ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းဆွေးနွေးကြမယ့် ညီလာခံကို အင်အားကြီး လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ မဟာမိတ် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်ခြင်းမရှိဘူးလို့ သတင်း ရရှိပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ၃ ရက်အကြာ ပြုလုပ်မယ့် အဲဒီညီလာခံ KIO ကစီစဉ်ကျင်းပတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားရာ တခြားအဖွဲ့က ခေါင်းဆောင်တွေ လိုင်ဇာကို ရောက်ရှိနေကြပြီဖြစ်ပေမယ့် ဝ နဲ့ မိုင်းလား အဖွဲ့တွေကတော့ ရောက်မလာဘူးလို့ သိရပါတယ်။
လိုင်ဇာညီလာခံကို မတက်ဖြစ်ရတဲ့ အကြောင်း အရင်းနဲ့ပတ်သက်ပြီး ဧရာဝတီက UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လိုင်ဇာ ညီလာခံ နဲ့ ပတ်သက်ပြီး လတ်တလော မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။
UWSA ဗဟိုဦးစီးအဖွဲ့ဝင်တစ်ဦး ကတော့ “မတက်ဖြစ်တာကတော့ တခြားအကြောင်းကြောင့် မဟုတ်ဘူး၊ ကျနော်တို့ဘက်က ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း ကိုယ်တိုင်ကလည်း ကျန်းမာရေး မကောင်း ဖြစ်နေ တာရယ်၊ ဆွေးနွေးပွဲမှာက ဗမာလိုပဲ ပြောဆိုဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် ကျနော်တို့က စကားမပေါက်တာကြောင့်ရယ်ပါ”လို့ ရှင်းပြပါတယ်။
အစိုးရက နိုဝင်ဘာလ အတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးဖို့ ပြင်ဆင်ထားပြီး အဲဒီပွဲမှာ လက်မှတ်ထိုးမထိုး ဆိုတာကို တိုင်းရင်းသားတွေအနေနဲ့ အကြိုညီလာခံပြုလုပ်ပြီး တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေချည်း သီးသန့်တွေ့ဆုံကြမယ့် ဒီညီလာခံဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံ အတွင်းမှာ ပထမဆုံး လုပ်ခွင့်ရတာလည်းဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ် စစ်ရေးအခြေအနေစောင့်ကြည့်သူ ဦးအောင်ကျော်ဇော က “ဝနဲ့ မြန်မာအစိုးရ ဆက်ဆံရေးဟာ အင်မတန် မှ ရှုပ်ထွေးတယ်၊ ဒီညီလာခံကို တက်လိုက်ရင် မြန်မာအစိုးရနဲ့ တင်းမာမှုတွေ ဖြစ်မှာစိုးလို့လား၊ နောက်တပိုင်းက တရုတ်ပြည်ဘက် က ညိုညင်မှာကို စိုးလို့လားဆိုတာ စဉ်းစားစရာပေါ့”လို့ သူကရှင်းပြပါတယ်။
မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) ကတော့ သူ့ရဲ့မဟာမိတ် UWSA မတက်လို့ သူတို့အနေနဲ့လည်း မတက်တာ ဖြစ်နိုင်တယ်လို့ ဦးအောင်ကျော်ဇော က ဧရာဝတီကိုပြောပါတယ်။
UWSA ဟာ ဗဟာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး ၁၉၈၉ ခုနှစ်မှာ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးနဲ့ စစ်အင်အား အတောင်တင်းဆုံး တပ်ဖွဲ့ ဖြစ်ပြီး လက်နက်ကိုင် အင်အား ၃ သောင်း အထက်မှာရှိတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။