ဒေါ်အောင်ဆန်းစုကြည်ဟာ တုနှိုင်း မမီနိုင်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပြီး ခေတ်သစ် သူရဲကောင်းစစ်စစ် တဦးလည်း ဖြစ်တယ်လို့ ကမ္ဘာကျော် ဂန္ထဝင် ဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုက ယမန်နေ့က ပြောလိုက်ပါတယ်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရောမ မြို့တော်ဝန် Ignazio Maroni က ဂုဏ်ထူးဆောင် ရောမမြို့သူဆု ချီးမြှင့်ပွဲအပြီး အီတလီ ဘောလုံးသမား ဘက်ဂီယိုက အီတလီအခြေစိုက် ANSA.it သတင်း ဌာနကို ပြောလိုက်တာပါ။
“လူတိုင်းက သူ့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သတ္တိတွေအကြောင်း ပြောကြတယ်။ ဒါပေမယ့် သူ့ရဲ့ ကြီးမားတဲ့ သူ့ နှလုံးသားကို လူတိုင်းက မသိကြဘူး”လို့ ဘက်ဂီယိုက ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်သစ် သူရဲကောင်း စစ်စစ်လည်း ဖြစ် တယ် လို့ ချီးမွမ်း ပြောဆိုခဲ့ပါတယ်။
ဒီအပြင် ရွှေရောင် မြင်းမြီး ဆံကေသာပိုင်ရှင် ဘက်ဂီယို က “သူ့ခန္ဓာ ပိန်ပါးသေးသွယ်ပေမယ့် သူ့စိတ်ဓာတ်က အရမ်း ခိုင်မာ အားကောင်းတယ်။ သူ့ဘဝမှာ ဖြတ်သန်း ထိုးဖောက် ကျော်လွှားရတာတွေကို ကြည့်ပြီး ဘောလုံး ဝေါဟာရနဲ့ ပြောမယ် ဆိုရင် တော့ သူ့ကို ဘယ်သူမှ လူကပ်ပြီး ကစားလို့ မရဘူး”လို့လည်း ပြောပါတယ်။
ဘက်ဂီယို ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် က လွတ်မြောက်ရေး လှုပ်ရှားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အပါအဝင် ဘက်ဂီယိုဟာ ဆုပေါင်းများစွာ ရထားသူဖြစ်ပြီး သူ့ရဲ့ Golden Ponytail ဆိုတဲ့ ရွှေရောင်မြင်းမြီးလို ဆံကေသာဟာ ပရိသတ်တွေ စွဲမက်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆေးရုံရန်ပုံငွေ ရရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဗုဒ္ဓဘာသာ ဝင် ဘက်ဂီယိုနဲ့ အခြား ဗုဒ္ဓဘာသာဝင် လူမှုရေးတက်ကြွ လှုပ်ရှားသူတွေကို မြန်မာနိုင်ငံကို အလည်အပတ် လာဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ရွှေဖိနပ်ဆုရှင် ဘက်ဂီယိုနဲ့ မိတ်ဆွေတွေကို အခုလို ဖိတ်ကြားခဲ့တာဟာ ရန်ကုန်က ဆေးရုံ တခုနဲ့တွဲပြီး အသည်းအစားထိုး ခွဲစိပ်မှုတွေနဲ့ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေ အတွက်လို့ သိရပါတယ်။
ရောမမြို့သူဆုပေးပွဲ အခမ်းအနားမှာ ဘက်ဂီယိုက အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘေးချင်းကပ် ရှိနေတဲ့အဖြစ်ကို လည်း သူ့ရင်ထဲ ဘယ်လိုမှ ဖော်ပြလို့ မရနိုင်အောင်ဝမ်းမြောက်ကြောင်းပြောပြီး သူ့ဘဝမှာ အဖိုး အတန်ဆုံး ရတနာ တခုလို ထာဝရ သိမ်းဆည်း သွားမယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကို သတ္တိ သိပ်ရှိပြီး မြင့်မြတ်တဲ့ အရာတွေကို လုပ်တယ်လို့ လူ အများပြောနေကြ သလို မဟုတ်ဘဲ သူကတော့ သာမန် လုပ်ရိုးလုပ်စဉ်သာ လုပ်တာဖြစ်ပြီး သူ လုပ်သမျှတိုင်းဟာ ယုံကြည်ရာကိုပဲ ရွေးချယ်ခဲ့တာ ဖြစ် တယ်လို့ ပြောပါတယ်။
၂၆၆ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကလည်း သမိုင်းဝင် အဖြစ်အပျက်တခု အနေနဲ့ အာရှ ပေါင်းကူးဆက်ဆံရေး တည်ဆောက်ဖို့ ဗာတီကန် နန်းတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြား တွေ့ဆုံ ခဲ့ပါတယ်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာ တရားတွေ အတွက် ဆုတောင်းပြီး ငြိမ်းချမ်းရေး ဒီမိုကရေစီ အရေးတွေအတွက် စွမ်းဆောင်မှုကိုလည်း ချီးမွမ်း ပြောဆိုပါတယ်။
“အကြမ်းဖက်မှုနဲ့ အမုန်းတရားတိုင်းကို ကျမ ရှုတ်ချပါတယ်။ ကျမ အခု ရှင်းရှင်းပြောချင်တာက မြန်မာနိုင်ငံမှာ အခုဖြစ်နေ တာတွေဟာ အကြောက်တရားကြောင့် ဖြစ်တာမို့ လူတွေကို ကျမ အပြစ်တင် မရှုတ်ချပါဘူး”လို့လည်း ပုပ်ရဟန်း မင်းကြီးနဲ့ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ်၊ သမ္မတ Giogio Napolitano ၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပါလီမန် ဥက္ကဋ္ဌ အပါအဝင် အီတလီ တာဝန်ရှိသူတွေနဲ့လည်း မနေ့ကတွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အီတလီအစိုးရအနေနဲ့ ထောက်ခံတယ်လို့ အီတလီ ဝန်ကြီး ချုပ် Enrico Letta က ဒေါ်အောင်ဆန်းစုကြည်နဲ့ ယမန်နေ့က တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အီတလီနိုင်ငံခြားရေး ဝန်ကြီး Emma Bonino ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံအပြီး မြန်မာ့ ဒီမိုကရေစီ ပြု ပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အီတလီနိုင်ငံက ထောက်ခံအားပေးသွားမယ့်အပြင် ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အီတလီ နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက အရင် စစ် အစိုးရ အရာရှိကြီးတော်တော်များများဟာ အဝတ်အစားကိုပဲ ပြောင်းဝတ်လာကြတာများပြီး စိတ်သဘောထားတွေ မပြောင်း လဲသေးဘူးလို့ ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် နိုင်ငံကိုလည်း အောက်တိုဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ သွားရောက်ခဲ့ပါသေးတယ်။
ဗြိတိန်ခရီးစဉ်အတွင်း အောက်တိုဘာ ၂၅ ရက်နေ့က ကမ္ဘာကျော် ဆင်းဟတ် စစ်တက္ကသိုလ်မှာ ပြောတဲ့ မိန့်ခွန်းမှာတော့ တိုင်းပြည်မှာ စစ်တပ်ဆိုတာ ပြည်သူတွေရဲ့ အရှင်သခင် မဟုတ်ဘဲ ပြည်သူတွေရဲ့ အခိုင်းအစေသာဖြစ်ပြီး မြန်မာ့ တပ်မတော် ကို ပြည်သူတွေချစ်တဲ့ တပ်မတော်ဖြစ်ဖို့ လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တတိယမြောက် ဥရောပ ခရီးစဉ်ကို အီတလီနိုင်ငံမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ နေထိုင် အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ အိုင်ယာလန် နိုင်ငံတွေကိုလည်း သွားရောက် ခဲ့ပါတယ်။