Ethnic Issues

ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ မှတ်ချက်အပေါ် သဘောထား ကွဲ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို ဦးတည်ချက်ထားသည့် လူမျိုးဖြုတ် သတ်ဖြတ်မှုများ မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဗုဒ္ဓ ဘာသာဝင်များ ကြားတွင်လည်း ဘာသာရေးပဋိပက္ခနှင့် တင်းမာမှုများကြောင့် ကြောက်ရွံ့မှုများကို ခံစားခဲ့ရသည်ဟု ပြောခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် လူသိများသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး ဆောင်ရွက်သူများနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဝေဖန်ပြောဆိုမှုနှင့် ထောက်ခံမှုများ အမျိုးမျိုး ရှိနေသည်။

ဘီဘီစီ သတင်းဌာနနှင့် ယခင်အပတ် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လူဦးရေ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည့် ဆူပူအကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာဝင်များကြားတွင်လည်း မွတ်ဆလင်များကဲ့သို့ အကြောက်တရားကို ခံစားခဲ့ရသဖြင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“ဒါဟာ လူမျိုးဖြုတ် သတ်ဖြတ်မှုမဟုတ်ပါဘူး။ နှစ်ဖက်လုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြောက်ရွံ့မှုကြောင့်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ နားလည်ထားဖို့ လိုအပ်တာက ကြောက်ရွံ့မှုကို မွတ်ဆလင်တွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘက်မှာလဲ တူတူပါပဲ။ ဟုတ်ပါတယ်။ မွတ်ဆလင်တွေဟာ ပစ်မှတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ပဋိပက္ခတွေဆီကို တွန်းပို့ ခံခဲ့ရပါတယ်။ နှစ်ဘက်လုံးမှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ ဒါဟာ အားလုံးကို ဒုက္ခတွေဆီ ပို့ဆောင်လိုက်တဲ့ အကြောင်းတရားပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယမန်နှစ်က စတင်ဖြစ်ပွားခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မပြုခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က “မွတ်ဆလင် အင်အားနဲ့ ပတ်သက်လို့ ကမ္ဘာ့ မွတ်ဆလင် အင်အားဟာ အရမ်းကြီးမားတယ် ဆိုတဲ့ အမြင်တခု ရှိနေပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ ဒီအမြင် ရှိနေပါတယ်။ ကျမတို့ နိုင်ငံမှာလည်း တူတူပါပဲ။ ဒီအမြင် ရှိနေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလတွင် နှစ်ကြိမ် အထိဖြစ်ပွားခဲ့သော ပဋိပက္ခများပြီးကတည်းက ဆင်းရဲညစ်ပတ်သော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည့် မွတ်ဆလင်များနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တွေ့ကြုံခံစားခဲ့ရ သည်ဟု ဆိုသည်။

“အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက အမြောက်အများကို ထိုင်းနိုင်ငံမှာ တွေ့နိုင်ပါ တယ်။ ကမ္ဘာအနှံ့မှာ ပြန့်ကြဲရောက်ရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါဟာ ကျမတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ အာဏာရှင်စနစ် ရဲ့ ရလဒ်ပါ။ ကျမထင်ပါတယ်။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရမယ်ဆိုရင် လူတွေက တယောက်ကို တယောက် ယုံကြည်ဖို့ကို မသင်ကြားနိုင်တော့ဘူး။ အာဏာရှင် စနစ်ဟာ မယုံကြည်မှုနဲ့ သံသယ တွေပြည့်နေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်” ဟု ဆိုပြီး အကြမ်းဖက် ဆူပူမှုများ၏ လက်သည်တရားခံများကို ဖော်ထုတ် အရေးယူပေးရန်လည်း အစိုးရကို သူက တောင်းဆို လိုက်သည်။

“ကျမတို့ အတိုက်အခံ အဖွဲ့ဝင်တွေကို ဘယ်လိုခံစားရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေမေး နေမယ့်အစား မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရကို သူတို့ရဲ့ မူဝါဒက ဘယ်လိုလဲ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် ခရီး ရောက်နေပြီလဲ၊ ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ ဆိုတာမေးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ဟာ အစိုးရ တရပ် လုပ်ဆောင်ရမယ့် ဒီလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နေရာမှာရှိမနေဘူး ဆိုတာ ရှင်တို့ သိသင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတလွှားသို့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ဘီဘီစီ ရုပ်မြင်သံကြား၏ အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။

ဥရောပ ခရီးစဉ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အပတ် အင်္ဂါနေ့က ပြင်သစ်သို့ သွားရောက်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ရရှိခဲ့သော်လည်း လက်ခံယူနိုင်ခြင်း မရှိခဲ့သည့် ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။

တိုက်ဆိုင်စွာပင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများသည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့သည်။

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မြန်မာနိုင်ငံက မွတ်ဆလင်ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အကြီးမားဆုံး တားဆီး ခြိမ်းခြောက်နေမှုတွေထဲက တခုဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေပါတယ်။” ဟု ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော တတိယ ကော်မီတီသို့ တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ အင်တာဗျူးအပေါ်လည်း တိုက်ရိုက် ဝေဖန်တုန့်ပြန်ခဲ့ကြသည်။ လန်ဒန်မြို့ရှိ The Daily Telegraph သတင်းစာမှ နိုင်ငံခြားရေးရာ သတင်းထောက်ချုပ် ဒေးဗစ်ဘလဲက “ဒီလိုမျိုး ရေးရလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီမနက် BBC ရဲ့ Today အစီအစဉ်မှာ အောင်ဆန်းစုကြည် ဒီလိုပြောတာ ကြားလိုက်ရတော့ ကျနော် အရမ်းတုန်လှုပ်သွားပါတယ်။ ပဋိပက္ခတွေမှာ ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး နားလည်ရခက်တဲ့ သူ့သဘောထားက စိတ်ပျက်စရာပါ” ဟု သတင်းစာ ဝက်ဘ်ဆိုက်ပေါ်တွင် မှတ်ချက်ပေးခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အစိုးရ အုပ်ချုပ်ရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်၏ အတိုက်အခံအဖြစ် ရပ်တည်ပေးဆပ်ခဲ့သည့်အတွက် တိုင်းသူပြည်သား အများစု၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်အပေါ် စာနာနားလည်ပေးနိုင်သော မြန်မာများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေးဆိုင်ရာ ဂျာနယ်၏ အယ်ဒီတာ တဦးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သင့်သည်ဟု ပြောသော်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေသည့် အချိန်တွင် တဘက်ဘက်ကို မျက်နှာသာပေးခြင်းမှ ရှောင်လွှဲဖို့ ဆုံးဖြတ်လိုက်သည့် အပေါ် နားလည်နိုင်ပါသည်ဟု  ဆိုသည်။

“သူက သံတမန်နည်းကျကျ ပြောသွားတာပါ။ သူက ဗုဒ္ဓဘာသာဝင် လူများစုရဲ့ မဲတွေကို အဆုံးရှုံး မခံနိုင်ဘူး။ နောက်ပြီး သူက အရင်နှစ်က ပဋိပက္ခတွေမှာ ဓားစာခံဖြစ်ခဲ့တဲ့ မွတ်ဆလင််တွေကိုလည်း ထိခိုက်နစ်နာမှု မဖြစ်စေချင်ပါဘူး” ဟု ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Knowledge Society က မကြာသေးမီကမှ ထုတ်ဝေဖြန့်ချိခဲ့သော Human Rights and Democracy ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေယံဘုန်း ကပြောသည်။

ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် တာဝန်ရှိနေသော တရားခံများကို ဖော်ထုတ်အရေးယူရန်အတွက် အစိုးရဘက် က လုံလောက်သော တာဝန်ယူမှု မရှိခဲ့ဟု ပြောဆိုမှုကို သူကလည်း သဘောတူသည်။

“မတူညီတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေကြားမှာ အမုန်းစကားတွေ ပြန့်ပွားနေတာကို ရပ်တန့်စေဖို့နဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးဖို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အရပ်ဘက်အဖွဲ့ အစည်းတွေကပဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးကြဖို့ ဦးစီးလုပ်နေရသေးတယ်။ အစိုးရဘက်ကတော့ ဒီကိစ္စကို ဖွင့်ဟပြောဖို့ အရမ်းဝန်လေးနေတုန်းပဲ။ ကျနော်တို့ လေ့လာကြည့်ခဲ့သလိုဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာမှ မလုပ်ခဲ့ကြဘူး။ မွတ်ဆလင်တွေကို လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေတဲ့ အချိန်မှာတောင် မတားဆီးနိုင်ခဲ့ကြပါဘူး” ဟု ဦးဝေယံဘုန်း က ပြောသည်။

“သူ ဒီထက်ပိုပြီး ပြောသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီအကြောင်းအရာကို ရောက်လာတဲ့အခါ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှု အကြောင်းတွေနဲ့ ပတ်သက်ရင် ပြောသင့်သလောက် မပြောဘူး” ဟု သူက ထပ်ပြောသည်။

မြန်မာနိုင်ငံမှ ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးပြုံးချိုကလည်း အစိုးရ၏ ဝတ္တရားနှင့် ပတ်သက်၍ ထောက်ပြသည့် အချက်ကို ထောက်ခံသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေကို အကြံပေး ချင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ သူ၏ အမြင်များသည် အဖွဲ့အစည်း၏ အမြင်ဟု မယူဆရန်လည်း ဦးပြုံးချိုက ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမျိုးဖြုတ် သုတ်သင်ရေး အဖြစ် ဖော်ပြခြင်း မပြုရန်လည်း သူက တောင်းဆိုလိုက်သည်။ အမေရိကန် အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ယခုနှစ် အစောပိုင်းက အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ရာတွင် ဤသို့ ရည်ညွှန်းဖော်ပြခဲ့သည်။

“လူမျိုးဖြုတ် သုတ်သင်ခြင်း” ဟုသော အသုံးအနှုှုံးကို မည်သည့်အတွက်ကြောင့် လက်မခံနိုင်ရပါသနည်းဟု မေးသည့် အခါ ဦးပြုံးချိုက “ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လုံးက အကြမ်းဖက်ခဲ့ကြတယ်။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တန့် ဖြေရှင်းနိုင်ဖို့ အတွက် လူတိုင်းကြိုးစားသင့်ပါတယ်” ဟု ပြောသည်။

ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်တွင် အဓိကကျသည့် ထိုးနှက်မှုများ ဖြစ်လာသည်။ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ ရိုဟင်ဂျာဟု ခေါ်ကြသည့် မွတ်ဆလင်များ ဖြစ်ကြသည်။ မွတ်ဆလင် မိသားစု အများအပြားသည် မြန်မာနိုင်ငံအတွင်းတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများ ဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။

မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများသည် ပြီးခဲ့သည့် နှစ်အတွင်းတွင် ကြီးထွားပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း အစောပိုင်းကလည်း မြန်မာနိုင်ငံ အနောက်ပိုင်း သံတွဲမြို့အနီးတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့သေးသည်။ ယခုတကြိမ် အကြမ်းဖက်မှုများ တွင် ပစ်မှတ်အထားခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံထားရသော ကမန်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုန်းကြီးများ ပညာသင်ကြားရေးကို ကူညီထောက်ပံ့ပေးနေသော ရန်ကုန် အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့တခုမှ ခေါင်းဆောင် တဦးဖြစ်သော ဦးကြည်ထွေးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလ အတောအတွင်း ဘာသာရေး တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော် မှတ်ချက်များများ မပေးချင်ပါဘူး။ အခြေခံအားဖြင့်တော့ သဘောတူပါတယ်” ဟု နှစ်စဉ် ကိုရင်များ အတွက် စာမေးပွဲများ ကျင်းပပေးပြီး ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးကို ဆောင် ရွက်နေသော ရှင်သာမဏေ ဓမ္မဗိမ္မာန် သာသနာ့ဝန်ဆောင် အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးကြည်ထွေးက ပြောသည်။

“ဒါပေမယ့် ပြဿနာတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်လို့တော့ နည်းနည်းပြောချင်ပါတယ်။ အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ လက်တွဲပြီး ငြိမ်းချမ်းစွာနဲ့ နှစ်ပေါင်း ရာနဲ့ချီပြီး အတူတကွ နေလာခဲ့ကြပါတယ်။ ပြဿနာက မွတ်ဆလင်တွေရဲ့ ခေတ်သစ် အဆုံးအမတွေနဲ့ လုပ်ရပ်တွေကြောင့်ပါ။ သူတို့က အရမ်းကို ရန်လိုလာကြပြီး ဗုဒ္ဓဘာသာဝင်တွေက သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်” ဟု သူက ဆိုသည်။

“အစိုးရ အနေနဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ မူဝါဒတခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်ပါတယ်။ စီးပွားရေးကို ကောင်းမွန်လာအောင် ပြုပြင်ပေးဖို့လဲ လိုပါတယ်။ ဒုတိယ အရေးအကြီးဆုံးနဲ့ အမြန်ဆုံးလုပ်ဆောင်ရမှာကတော့ နယ်စပ်ကို လုံခြုံအောင် လုပ်ဖို့ပါပဲ။ တရားမဝင် နိုင်ငံခြားသားတွေ ထပ်ပြီး ဝင်မလာနိုင်အောင် လုပ်ရပါမယ်” ဟုလည်း ဦးကြည်ထွေး ကပြောသည်။

ထိုအချိန်တွင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ စကားနှင့် ပတ်သက်၍ “လုံး၀ အဓိပ္ပါယ်မရှိ” ဟု ဆိုသည်။

“နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က မြန်မာနိုင်ငံက မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို “ကြောက်ရွံ့မှု” ကြောင့် ဖြစ်ရတယ်လို့ ဖွင့်ဆိုသွားတာ လုံး၀ အဓိပ္ပါယ် မရှိပါဘူး။ ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်ဆလင်တွေပဲ သားကောင်ဖြစ်ရတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အမြဲတမ်း တဖက်သတ် ဖြစ်ခဲ့ပါတယ်” ဟု Arakan Rohingya Union ၏ ညွှန်ကြားရေးမှူးချုပ် ဝါကာအူဒင်က ယခင်အပတ်က ထုတ်ပြန်ကြေညာခဲ့သည်။

ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Arakan Project မှ ဒါရိုက်တာ ခရစ်စ်လေးဝါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပိုမိုတာဝန်ယူ ပြောကြားပေးရန် တောင်းဆိုသည်။ “တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး အစိုးရ အပေါ်မှာ ပုံချဖို့က လွယ်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ NLD အပါအဝင် တာဝန်ရှိသူတွေ အားလုံးဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ မွတ်ဆလင် မုန်းတီးရေး စိတ်ဓာတ်တွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်” ဟု သူကပြောသည်။

မြန်မာ မွတ်ဆလင် အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို လူမျိုးဖြုတ် သုတ်သင်ရေးဟု မသတ်မှတ်နိုင်ဟု ဆိုလျှင်ပင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းမှာ အလွန်ရှင်းလင်းစွာ သိနိုင်ကြောင်း ပြောသည်။ “မဖြေရှင်းရသေးတဲ့ ပြဿနာက ရှိနေတုန်းပါပဲ” ဟု သူကပြောသည်။ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ လိုသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို သဘောတူသည်ဟုလည်း သူက ဆက်ပြောသည်။

သို့သော်လည်း  စစ်အုပ်ချုပ်ရေးကာလအတွင်း တွင် ဗုဒ္ဓဘာသာဝင်များသည်လည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ခဲ့ရသည်ဟု အတိုက်အခံခေါင်းဆောင်က တုန့်ပြန်ခဲ့သည့် အပေါ်တွင် စိတ်ပျက်မိသည်ဟုလည်း ဦးမျိုးဝင်းက ဆိုသည်။

“မွတ်ဆလင်တွေ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်လို့ သူပြောမယ်လို့ ကျနော်က မျှော်လင့်ထားခဲ့တာ” ဟု သူက ပြောသည်။ “တကယ်လည်း မြန်မာ မွတ်ဆလင် အများအပြားဟာ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာလည်း အခြေတကျ ပေါင်းစည်းမိသားပါ။ ဒါက လက်ရှိကာလရဲ့ အခြေအနေလည်း ဖြစ်ပါတယ်”  ဟု ဦးမျိုးဝင်းက ပြောဆိုခဲ့သည်။

Loading