မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ပြဿနာများ ဖြစ်သော လူမျိုးအုပ်စုများအကြား ပြဿနာများ၊ မြေယာပိုင်ဆိုင်မှု၊ ဈေးကွက် လက်ဝါးကြီး အုပ်ထားမှုတို့ကို ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ငြိမ်းချမ်းရေး နှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာစီးပွားရေး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (MPM) နှင့် နိုင်ငံတကာ မြန်မာ့သတင်း (BNI) တို့ ပူးတွဲထုတ်ပြန်သည့်
ယင်းအစီရင်ခံစာနှင့် ပတ်သက်သော ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library တွင် ကျင်းပသည်။
အဆိုပါ အစီရင်ခံစာတွင် စီးပွားရေး ပြဿနာသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အာဏာနိုင်ငံရေး နှင့် ခွဲမရအောင်
ဆက်စပ်လျက် ရှိကြောင်းလည်း ထောက်ပြထားသည်။
အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ မီဒီယာများ
အခန်းကဏ္ဍများ ပါဝင်ကြောင်း၊ အပြောင်းအလဲအတွင်း လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု
အခြေအနေများ ဆက်စပ်မှုအပေါ် စုစည်းတင်ပြထားကြောင်း၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုရန် ထုတ်ဝေခြင်းဖြစ်ကြောင်း BNI အဖွဲ့ဝင်ဖြစ်သည့် ကရင်သတင်းဌာန မှ နန်းဖော့ဂေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ဒီစာအုပ်ထဲမှာကတော့ စီးပွားရေး နစ်နာချက်၊ ပြသနာဖြစ်ရတဲ့အကြောင်းရင်း၊ ကြိုးစားဖြေရှင်းတဲ့နည်းလမ်း၊ လေ့လာတွေ့ရှိချက်ဆိုပြီး ပါဝင်ပါတယ်။ အပစ်ခတ်ရပ်စဲလုပ်ပြီး တနှစ်ကျော် နှစ်နှစ်နီးပါးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက တိုင်းရင်းသားဒေသတွေမှာ ပိုမိုလုပ်ဆောင်လာပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေး နည်းပါးလာတာကို တွေ့ရပါတယ်” ဟု နန်းဖော့ဂေက ပြောသည်။
စီးပွားရေးပြဿနာသည် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် တိုင်းရင်းသားဒေသများရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်အာဏာများနှင့် ပတ်သက်၍ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ တရားဝင် ဆက်လက်ရပ်တည်ရေး၊ လူမှုစီးပွားရေးတွင် တရားမျှတမှု မရှိသည့် လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
“ဒီအစီရင်ခံစာက မြန်မာပြည် လူမှုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသားလ က်နက်ကိုင်တပ်ဖွဲ့တွေ၊ အစိုးရ၊ မီဒီယာတွေအတွက် အရမ်းအရေးပါတဲ့ စာအုပ်ဖြစ်မှာပါ။ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးရေးကြောင်း ဆုံးရှုံးမှု များပါတယ်။အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေ အတွက် ဆိုးကျိုး ဘယ်လောက်ရှိလဲ ကောင်းကျိုး ဘယ်လောက်ရှိလဲ ဆိုတာ တိုင်းပြီးလုပ်ဆောင်သင့်ပါတယ်” ဟု BNI အဖွဲ့ဝင်ဖြစ်သည့် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ နိုင်ကဆော့မွန် က ဆိုသည်။
လူ့အခွင့်အရေးနှင့် ပတ်သတ်ပြီး တိုင်းရင်းသားများတွင် အများဆုံး ခံစားနေရကြောင်း၊ အဓိကအားဖြင့် လယ်ယာမြေ အသိမ်းခံနေရမှုများကြောင့်၊ စီးပွားရေး စီမံကိန်းကြောင့် စစ်တပ်အင်အား တိုးချဲ့ချထားလာခြင်း၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် ထိခိုက်ရောက်မှုများ၊ တိုင်းရင်းသားဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်နစ်နာမှုများကိုလည်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
အစီရင်ခံစာကို ထုတ်ဝေသည့်BNI အဖွဲ့ကို ၂၀၀၃ ခုနစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမီဒီယာအဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ ပါဝင်သော မီဒီယာကွန်ယက်တခု ဖြစ်သည်။