Ethnic Issues

တိုင်းရင်းသား နယ်မြေများတွင် စီမံကိန်းကြီးများ မဆောက်သင့်ဟုဆို

This article has been converted from Zawgyi One to Unicode

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနေစဉ် တိုင်းရင်းသားနယ်မြေ အတွင်း ကြီးမားသည့် စီမံကိန်းများ လာရောက် လုပ်ကိုင်မည်ဆိုပါက ပဋိပက္ခများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်က ပြောကြားလိုက်သည်။

လက်ရှိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် နယ်မြေဖြစ်သော သံလွင်မြစ် တလျှောက်တွင် ရေကာတာများ
တည်ဆောက်ပါက ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နိုင်ကြောင်း၊ လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင်များ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ နစ်နားမှုများစွာ ကြုံတွေ့နိုင်ကြောင်း အဆိုပါကွန်ရက်က ရန်ကုန် ပြည်လမ်းရှိ ဒိုင်းမွန်း ကွန်ဒိုတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းဌာန များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သံလွင်မြစ်ကြောင်း တလျှောက်တွင် ရေကာတာ ၆ ခု တည်ဆောက်မည် ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ကွမ်းလုံ ရေကာတာ၊နောင်ဖာ ရေကာတာ၊ မန်တောင် ရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီး ရေကာတာတို့ တည်ဆောက်ရန် အစီအစဉ် ရှိနေသဖြင့် ယင်း စီမံကိန်း နေရာများတွင် ကျေးရွာပြည်သူများ နေရာရွှေ့ပြောင်း ပေးနေရကြောင်း၊ စီမံကိန်း လုံခြုံရေးအတွက် အစိုးရ စစ်တပ်က စစ်အင်အား တိုးချဲ့နေသည့် အပြင် လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း များစွာခံစားနေရကြောင်း ရှမ်း သဘာဝပတ်ဝန်းကျင် အဖွဲ့မှ ဦးစိုင်းခေးဆိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“စီမံကိန်းတွေကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ စီမံကိန်းတွေ နေရာက တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ နေရာတွေလေ။ ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက် နေချိန်မှာတော့ ဒီလိုကြီးမားတဲ့ စီမံကိန်းတွေ ခဏ ရပ်စောင့် သင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ပဋိပက္ခတွေက ပြီးတော့မှာမဟုတ်ဘူး” ဟု ဦးစိုင်းခေးဆိုင်က ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် တရုတ်ပြည် အခြေစိုက် Green Earths Volunteer Retired Journalist အဖွဲ့မှ Wang Wang Chen ကလည်း ၎င်းတို့ နိုင်ငံရှိ Nu မြစ်တွင် ရေကာတာ မဆောက်ရေးအတွက် စောင့်ကြည့် နေခဲ့သည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်ကြောင်း ပြောသည်။

“အထူးသဖြင့် ဒေသက အခြေအနေတွေ အဲဒီ ဒေသမှာ နေထိုင် အသက်မွေး နေတဲ့ မိသားစုတွေကိုပါ စောင့်ကြည့် ပါတယ်။Nu မြစ်ကို ကျမအနေတို့ အနေနဲ့ နောင်အနာဂတ် အထိ စောင့်ကြည့် သွားမှာပါ။ သံလွင်မြစ်လည်း အရေးကြီးတဲ့ စီမံကိန်း ဖြစ်တဲ့ အတွက် Nu မြစ် လိုပဲ လွတ်လပ်ဖို့ လိုပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းပြသည်။

သံလွင်မြစ် တလျှောက် တည်ဆောက်မည် ရေကာတာ ၆ ခုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေသော ကာလတွင်
ရေကာတာကို ရပ်ဆိုင်ထားရန်၊ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လူထုဆန္ဒ သဘောထားနှင့်အညီ အကောင်အထည် ဖော်ရန်၊ စီမံကိန်း ဆောင်ရွက်ရာတွင် ဒေသခံလူထု ပူးပေါင်းပါဝင်ရန်၊ ဒေသခံ တိုင်းရင်းသား လူမျိုးများ၏ သဘာ၀ အရင်းအမြစ် ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်နှင့် အကျိုးအမြတ် ခံစားခွင့်များ ပါရှိသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြဌာန်းရေးကို ဆက်လက် ဆောင်ရွက်ရန် ပြုလုပ်ပေးရန် သက်ဆိုင်ရာကို တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် ကျမတို့ ကယားပြည်နယ်မှာ စီမံကိန်းနဲ့ ပတ်သတ်ပြီး တော်တော် စိုးရိမ်နေကြတယ်။ ဒီရေကာတာက ကျမတို့ တိုင်းရင်းသားတွေ အတွက် ဘာမှ အကျိုးမရှိဘူး။ အားလုံးစဉ်းစားပြီးတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိတာတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်” ဟု ကယားပြည်နယ် သံလွင်ချစ်သူအဖွဲ့မှ ဒေါ်နန်းခမ်းလှိုင်က ပြောသည်။

ရေကာတာ တည်ဆောက်မည် ဖြစ်သဖြင့် ပြောင်းရွှေ့ရမည့် ကျေးရွာများကို အတိအကျ စာရင်း ကောက်ထားခြင်း မရှိသေးကြောင်း၊ ရေကာတာ တည်ဆောက်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချရန် လျာထားကြောင်း၊ ရောင်းချ၍ရမည့် ဝင်ငွေကိုလည်း အစိုးရအနေဖြင့် မည်သည့်နေရာတွင် အသုံးပြုသွားမည်ကို မကြေညာ ထားကြောင်း ကရင်ပြည်နယ် မြစ်ချောင်း စောင့်ကြည့်ရေး အဖွဲ့မှ ကိုထွန်းကျော်က ဆိုသည်။

“စီမံကိန်း ဧရိယာမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက ခြိမ်းခြောက်ရင် ထွက်ပြေးဖို့ အဆင့်သင့် လုပ်ထားကြပြီ။ ပြီးတော့ စစ်ဖြစ်လို့ ထွက်ပြေးရ၊ စီမံကိန်းကြောင့် နေရာဖယ်ပေးရ ဆိုတော့ သူတို့ အတွက် နေရာ အတည်အကျ မရှိလို့ ဘဝအတွက် စိုးရိမ်မှုတွေနဲ့ ကြုံနေရတယ်” ဟု သူက ပြောသည်။

သံလွင် ရေကာတာ စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု လုံး၀ မရှိသည့်အပြင်၊ ရေကာတာအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်မှု ပြုလုပ်မည့် သူများလည်း ရေကာတာ တည်ဆောက်ရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ သတ်မှတ် ထားသည့် စံချိန်စံနှုန်းများကို ကျင့်သုံးခြင်း မရှိကြောင်း၊ ထိခိုက်နစ်နာမှု ဆိုင်ရာ သုတေသနများ၏ ရလဒ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်း မရှိကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး မရရှိသေးသဖြင့် ရေကာတာ စီမံကိန်း ရပ်သင့်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

Loading