လတ်တလော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပနေသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံသို့ နေပြည်တော် အစိုးရမှ လျှို့ဝှက်အနေဖြင့် ပေးပို့ထားသော နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အဆိုပြုချက်များတွင် “တိုင်းပြည်နယ်နမိတ် တည်တံံ့ရေးအတွက် ပတ်သက်သည့်တာဝန်ကို ပူးတွဲထမ်းဆောင်ရန်”ဟု ရေးသားပါရှိသည်။
ဧရာဝတီက ဖတ်ရှုခွင့်ရသည့် ယင်းအဆိုပြုချက် ၁၅ ချက်တွင် “ပင်လုံ စိတ်ဓာတ်”ဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းရေးသားထားသော်လည်း တိုင်းရင်းသားအဖွဲ့များက ပြောကြားတောင်းဆိုနေသည့် “ဖယ်ဒရယ်” ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စ ပါဝင်ခြင်း မရှိပေ။
အစိုးရ၏ အဆိုပြုချက်များမှာ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ချမှတ်ရေး၊ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆိုင်သည့် လမ်းညွှန်စည်းမျဉ်းများ၊ နှစ်ဘက်တပ်များ ထိတွေ့မှုမရှိစေရန် ပြန်လည်နေရာချထားရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ဆက်ဆံရေးရုံးများ ဖွင့်ခွင့်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် အခွင့်အလမ်း၊
လူ့အခွင့်အရေးများ ကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ ဖွဲ့ရေး၊ ပူးတွဲအပစ်အခတ်ရပ်စဲရေးကော်မတီ၊ ပူးတွဲငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှုတည်ဆောက်ရန် ဆောင်ရွက်မည့်အချက်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နောက်ဆက်တွဲ ပါဝင်လက်မှတ်ရေးထိုးခွင့်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များ ဖြစ်သည်။
အစိုးရဘက်က တိုင်းရင်းသားများနှင့် နိုင်ငံရေး ဆွေးနွေးမည့် အခြေခံမူဘောင်ကို တပ်မတော်နှင့်အတူ ရေးဆွဲထားပြီးဖြစ်သည်ဟု အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောကြားထားသောကြောင့် ယခု အဆိုပြုချက်များသည် တပ်မတော်မှ အတည်ပြုပြီးဖြစ်သည်ဟု ယူဆရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဦးဇောင်းဟရားက လိုင်ဇာမြို့တွင် မနေ့က ပြုလုပ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို နှုတ်ဆက်ပွဲတွင် “အဖိနှိပ်ခံ အမျိုးသားများ စုပေါင်းလက်တွဲပြီး ရရှိနိုင်မည့် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုရန်” ယခုဆွေးနွေးပွဲကို တိုင်းရင်းသား အကြို ညီလာခံအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။
လိုင်ဇာဆွေးနွေးပွဲ မစမီ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ပူးတွဲ သဘောထား ထုတ်ပြန်ရာ “နိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန်” တို့ကို တောင်းဆိုထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ လွှတ်တော် အမတ် များ၊ မြန်မာ့တပ်မတော်နှင့် အစိုးရ ပါဝင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲကို ပူးတွဲ စီခံခန့်ခွဲရေး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးရေး အာမခံချက်ရှိရေး၊ နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံ ဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု စသည့် အရေးကြီးသော အချက်များ ပါဝင်သင့်ကြောင်း ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် နိုဝင်ဘာလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် သဘောတူလက်မှတ်ထိုးရန် ရည်မှန်းထားသည်။
လေ့လာသူများအနေဖြင့်မူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို ထောက်ပြပြီး အပစ်အခတ်ရပ်စဲရေးကို အောက်ခြေအဆင့်ထိရောက်ရှိရန် မည်သို့အကောင်အထည် ဖော်မည်၊ ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအတွင်းရှိ လူထု၏ အကျိုးစီးပွားကို မည်မျှအကျိုးသက်ရောက်မည်တို့မှာ မရှင်းလင်းလှသေးကြောင်း ပြောဆိုကြသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တာနာက ကုလသမဂ္ဂ၏ IRIN သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် “ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မယ့် ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ကျနော်တို့ မမြင်ရသေးဘူး။ ဥပမာ ထိုင်းက ဒုက္ခသည်တွေ ဘာဖြစ်မလဲဆိုတာမျိုးပေါ့။ ခင်ဗျား ဒုက္ခသည်တစ်ယောက်ဆို ခင်ဗျား ပြန်ချင်သလား။ ရှင်းရှင်းလင်းလင်း မရှိဘူး။ အစီအစဉ်တကျ မဖြစ်ဘူး။ မြေသိမ်းမှု ပြဿနာတွေ၊ မြေမြှုပ်ဗုံး ပြဿနာတွေအကြောင်းလည်း ဘယ်သူမှ ဘာမှ မသိရဘူး” ဟု ပြောကြားခဲ့သည်။