နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh)နှင့် အဖွဲ့ ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်ကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားသည်။
ယခု ခရီးစဉ်အတွင်း မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သော နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှသည် စွမ်း ရည် ပြည့်ဝသည့် မြန်မာတပ်မတော် တည်ဆောက်ရေး အထိ ဆွေးနွေးသွားမည်ဟု သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နှင့် တိုးချဲ့ဆက်ဆံရန် ရည်ရွယ်ပြီး မြန်မာတပ်မတော်အား စွမ်းရည်မြှင့်တင်ပေးရေး အတွက် အိန္ဒိယ စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများတွင် မြန်မာစစ်အရာရှိများ ပိုမိုတက်ရောက်နိုင်ရေး စီစဉ်သွားမည်ဟုလည်း အဆိုပါသတင်း၌ ဆက်လက် ဖော်ပြထားသည်။
ထို့အပြင် မြန်မာတပ်မတော်အား ရေတပ်ကင်းလှည့် လေယာဉ် များ၊ စစ်သင်္ဘောများ၊ ထောက်လှမ်းရေး ကိရိယာများ၊ ၁၀၅ မမ အမြောက်ကြီးများ စသည့် လက်နက်များ ထောက်ပံ့နေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံလုပ် အသံလှိုင်းဖြင့် ရေ အောက် ထောက်လှမ်းရေး Sonar ကိရိယာများ မြန်မာရေတပ်သို့ ရောင်းချမည်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ၏ အကြံပေး ပုဂ္ဂိုလ်ကို ကိုးကားပြီး The Hindu သတင်းစာတွင်လည်း ရေးသားထားသေးသည်။
ယခု အိန္ဓိယ ကြည်းတပ်ဦးစီးချုပ်၏ မြန်မာပြည် ခရီးစဉ် မတိုင်ခင် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ကာကွယ်ရေးဝန်ကြီး အန်တိုနီ (A K Antony)လည်း မြန်မာပြည် သွားရောက်ခဲ့သေးသည်။ ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း လေတပ်ဦးစီး ဗိုလ်ချုပ်ကြီး ဘရုန်း(N A K Browne) မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။
မြန်မာတပ်မတော်သည် အစိုးရသစ်လက်ထက် ဒေသတွင်းနိုင်ငံများ၏ တပ်မတော်များနှင့် သာမက ဗြိတိန်၊ အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ရုရှား ၊ တရုတ်စသည့် နိုင်ငံများနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။
ပြီးခဲ့သည့် လဆန်းပိုင်းက မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်၍နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်ရှိ စစ်လက်နက်ပစ္စည်းစက်ရုံများ ကို သွားရောက်ကြည့်ရှု ခဲ့သေး သည်။
မြန်မာ တပ်မတော်သည် ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် ဆောင်ရွက်နေကြောင်း စစ်ဘက်နှင့် နီးစပ်သူများအဆိုအရ သိရသည်။