၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်က ထပ်မံ တာဝန်ထမ်းဆောင်မည် မဟုတ်ဟု ယခင်တပတ်က သူရဦးရွှေမန်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုသည် သမ္မတ၏ သဘောထား မဟုတ်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုန့်ပြန် ပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးနှင့် အာဏာရပါတီ အသိုင်းအဝိုင်းကြား ဦးသိန်းစိန် ထောက်ခံသော အုပ်စုနှင့် ဦးရွှေမန်း ထောက်ခံသော အုပ်စု ၂ ခု ပိုမိုပေါ်လွင် လာနေပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခြမ်းကွဲတော့မလား ဟု မေးခွန်းထုတ်ရန် ဖြစ်လာနေစေသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူး ပါဝင်ယှဉ်ပြိုင်ခြင်းကို သမ္မတကိုယ်တိုင် တိုင်းပြည်သို့ အသိပေးမည် ဖြစ်ပြီး ကြားလူမှတဆင့် အသိပေးစရာ အကြောင်းမရှိဟု ဦးရဲထွဋ်က အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် 7 Day Daily သတင်းစာသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
”ဦးရွှေမန်း ဘယ်လို သဘောမျိုးနဲ့ ဒါကို ထုတ်ပြောတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် သမ္မတကြီးက သူ့သဘောထား ဆုံးဖြတ်ချက်တွေကို ပြည်သူထံ အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြောကြားမှာပါ။ အခုလို ကြားလူကတဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး” ဟု သမ္မတပြောရေးဆိုခွင့် ရှိသူက ပြောဆိုကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သူက ပါတီကို ဦးဆောင်ပြီး သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်မည်ကို နှစ်ဖက်စလုံးက အလျှော့ပေးမည့်ပုံ မပေါ်သောအခါ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီတွင် လက်ရှိသမ္မ တဦးသိန်းစိန်ကို ထောက်ခံသော အုပ်စုနှင့် လွှတ်တော် နာယက သူရဦးရွှေမန်းကို ထောက်ခံသော အုပ်စုဟူ၍ နှစ်မျိုးပေါ်ပေါက်လာနိုင်ကြောင်း ပါတီနှစ်ခြမ်းကွဲနိုင်သည် အထိ ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထင်မြင်သုံးသပ်လာကြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှာ စစ်တပ် ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော ပါတီတခု ဖြစ်သောကြောင့် အလွယ်တကူ မပြိုကွဲနိုင်သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေအရ သမ္မတ ဦးသိန်းစိန် ပါတီတခု ထပ်၍ ထူထောင်ပါကလည်း တိုင်းပြည် မပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် အမတ်ဖြစ်သူ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။
”ဦးသိန်းစိန် ပါတီထောင်မယ် ဆိုရင်လည်း တိုင်းပြည်ပြိုကွဲဖို့တော့ မရှိဘူး။ အခု တိုင်းပြည်မှာက အမျိုးသား အကျိုးစီးပွားကိုပဲ လုပ်မယ်ဆိုတဲ့ အမျိုးသားရေးပါတီ ပေါ်လာရင် ထောက်ခံမယ့် အမျိုးသားရေး စိတ်ဓာတ်ကဲတဲ့ အုပ်စုတွေ ရှိနေတယ်။ အဲဒါကို ဦးသိန်းစိန်က တွက်ချက်ပြီးတော့ ကြားအဖွဲ့တဖွဲ့ ထောင်လိုက်ရင် လက်ရှိအတိုင်း ဘာမှမပြောင်းဘဲနဲ့ NLD ရော ကြံခိုင်ရေးရော ငြိမ်သွားလိမ့်မယ်” ဟု ဦးလှဆွေက မှတ်ချက်ပေးသည်။
ထိုကဲ့သို့ အမျိုးသားရေးပါတီ ပေါ်ပေါက်လာပါက ဒေသစွဲ၊ လူမျိုးစွဲ ၊ ဝါဒစွဲကြီးသော ဗမာလူမျိုးများက ထောက်ခံလိမ့်မည် ဖြစ်ကြောင်း၊ ယခု နိုင်ငံရေး အခြေအနေတွင် NLD ပါတီနှင့် ကြံခိုင်ရေး ပါတီ နှစ်ခုစလုံးကို မကြိုက်ကြသူများ ရှိနေကြောင်း၊ တိုင်းရင်းသား ဒေသများတွင်လည်း ဒေသခံပါတီများကသာ အောင်ပွဲခံလိမ့်မည် ဖြစ်ကြောင်း ဦးလှဆွေက သုံးသပ်သည်။
သို့ရာတွင် သမ္မတ လုပ်ချင်နေသူများနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက် မပေးလိုသော်လည်း ပါတီမှာ တဦးတယောက်၏ ဦးဆောင်မှုအောက်တွင် မရှိဘဲ အများဆန္ဒဖြင့် ဖွဲ့စည်းထားသောကြောင့် လုံးဝမပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။
”သမ္မတကတော့ လူတိုင်းလုပ်နိုင်ပါတယ်။ သူ( ဦးရွှေမန်း) လည်းပဲ အရင်တုန်းက ထိပ်ပိုင်း ခေါင်းဆောင်ပဲလေ။ လုပ်နိုင်မှာပေါ့။ ကျနော်တို့ ပါတီမှာတော့ ဘယ်သူကို သမ္မတ ဆိုတာတော့ မသတ်မှတ်သေးဘူး။ မဆွေးနွေးကြသေးဘူး။ လောလောဆယ် စောသေးတယ်။ လက်ရှိတော့ ပါတီဥက္ကဌ ရာထူးကို ဦးရွှေမန်း ယူထားပါတယ်” ဟု ဦးဌေးဦးက ဆိုသည်။
အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေသော သူများ မည်သည့် ပါတီ နိုင်ငံရေး တာဝန်များကို မထမ်းဆောင်ရဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသဖြင့် ၂၀၁၂ အောက်တိုဘာလတွင် ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးကောက်ခံရသောကြောင့် ရာထူးတာဝန် နှစ်ခုကို ယူထားခဲ့သော ဦးသိန်းစိန်သည် ၂၀၁၃ မေလတွင် ပါတီဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းထံ လွှဲပေးခဲ့ရသည်။
ယမန်နှစ် ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ တွင် ထပ်မံ အရွေးချယ်ခံရန် အစီအစဉ် လတ်တလော မရှိသေးဟု မတင်မကျ ပြောထားပြီး အမေရိကန်ပြည်ထောင်စု ခရီးတွင်မူ လူအများက လိုလားလျှင် သမ္မတရာထူး ထပ်မံထမ်းဆောင်မည်ဟု ပြောဆိုခဲ့ဖူးသည်။ သို့ရာတွင် ယမန်နှစ် မေလအတွင်း အလုပ်ပိ၍ ကျန်းမာရေး အခြေအနေ ကျဆင်းကာ စင်ကာပူသို့ ဆေးကုသမှု ခံယူရပြီး နှလုံးခုန်စက်များ တပ်ထားရသော ဦးသိန်းစိန်သည် နောက်သက်တမ်း ထမ်းဆောင်ရန် ဖြစ်နိုင်မည်လောဟု မေးခွန်းများလည်း ရှိနေသည်။
ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်များကမူ သမ္မတ ဦးသိန်းစိန်မှာ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ရှိနေပြီးဖြစ်သောကြောင့် ဒုတိယ သမ္မတ သက်တမ်းအတွက် ပြဿနာ မရှိနိုင်ကြောင်း ပြောသည်။
“စက်ကို နှလုံးမှာ ထည့်တယ်ဆိုတာ ဘာပြဿနာမှ မရှိပါဘူး။ ဦးသိန်းစိန် ဂေါက်ရိုက်တာ ကျနော်မြင်ဖူးတယ်။ သူရိုက်လိုက်တာ Drive က တော်တော်ကောင်းတော့ အားလုံးက လက်ခုပ်တွေ တီးကြတယ်” ဟု ဦးလှဆွေက ပြောပြီး ”သူ့ကျန်မားရေး အခြေအနေကတော့ အခုကောင်းနေတာပဲ။ သမ္မတကြီး ဖြစ်တဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အချိန်ပြည့်နီးပါး ရှိမှာပေါ့။ ကျနော်တို့ ထက်တောင် ကျန်းမာရေး ကောင်းနေတယ်” ဟု ဦးဌေးဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန် ပါတီထောင်၍ ရွေးကောက်ပွဲ ဝင်မည်ဆိုပါက စစ်တပ်မှာ ဦးသိန်းစိန်နောက်သို့ လိုက်မည်ဖြစ်ပြီး သမ္မတ ဆက်ဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မျှော်လင့် တွက်ဆနေသည်။
”တပ်ကတော့ လက်ရှိ အာဏာရှိတဲ့သူ နောက်ကို လိုက်မှာပဲ။ တပ်သဘောက အမိန့်နဲ့သွားတာကိုး။ လက်ရှိ သမ္မတကြီးက ရွေးကောက်ပွဲဝင်မယ် ဆိုတာနဲ့ တပ်က လက်ရှိ သမ္မတဘက်ကပဲ ဖြစ်မှာ” ဟု ဦးလှဆွေက ဆိုသည်။
သို့သော် တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင်လည်းဖြစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းကို ဧရာဝတီက မေးမြန်းရာ “တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး။ ပြည်ခိုင်ဖြိုးလည်း အတူတူပဲ။ ပြည်ခိုင်ဖြိုး မှန်တယ် ဆိုရင် ကျနော်တို့ ထောက်ခံမှာပဲ။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့ တင်ပြတာတွေ၊ ဆွေးနွေးတာတွေက အပြုသဘောနဲ့ အားလုံးက မှန်တယ်ဆိုရင် ထောက်ခံမှာပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံရေး ဝေဖန်သုံးသပ်သူများ အနေဖြင့် ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲသွားလျှင်သော်မျှ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ပုဂ္ဂိုလ်ရေးအခြေခံ ကွဲပြားမှုသာ ဖြစ်မည်ဖြစ်ပြီး မူဝါဒရေးရာ ကွဲပြားမှု ဖြစ်မလာနိုင်ဟု ယူဆနေကြသည်။
နိုင်ငံရေး သုံးသပ်ဝေဖန်ချက်များကို ရေးသားနေသော ဒေါက်တာ ရန်မျိုးသိမ်းက ပါတီ နှစ်ခြမ်းကွဲ သွားရန် မဖြစ်နိုင်ဘဲ အသင်း နှစ်သင်းခွဲ ကစားခြင်းမျိုးသာ ဖြစ်နိုင်ကြောင်း၊ နှစ်ခြမ်းကွဲမည်ဆိုပါက အကျိုးမရှိနိုင်ဟု ပါတီထိပ်ပိုင်း ခေါင်းဆောင်များ နားလည်ထားပြီး ဖြစ်သောကြောင့် ထိုကဲ့သို့ စီမံချက်ချ၊ ဗျူဟာချ၊ အလုပ်လုပ်နေခြင်းကို ပိုသတိထား စောင့်ကြည့်ရမည်ဟု ပြောဆိုသည်။
“ဦးသိန်းစိန်နဲ့ ဦးရွှေမန်းရောဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ နံပါတ်တစ်ခေါင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းပါ။ ပါတီရဲ့ အသေးစိတ် စီမံချက်အတိုင်း အလုပ်လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ ကျနော်ကတော့ ဘက်နှစ်ဘက်လို့ မမြင်ဘူး၊ တဘက်တည်းလို့ပဲ မြင်တယ်။ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အဆုံးအဖြတ်အတိုင်း သွားနေတာလို့ မြင်ပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကမူ အစိုးရနှင့် လွှတ်တော် ထိပ်တိုက်တွေ့ဆုံမှု မှတဆင့် ကြံခိုင်ရေးပါတီ နှစ်ခြမ်းကွဲနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်မည့် ပါတီများပြိုကွဲခြင်းကို မလိုလားကြောင်း ပြောသည်။
“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က ဒါတွေကို မြင်တဲ့အတွက် ကျနော်တို့ကို မီးလောင်ရာ ဆီမလောင်းဖို့ မှာထားတယ်။ အခုလို အသံတွေ ထွက်နေတာကိုလည်း မကြိုက်ဘူး။ အားလုံး ညီညီညွှတ်ညွှတ်နဲ့ သွားချင်တယ်။ တကယ်လို့ မတတ်နိုင်တဲ့အဆုံး ကွဲခဲ့ရင်လည်း တပ်ကို သူ့နေရာမှာပဲသူ ရှိစေချင်တယ်” ဟု ဦးမင်းသူက ဆိုသည်။
သူရဦးရွှေမန်းမှာ အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မိသားစုအလိုက် ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ယခုအချိန်တွင် ဝှက်ဖဲကို ထုတ်ကစားလိုက်ခြင်းဟု သုံးသပ် ထင်မြင်ချက်များလည်း နိုင်ငံရေး အသိုင်းအဝိုင်းကြား ပြောဆိုနေရာ ယခုကိစ္စကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေခြင်း မဟုတ်ဟု ဦးသန်းရွှေအိမ်သို့ အဝင်အထွက်များသည်ဟု လူပြောများသူ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ဧရာဝတီသို့ ပြောဆိုသည်။
ထို့ပြင် ၂၀၁၁ ခုနှစ် မေလတွင် ဦးသန်းရွှေက သမ္မတရာထူးကို ဦးသိန်းစိန်သို့ လွှဲပြောင်းခဲ့ရာ ဦးရွှေမန်း မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့ရကြောင်း နီးစပ်သူများက ထောက်ပြပြောဆိုကြသည်။
ဆက်စပ်သတင်း