ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ အရှုံးပေါ်နေသည့်အတွက် လျှပ်စစ်မီတာခ နှုန်းထားများကို နိုဝင်ဘာလ သုံးစွဲမှုအပေါ် စတင်၍ လာမည့် ဒီဇင်ဘာတွင် ယူနစ်အလိုက် ပြောင်းလဲ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူ (အိမ်သုံး)၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တလုံးတခဲတည်း၊ ယာယီသုံး) နှင့် အစိုးရဌာနသုံး မီတာများကို သုံးစွဲသည့် ယူနစ်ပေါ် မူတည်၍ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ယနေ့ထုတ် အစိုးရ သတင်းစာများမှတဆင့် ထုတ်ပြန် ကြေညာထားသည်။
နိုင်ငံတဝှမ်းသို့ ဖြန့်ဖြူးနေသည့် လျှစ်စစ်ဓာတ်အားများမှာ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတို့မှ ရရှိသည့် လျှပ်စစ်ဓာတ်အားများကို စုစည်း၍ တနိုင်ငံလုံးသို့ တယူနစ်လျှင် ၇၈ ကျပ်ဖြင့် တနှစ်လျှင် ငွေကျပ် သန်းပေါင်း ၁၈၅ ဘီလျံကျော် အရှုံးခံ ဖြန့်ဖြူးပေးနေရသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက ဆက်လက်၍ “တခြားနိုင်ငံတွေမှာဆိုရင် ၂ ပတ်၊ ၃ ပတ် တခါလောက် မီတာနှုန်းထားတွေက ပြောင်းနေတာ၊ ဒီမှာက အပြောင်းအလဲလုပ်တာ နည်းပါတယ်။ အခုလို ပြောင်းလဲ ကောက်ခံလိုက်တာတောင် နိုင်ငံတော်က တယူနစ်ကို ၂၂ ကျပ် ရှုံးနေသေးတယ်” ဟု ရှင်းပြသည်။
လျှပ်စစ်မီတာခများကို အများပြည်သူ(အိမ်သုံး) မီတာကို ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ယခင်နှုန်းထားအတိုင်း ၃၅ ကျပ် ဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်နှင့် အထက်သုံးစွဲမှုကိုသာ ၅၀ ကျပ်ဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း၊
စီးပွားရေးလုပ်ငန်းသုံး မီတာများကို ယခင်က ၁ ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံခဲ့သော်လည်း လာမည့် ဒီဇင်ဘာလမှ စတင်ကာ ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိကို ၁၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၅၀၀၀၁ ယူနစ်နှင့် အထက်ကို ၁၅၀ ကျပ်ဖြင့် လည်းကောင်း
ပြောင်းလဲကောက်ခံမည်ဟု သိရသည်။
ထို့ပြင် အစိုးရဌာနသုံး မီတာခများကို ရုံးသုံးမီတာ တယူနစ်လျှင် ၅၀ ကျပ်နှင့် စက်မှုသုံးမီတာ တယူနစ်လျှင် ၁၀၀ ကျပ်ဖြင့်
ကောက်ခံသွားမည် ဖြစ်သည်။
“မီတာခ ပြောင်းတာဆိုလို့ စက်မှုလုပ်ငန်းတွေပဲ ရှိမယ်။ အရှုံးခံပြီး ဖြန့်ဖြူးနေတာကို သူတို့ဆီကနေ ပြန်ယူလိုက်တဲ့ သဘောပဲ။
အိမ်သုံးမီတာတွေမှာလည်း များများသုံးတဲ့သူတွေလည်းခြွေတာရာ ရောက်တာပေါ့” ဟု အထက်ပါ အမည်မဖော်လိုသူ ပုဂ္ဂိုလ်က ပြောသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်၌ စရိတ်လုံလောက်မှု မရှိသည့်အတွက် ဓာတ်အားဖြန့်ဖြူးမှုစနစ်များ
ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ဘဲ မီးမကြာခဏပျက်ခြင်း၊ ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများကို မပြုပြင်နိုင်ခြင်း စသည့် ကိစ္စများတွင် စွမ်းဆောင်ရည် ကျဆင်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။
“စက်မှုဇုန်ထဲမှာ လုပ်နေတဲ့ လုပ်ငန်းသုံး မီတာခတွေကတော့ ဈေးကြီးနေပြီး ရပ်ကွက်မြို့နယ်တွေမှာ ရှိနေတဲ့ လုပ်ငန်းသုံး မီတာတွေကတော့ ဈေးပေါနေရင် စက်မှုဇုန်တွေအကုန် ရပ်ကွက်ထဲရွှေ့ကုန်မှာပေါ့။ အားလုံး တပြေးညီဖြစ်ဖို့တော့ လိုလိမ့်မယ်” ဟု ငါး၊ ပုဇွန်လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
စက်မှုဇုန်တွင် သုံးစွဲနေရသည့် မီတာခနှုန်းထားနှင့် ရပ်ကွက်၊ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်၍ သုံးစဲွဲနေသည့် မီတာခများမှာ
မတူညီသည့်အတွက် စက်မှုဇုန် လုပ်ငန်းရှင်များဘက်က လုပ်ငန်းသုံး မီတာခများ အားလုံးကို တပြေးညီသာ ကောက်ခံသင့်သည်ဟု
ပြောဆိုနေကြသည်။