှာလည်း ခြားနားသည့် အစီအစဉ်များ ရှိနေသည်။ ကချင်လွတ်မြောက်ရေးတပ်မှ ခေါင်းဆောင် များက နိုင်ငံရေးအရ ဆွေးနွေးချင်ကြသည်။ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့က လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် တရားဝင်သဘောတူညီချက် လိုချင်ပုံရသည်။ နှစ်ဖက်လုံးက ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ထား နိုင်ရန် နှင့် နောက်ထပ် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရန် အခွင့်အရေး ဆက်လက်ရှိနေစေရန် အတွက် များစွာထိရောက်မှု မရှိသည့် အချက် ၇ ချက်ပါ သဘောတူညီချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လက်မှတ်ရေးထိုးလိုက်ကြသည်။
လက်မှတ်ရေးထိုးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကချင်ဖက်မှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူ များ တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်၍ စစ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။ အစည်းဝေးခန်း အပြင်ဖက်တွင် အစိုးရ နှင့် ပတ်သက်သည့် အဖွဲ့အစည်းတခု ဖြစ်သော မြန်မာငြိမ်းချမ်းရေး စန်တာ (Myanmar Peace Center) မှ အဖွဲ့ဝင်များ ကို စိုးရိမ်ကြောင့်ကျမှုဖြင့် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် မြင်ရသည်မှာ အပစ်အခတ် ရပ်စဲရေးကို မျှော်လင့်နေ ကြသောကြောင့် ဖြစ်ပုံရသည်။ နောက်ဆုံး အဖြေထွက်လာသည့် အချိန်မှာတော့ သူတို့ စိတ်ပျက်သွားကြသည်။ တကယ်တမ်းတွင် သူတို့သာမဟုတ် သမ္မတဦးသိန်းစိန် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း စိတ်ပျက်ခဲ့ကြရသည် ဟု လေ့လာအကဲခတ်သူများက ဆိုကြသည်။
အစည်းအဝေးပြီးသည့်အခါ KIO အဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆွန်လွတ်ဂွမ်မော်၏ အနားသို့ သတင်းသမားတွေ မေးခွန်းတွေ မေးဖို့ သတင်းသမားတွေ စုရုံးရောက်လာကြသည်။ ကချင်ဗိုလ်ချုပ်၏ အသွင်က သတင်းကောင်းကို ဝေမျှ ပေးဖို့ စိတ်အားထက်သန်နေပုံရသော်လည်း ခိုင်မာသော သတင်း အချက်အလက်များ မပေးခဲ့ပါ။ သူက သံခင်းတမန်ခင်း ဆန်စွာဖြင့် တိကျသေချာသော ရလဒ် သို့မဟုတ် ခိုင်မာသောယုံကြည်မှုကို ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ သို့သော်လည်း အရေးပါသော မှတ်ချက် တစုံတရာမပေးခဲ့သလို ကျေနပ်နှစ်သိမ့်မှု မရှိသည့် အမူအယာလည်း မပြခဲ့ပါ။
မြစ်ကြီးနားမြို့တွင်ပြုလုပ်သော ယင်းဆွေးနွေးပွဲသည် ယခင်လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း၏ ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုစည်းတည်ထောင်ထားသော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရဖက်မှ အမြင်အရကြည့်လျှင် အဆိုပါ အစည်းအဝေးသည် အောင်မြင်မှုမရရှိခဲ့ပေ။ UNFC က ဦးအောင်မင်း သွယ်ဝိုက်၍ ကမ်းလှမ်းလာသော နိုဝင်ဘာလအတွင်းတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင်မင်းက သူ၏ အဖွဲ့ အနေဖြင့် UNFC နှင့် နောက်ထပ်ဆွေးနွေးရန် မရှိတော့ဟု တုန့်ပြန်ပြောဆိုခဲ့ကြောင်း မီဒီယာ အချို့တွင်ဖော်ပြခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံသွားမည် ဟုလည်း သိရသည်။
သူ့အနေဖြင့် ထိုကဲ့သို့ မှတ်ချက်စကား ပြောဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဟု ဝန်ကြီးဦးအောင်မင်းက ဧရာဝတီသို့ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော်လည်း UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိတိုင်း ထိုင်းနိုင်ငံသို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့က အမြဲတမ်းသွားနေရခြင်းသည် မျှတမှု မရှိဟု သူကဆိုသည်။ “အဲဒီ အချိန်တုန်းက ဒါဟာ ကျနော်တို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံတာ နောက်ဆုံးအကြိမ်ပါပဲလို့ သူတို့ကို ကျနော်ပြောခဲ့တယ်။ နောက်ဆိုရင် ကျနော်တို့နိုင်ငံထဲမှာပဲ တွေ့တော့မှာပါ” ဟု ဦးအောင်မင်း ကပြောသည်။
တိုင်းရင်းသား သတင်းရင်းမြစ်များ၏ အဆိုအရ ဦးအောင်မင်း၏ ကိုယ်စားလှယ်အဖွဲ့နှင့် သဘောထားတင်းမာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါဝင်သည့် UNFC အဖွဲ့တို့သည် ဦးတည်ချက် မတူမှုကြောင့် ထိပ်တိုက်တွေ့ခဲ့ကြသည် ဟု သိရသည်။ UNFC က တိုင်းရင်းသားပြည်နယ်များအတွက် အခွင့်အာဏာပိုမိုရရှိစေမည့် ဖက်ဒရယ် စံနစ်ကို အားပေး သည့် လုံးဝအသစ်ဖြစ်သော အခြေခံဥပဒေမူကြမ်းတခုကို ရေးဆွဲနေသည်။ အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ကလည်း ရှိနှင့် ပြီးဖြစ်သော ဥပဒေကို ပြင်ဖို့ပင် မလိုအပ်ဟု ဆိုသည်။ ထို့ကြောင့် နှစ်ဖက်ကြားမှ အင်အားချိနဲ့နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြိုကွဲတော့မည့် အသွင်ဖြစ်လာသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် အကောင်းဆုံးသော နည်းဗျူဟာကို ရွေးချယ်မှုနှင့် ပတ်သက်၍ ကွဲပြားမှုတွေ ဖြစ်နေခဲ့ပြီးဖြစ်သည်။ အချို့က အပစ်အခတ်ရပ်စဲရေးမှနေ၍ ရှေ့ သို့ ဆက်သွားချင်ပြီး အချို့က အစိုးရကို လိုက်လျောခြင်းအားဖြင့် တိုင်းရင်းသားခေါင်းဆောင်အချို့၊ သူတို့၏ လူရင်းများနှင့် စီးပွားရေးသမားများကိုသာ အကျိုးရှိစေနိုင်ပြီး ဒေသတွင်းမှ ပြည်သူများကို ကူညီနိုင်ခြင်းရှိမည် မဟုတ်ဟု စိုးရိမ်နေကြသည်။ သဘောတူညီချက် မည်သည့် အခြေအနေသို့ရောက်ရှိနေသည် ဖြစ်စေ အောက်ခြေအဆင့်မှ အသိုင်းအဝိုင်းများ သည်သာလျှင် အထိခိုက်ဆုံးဖြစ်သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်သည် အောက်ခြေက စတင်ရမည့်အစား အထက်မှ စတင်၍ အောက်သို့ဆင်းသည့် သဘောမျိုးဖြစ်နေသည် ဟုထောက်ပြကြသည်။
အချို့တိုင်းရင်းသား အဖွဲ့များက သူတို့၏ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း တောင်းဆိုခြင်း မပြုခဲ့သည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ တခုရရှိထားသည့် ၀ လက် နက်ကိုင် အဖွဲ့ကလွဲလျှင် တိုင်းရင်းသားအဖွဲ့ အများစုက အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်းတွင် သီးခြားအုပ်ချုပ်ပိုင်ခွင့်ကို တောင်းဆိုခြင်းမှ ရှောင်ရှားကြသည်။ ဖက်ဒရယ်ဝါဒ နှင့် ပတ်သက်သည့် အကြောင်းအရာများကိုပင်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား ခေါင်းဆောင်များက သတိထား၍ ဆွေးနွေးနေရသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗဟိုအစိုးရနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ခုနှစ်က ရှမ်း၊ ကချင်နှင့် ချင်းခေါင်းဆောင်များ၏ ရည်ရွယ်ချက်သည် သီးခြားအုပ်ချုပ်ပိုင်ခွင့်ရရေး ဖြစ်သည်။ သူတို့က ဗမာတိုင်းရင်းသားများ ကြီးစိုးသည့် ဗဟိုအစိုးရအောက်တွင် မနေချင်ခဲ့ကြပေ။ အချို့ တိုင်းရင်းသား အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်ပွဲအတွက် လက်နက်ကိုင်တပ်ဖွဲ့များ တည်ထောင်ရေး ဆုံးဖြတ်ရန်အတွက် အချိန်များစွာ မယူခဲ့ကြပါ။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး အစိုးရနှင့် ပထမအဆင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်များ ကို ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။ ကရင်၊ ရှမ်း၊ မွန်၊ ကချင်၊ ကရင်နီ နှင့် ချင်း အဖွဲ့အားလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးကြသည်။
သို့သော်လည်း ၂၀၁၀ နှင် ၂၀၁၁ ခုနှစ်တို့တွင် ယခင်စစ်အစိုးရက ၎င်း၏ နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းရေး အစီအစဉ် ကို ဖိအားပေး အကောင်အထည်ဖော်လာသည့်အခါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အချို့ ပျက်ပြားခဲ့ရသည်။ အစိုးရ၏ အစီအမံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ တပ်သားများကို အစိုးရတပ်မှုးများက ဦးစီးသည့် နယ်ခြား စောင့် တပ်ဖွဲ့များ အဖြစ်သို့ အသွင်ပြောင်းရန်ဖြစ်သည်။
ကချင် လက်နက်ကိုင်များက ထိုအစီအစဉ်ကို ငြင်းပယ်ခဲ့သည့်အတွက် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ အစိုးရနှင့် KIO တို့၏ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီလမှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ အရှိန်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သော်လည်း ထိခိုက် ကျဆုံးမှု ကြီးမားစွာ ရှိခဲ့ရသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း သမ္မတဦးသိန်းစိန်၏ အစိုးရသည် ၎င်းတို့ အာဏာ ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သော လများအတွင်း မကျေလည်မှုများ ရှိလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။
၀ လက်နက်ကိုင် အဖွဲ့သည် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး တိုင်းရင်းသား အဖွဲ့ဖြစ်ပြီး ၀ ပြည် သွေးစည်း ညီ ညွှတ်ရေး တပ်မတော် (UWSA) သည် တပ်ဖွဲ့ဝင် ၂၅၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ခေတ်မီလက်နက်များ တပ်ဆင်ထား သည်။ သူတို့၏ အခွင့်အရေးနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ကြပြီး ရှမ်းပြည်နယ် အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတခု ကိုတောင်းဆိုနေကြသည်။ သူတို့၏ လိုလားမှုများ ဖြစ်ပေါ်မလာပါက အချိန်မရွေး စစ်ပွဲဆင်နွဲရန် အသင့်ရှိ သည်ဟုလည်း သူတို့က ပြောကြသည်။
တရုတ်-မြန်မာ နယ်စပ်အနီးမှ ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်ဌာနချုပ် ရှိရာ ပန်ဆန်း အပါအဝင် ဝတပ်ဖွဲ့၏ အမာခံနေရာများသို့ သွားရောက်လေ့လာခွင့်ရရှိခဲ့သည့် စာနယ်ဇင်းသမားများက ဝအဖွဲ့သည် ဦးသိန်းစိန် အစိုးရ၏ အုပ်ချုပ် မှု အောက်တွင် နေဖို့ ဆန္ဒရှိပုံမရကြောင်း သူတို့၏ အမြင်ကိုပြောကြသည်။ ၀ ဒေသသည် မြန်မာနိုင်ငံ အပြင်ဖက်မှ သီးခြား နိုင်ငံတခုနှင့် ပို၍ တူနေပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲအဖွဲ့ နှင့် အခြားအခြေခံ အဆောက်အဦးများ ရှိနေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားက အခြေခံဥပဒေပြင်ဆင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးရန်နှင့် ၎င်းတို့၏ နယ် မြေများ အတွင်းရှိ အစိုးရတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုနေကြသည်။ သို့သော်လည်း အစိုးရက ၎င်းတို့ ၏ လိုလားတောင်းဆိုမှုများကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပယ်ချပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကိုသာ ပထမဦးစားပေးထား၍ ဆက်လက်ဆောင်ရွက်နေသည်။ ထို့ကြောင့် တိုင်းရင်းသား အဖွဲ့များကြားတွင် လည်း အစိုးရနှင့် တွဲဖက်၍ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နေချိန်တွင် နိုင်ငံရေး တောင်းဆိုမှု များကိုဘေးဖယ်ထားချင်သည့် သဘောထားပျော့ပြောင်း သည့် အဖွဲ့များနှင့် မူဝါဒအရ အားကောင်းသော်လည်း လက်တွေ့ တွင် အားနည်းနေမှု အပေါ် အပြစ်တင် ဝေဖန်လျှက်ရှိသော UNFC ကဲ့သို့ သဘောထား တင်းမာသည့်အဖွဲ့များ ဟု၍ ကွဲပြားမှုတွေ ရှိလာသည်။
နောက်လတွင် ကျင်းပမည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အစည်းအဝေးသို့ မည်သည့်အဖွဲ့များက ကိုယ်စားပြုတက် ရောက်မည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပါ။ ယခင်အပတ်က ဝန်ကြီး ဦးအောင်မင်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ခြင်းသည် အဆိုပါအဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်စေရန်အတွက် သိမ်းသွင်းဖို့ ကြိုးပမ်းနေကြောင်း ထင်ရှားသည့် အချက်တခု ဖြစ်ပါသည်။ ဦးအောင်မင်းက KNPP ၏ ဒုတိယ ဥက္ကဌ ဦးခူဦးရယ် နှင့် တွေ့ဆုံပြီး အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်းကို ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။
“အဲဒါက အရမ်းကို အသေးစိတ်တဲ့ အတွက် အားလုံးကို ကျနော် မရှင်းပြနိုင်ပါဘူး၊ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ တန်းတူညီမျှမှု၊ အပစ်အခတ်ရပ်စဲရေး နဲ့ နိုင်ငံရေးဆွေးနွေးမှုကို သွားနိုင်တဲ့ လမ်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ တကယ်လို့ အစိုးရဖက်က သူ့ရဲ့ မူကြမ်းမှာ ဖော်ပြထားတဲ့ အဆင့် တွေ အတိုင်း တိတိကျကျ အကောင်အထည်ဖော်သွားမယ်ဆိုရင် ကျနော်တို့ နိုင်ငံအတွက် တကယ်ကို ကောင်းသွားမယ်လို့ ကျနော် ထင်ပါတယ်” ဟု KNPP ၏ တွဲဖက် အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဧရာဝတီသို့ပြောသည်။ အဆိုပါ သဘောတူညီချက်မူကြမ်းကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အတည်ပြုပေးရန် တင်ပြ ထားသည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြောင်း သူက ထပ်ပြောသည်။
အကယ်၍ အစိုးရဖက်က စီစဉ်ထားသည့်အတိုင်း နောက်လတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက် ရရှိနိုင်မည်ဆိုလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ချီးကျူးကြမည်ဖြစ်ပြီး တိုင်းပြည်၏ ပြုပြင်ပြောင်း လဲရေးကို ထောက်ခံကူညီကြမည်ဖြစ်သည်။ သို့သော်လည်း ကွဲပြားနေသော တိုင်းရင်းသားအဖွဲ့များက လမ်းဆုံလမ်းခွတွင် ကျန်ရှိနေဆဲဖြစ်သည်။
“ကချင်တွေကတော့ အစိုးရကို ခုခံရင်းနောက်ဆုံးအထိ ကျန်နေခဲ့မယ် ထင်ပါတယ်။ ကရင်တွေက ဘာဖြစ်လို့ ဒီလိုမျိုး ခံစားချက် မပါတဲ့ အလုပ်တွေလုပ်ရသလဲ မသိဘူး” ဟု မြစ်ကြီးနားရှိ မအာဇန်ညော် က မကြာသေးခင်က ဧရာဝတီသို့ ပြောသည်။
ကရင် လက်နက်ကိုင် အဖွဲ့တခုဖြစ်သော KNU သည် အစိုးရ၏ တောင်းဆိုမှုများကို လိုက်လျောပြီး သဘာဝအရင်း အမြစ် ကြွယ်ဝသည့် ကရင်ပြည်နယ်တွင် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို အားပေး ဆောင်ရွက်နေသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
“တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ သူတို့တကယ်လိုအပ်တာကို ဖိဖိစီးစီး တောင်းဆိုရမယ့် အချိန်၊ သူတို့ရဲ့ တောင်းဆိုမှုတွေ ဖြစ်မလာဘူးဆိုရင် အစိုးရနဲ့ ဆက်ဆံနေမှုကို ရပ်တန့်ပစ်ရမယ့် အချိန် ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လေ့လာ သုံးသပ်နေသူ တဦးက ဆိုသည်။
“ဗမာတွေ ဦးဆောင်တဲ့ အစိုးရက ဗမာ မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကို အလေး မထား၊ အသိအမှတ် မပြုဘဲနဲ့တော့ ဗမာတွေကြီးစိုးတဲ့ အစိုးရနဲ့ အတူတွဲပြီး ကာလရှည်ကြာနေထိုင်ဖို့ ဖြစ်မလာနိုင်ပါဘူး။ အစိုးရက အစပြုတဲ့ အစီအစဉ်တွေကို စောင့်နေမယ့် အစား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်ကလည်း စတင် ဆောင်ရွက်သင့်ပါတယ်” ဟု သူက ထပ်ပြောသည်။
(ငြိမ်းငြိမ်း ပူးပေါင်း ရေးသား သတင်းပေးပို့သည်။)