အဖိနှိပ်ခံ အမျိုးသားများ စုပေါင်းလက်တွဲပြီး ရရှိနိုင်မည့် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုရန် လိုင်ဇာ တိုင်းရင်းသား အကြို ညီလာခံအဖြစ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဦးဇောင်းဟရားက ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ယနေ့ ပြုလုပ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို နှုတ်ဆက်ပွဲ၌ ပြောသည်။
လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀၊ ၃၁ နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် ၃ ရက်ကြာ တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးပွဲ စမှသာ အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ထံမှ သိရသည်။
လိုင်ဇာ တိုင်းရင်းသားအကြို ညီလာခံ မကျင်းပမီတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ချပြသည့် ငြိမ်းချမ်းရေးမူ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ ချပြသည့် ငြိမ်းချမ်းရေးမူနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တို့တွင် ကွဲလွဲမှုများရှိသည်ဟူသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင် အချို့ကို သဘောထား မေးမြန်းခဲ့ရာ ပြောကြားရန် စောသေးကြောင်း၊ လက်ရှိအချိန်တွင် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ရပိုင်ခွင့်ကို အကောင်းဆုံး တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယ ဥက္ကဌ တားဂျုတ်ဂျားက “ဘာတွေဆွေးနွေးမလဲ ဆိုတာကတော့ ကိုယ့်လူမျိုးအရေးကို တင်ပြမှာပါ။ ဒီကနေ တိုင်းရင်းသားတိုင်း လက်ခံနိုင်မည့် မူတခုရအောင် ဆွေးနွေးပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခု ညီလာခံအပြီးမှ ရလာသော သဘောတူညီချက်များကို မြစ်ကြီးနားမြို့၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များနှင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အစိုးရဘက်ကလည်း တိုင်းရင်းသားများနှင့် နိုင်ငံရေး ဆွေးနွေးမည့် အခြေခံမူဘောင်ကို တပ်မတော်နှင့်အတူ ရေးဆွဲထားပြီးဖြစ်သည်ဟု အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောကြားထားပြီး ယခု တိုင်းရင်းသား ညီလာခံမှ ရလာသည့် မူဘောင်နှင့် ပြန်လည် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ဆွေးနွေးပွဲသို့ RCSS/SSA, UNFC, KIO, TNLA, ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လားဟူ ဒီမို ကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်အမျိုးသားကာကွယ်ရေးတပ်မတော် (MNDA) နှင့် ရခိုင်ပြည်တပ်မတော် (AA) တို့ တက်ရောက်ကြောင်း၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကိုးကန့်နှင့် နာဂ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်း၊ အဘယ့်ကြောင့် တက်ရောက်ခြင်း မရှိသည်ကို သေချာစွာ မသိရှိကြောင်း KIO ထံမှ သိရသည်။
“ဘာကြောင့် မတက်လဲ ဆိုတာတော့ ကျနော်တို့လည်း သေချာမသိပါဘူး။ အခုချိန်အထိတော့ မရောက်လာသေးပါဘူး။ လာမယ်၊ မလာဘူးလို့ အတိအကျ ပြောလို့မရသေးဘူး။ မရောက်သေးတာလည်း ဖြစ်ချင်ဖြစ်မယ်” ဟု KIO အဖွဲ့မှ ပြန်ကြားရေးနှင့် ဧည့်ခံရေး တာဝန်ခံဖြစ်သူက ပြောသည်။
ဆွေးနွေးပွဲ တက်ရောက်လာသူများသည် မြစ်ကြီးနာ၊ ရွှေလီ လမ်းကြောင်းများမှ လိုင်ဇာသို့ ဝင်ရောက်လာကြပြီး လိုင်ဇာ မြို့သူမြို့သား ၁၀၀၀ ခန့်က ယနေ့တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ နယ်မြေလုံခြုံရေးအတွက် KIO တပ်များအပြင် မဟာမိတ်တပ်များဖြစ်သည့် ရခိုင်တပ်မတော်နှင့် တခြား တိုင်းရင်းသား အဖွဲ့များမှလည်း တာဝန်ယူထားကြောင်း သိရသည်။
အစိုးရဘက်ကလည်း လုံခြုံရေးကို ယခင်ကထက် ပိုယူထားကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။ မြစ်ကြီးနားနှင့် လိုင်ဇာသို့ ကူးသန်းသွားလာနေသူ တဦးက “အစိုးရစစ်တပ်က လိုင်ဇာကို အရင်ကသွားတဲ့ နမ်စာယံချောင်း အလယ်ကနေဝင်ရတဲ့ အပေါက်ကို ပိတ်ထားတယ်။ ဒီရက်ပိုင်းမှပိတ်တာ။ အခုဖွင့်ပေးတာက နမ်စာယံချောင်း အနောက်ဘက်ပေါက်ကနေ သွားခိုင်းတယ်။ အလယ်ပေါက်က ပိတ်တာက အဲဒီနားတဝိုက်မှာ သူတို့မီးရှို့ထားတာတွေ မြင်မှာစိုးလို့နဲ့တူတယ်။ မကြာသေးခင် ရက်ပိုင်းကပိတ် လိုက်တာ” ဟု ပြောသည်။