ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်
This article has been converted from Zawgyi One to Unicode
ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
ဦးအောင်ရှိန်ရဲ့ မြေးတဦးဖြစ်တဲ့ မပြည့်ဖြိုးကြည်က အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ သူတို့ အဖိုး ကာတွန်းဆရာကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တယ်လို့ ပြောပါတယ်။
ကာတွန်းဦးအောင်ရှိန်ဟာ မကွယ်လွန်ခင်အထိ မြန်မာပြည် အသက်အကြီးဆုံး ကာတွန်းဆရာကြီး တဦးဖြစ်ခဲ့ပြီး သူ့ကို သူ့ရဲ့ တပည့် ကာတွန်းဆရာတွေနဲ့ လက်ရှိ လူငယ်ကာတွန်း ဆရာတွေက သက်ရှိကာတွန်း ပြတိုက်ကြီးအဖြစ် အလေးအမြတ် ထားခဲ့ကြပါတယ်။
၂၀၁၃ သြဂုတ်လ ၅ ရက်နေ့က ကျင်းပတဲ့ဦးအောင်ရှိန်ရဲ့ အသက် ၈၄ နှစ်ပြည့် မွေးနေ့ပွဲကို ကာတွန်းဆရာ စုံစုံလင်လင် လာရောက် ချီးမြှင့်ခဲ့ပြီး အဲဒီမွေးနေ့ဟာ ဆရာကြီးရဲ့ နောက်ဆုံးမွေးနေ့ပွဲပဲ ဖြစ်ပါတယ်။
“ဆရာကြီးစာ မြန်မာပြည်ရဲ့ ရုပ်ပြ ရုပ်စုံကာတွန်းလောက လမ်းကို စတင် ဖောက်ခဲ့သူတဦးပါ” လို့ ကာတွန်းဆရာ ဦးငွေကြည်က ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၀ ကျော် ကာလတွေက ဦးအောင်ရှိန်ဟာ လစဉ်ထုတ် ပေါ်ပြူလာကာတွန်း ရုပ်စုံ စာအုပ်နဲ့ ရုပ်ပြ ကာတွန်းတွေကို မြန်မာပြည်နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
“အဲဒီကတည်းက ဆရာကြီးဟာ ကြော်ကြားလာလိုက်တာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ ကာတွန်းတွေကို တောက်လျှောက် ရေးဆွဲခဲ့တာပါ။ ဆရာကြီးရဲ့ အောင်မြင်မှုဟာ အထွဋ်အထိပ်ပဲလို့ ပြောလို့ရတယ်။ သူဟာ ဇာတ်ကောင်တွေကို အများကြီး ဖန်တီးခဲ့ပြီး ဖန်တီးသလောက်လည်း အောင်မြင်ခဲ့တယ်။ ဆေးစက်ကျရာ အရုပ်ထင်တဲ့ ဆရာကြီးလို့ ပြောလို့ရပါတယ်” လို့ ကာတွန်း ငွေကြည်က ဧရာဝတီကို ပြောပါတယ်။
ဦးအောင်ရှိန်ဆီမှာ တပည့်တပန်းလည်း တော်တော်များပြီး အဲဒီထဲကမှ ထင်ရှားတဲ့ ကာတွန်းဆရာ၊ ပန်းချီဆရာ တွေကတော့ ကာတွန်းသော်က၊ ကာတွန်းဝင်းအောင်၊ ကာတွန်းမြင့်ဆွေ၊ ပန်းချီမျိုးညွန့် (ခေါ်) မောင်ဒီ၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်းငွေကြည် အစရှိတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။
“အဲဒီတခေတ်မှာ ဆရာကြီးရဲ့ အောင်မြင်မှု အရှိန်အဝါက ပရိသတ်တွေ အပေါ်မှာကော၊ ကာတွန်း ဝါသနာရှင်တွေ အပေါ်မှာပါ အတော်ကလေး လွှမ်းမိုးခဲ့ပါတယ်” လို့ ဦးအောင်ရှိန်ရဲ့ တပည့်တဦး ဖြစ်ခဲ့သူ ကာတွန်းငွေကြည်က ဆိုပါတယ်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ တခြားသူနဲ့ ခေတ်ပြိုင် ကာတွန်းဆရာတွေလို့ ပုံမှန် အရုပ်တွေပဲ ရေးဆွဲရုံ သပ်သပ် မဟုတ်ဘဲ ကလေးတွေရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမယ့်၊ ကလေးတွေ နေရာကနေ ဝင်ရောက် စိတ်ကူးယဉ်ပြီး ရေးဆွဲတာမျိုးတွေကိုလည်း တီထွင်ခဲ့သူ ဖြစ်တယ်၊ ဒါ့အပြင် ဆရာကြီးရဲ့ လက်ရာတွေဟာ မြန်မာဆန်ပြီး နိုင်ငံခြား ကောမစ်တွေ ထဲကနေ မြန်မာမှု ပြုသည့်တိုင်အောင် မြန်မာမှုပြုထားမှန်း မသိရဘဲ မူပိုင်ပုံလို့ ထင်ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ဟိုးအရင်ကတော့ ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ကာတွန်းတွေ၊ ရုပ်ပြတွေကနေ အတုယူ ကူးပြီး ရေးဆွဲကြရတာပဲ။ ဒါပေမယ့် ဆရာကြီးက နိုင်ငံခြား ကာတွန်းတွေကို ပြန်ရေးဆွဲရာမှာ လုံးဝကို မြန်မာဆန်တာ တွေ့ရတယ်။ နောက်ဆုံး တရိစ္ဆာန် လေးတွေ ဆွဲတာကအစ မြန်မာဆန်တယ်” လို့ ဦးငွေကြည်က ပြောပါတယ်။
မြန်မာပြည်မှာ ကာတွန်းနဲ့ ပတ်သက်လို့ သင်တန်းတွေ၊ ကျောင်းတွေ မရှိတာကြောင့် ဦးငွေကြည် အပါအဝင် လက်ရှိ ထင်ရှာဆဲ ကာတွန်းဆရာတွေနဲ့ အရင့်အရင်က ကာတွန်းဆရာကြီး တွေဟာ ကိုယ့်အရှေ့က နာမည်ကြီး ကာတွန်းဆရာတွေ ဆီမှာပဲ တပည့်ခံ၊ သူတို့ရဲ့ အလုပ်တွေကို ဝင်လုပ်ရင်း လက်တွေ့ သင်ယူကြရတာပါ။ အဲဒီလို လက်ဆင့်ကမ်းပေးတဲ့ သူတွေထဲမှာ ဆရာကြီး ဦးအောင်ရှိန်က ထိပ်ဆုံးက တဦးဖြစ်တယ်လို့ သိရပါတယ်။
“ဆရာကြီးဆီမှာ တပည့်ခံတယ် ဆိုပေမယ့် ဆရာကြီးက ဒီအတိုင်း စာသင်သလို သင်ပေးတာတော့ မဟုတ်ဘူး။ သူ့ရဲ့ အလုပ်တွေကို ဝိုင်းလုပ်ပေးရင်း ပညာယူကြရတာ။ အဲဒီလို အလုပ်ဝိုင်းလုပ်ဖို့ ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူး။ အဆင့်တခု ရှိမှ သူက တပည့်အဖြစ် သူ့အလုပ်ကို ပေးလုပ်တာ” လို့ ကာတွန်းငွေကြည်က ရှင်းပြပါတယ်။
အဆင့်တခု ဆိုတာက သူရေးထားတဲ့ ကာတွန်းရုပ်တွေမှာ လိုနေတဲ့ လိုင်းတွေ၊ မင်တွေ ဖြည့်ပေးရတာကြောင့် မလုပ်တတ်ရင် ဆရာကြီးရဲ့ အနုပညာပစ္စည်း ပျက်စီး သွားနိုင်တာကြောင့်လို့ သူက ဆက်ပြောပါတယ်။
တလတကြိမ်ထုတ်တဲ့ မော်ဒန်ကာတွန်း၊ နှစ်လတကြိမ်ထုတ်တဲ့ ညွန့်ပေါင်းကာတွန်း အပြင် ဘားမားစတား၊ သွေးသောက်၊ ရှုမဝ၊ ချိုတေးသံ အစရှိတဲ့ မဂ္ဂဇင်းတွေမှာပါ ရုပ်ပြတွေ ဆက်တိုက်ရေးနေခဲ့ရတဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ သူ့ တပည့်တွေရဲ့ ကူညီမှုတွေ ယူရင်း တပည့်တွေအနေနဲ့လည်း သူ့ဆီက ပညာယူစေခဲ့တယ်လို့ သိရပါတယ်။
ဦးအောင်ရှိန်ဟာ စာဖတ်အား ကောင်းသူဖြစ်ပြီး ရုပ်ရှင်ဆိုရင်လည်း တပတ်ကို ၂ ကား ကြည့်သူဖြစ်တယ်လို့ ဦးငွေကြည်က ဆိုပါတယ်။
“သူက ညဘက်ဆို ၁ နာရီအထိ စာဖတ်တယ်၊ မြန်မာဝတ္ထု အင်္ဂလိပ်ဝတ္ထု အစုံဖတ်တယ်။ ပြီးရင် ပုံစရေးတယ်၊ ရေးတဲ့အခါမှာ သူက စာတွေကို ချန်ထားတယ်၊ အရုပ်တွေရေးတယ်။ အဲဒီမှာ သူက အမည်း ခြယ်စေချင်တဲ့နေရာကို ကြက်ခြေခတ်လေးတွေ ပြထားတယ်၊ လိုင်းဆိုလည်း ခဲနဲ့ သူလိုချင်တဲ့ပုံကို တလိုင်းနှစ်လိုင်း ခြစ်ပြထားတယ်၊ မနက်လေးနာရီ လောက်ဆို သူ အိပ်တယ်။ ကျနော်တို့က ၈ နာရီ ၉ နာရီလောက် သူ့ဆီရောက်ရင် သူပြထားတဲ့ နေရာတွေမှာ ဖြည့်စရာရှိတာ ဖြည့်ပေး ရတယ်” လို့ ဦးငွေကြည်က ပြောပါတယ်။
ဦးအောင်ရှိန်ဟာ အိမ်မြှောင်ကြောက်တတ်သူ တဦးဖြစ်တာကြောင့် သူ့ရဲ့ လက်မှတ်ရေးထိုးရာမှာ အမှတ်တရ အဖြစ် အိမ်မြှောင်ပုံကလေး ထည့်ဆွဲလေ့ရှိတယ်လို့ သူ သက်ရှိထင်ရှား ရှိစဉ်က ပြောဖူးပါတယ်။
မြန်မာပြည်မှာ ကာတွန်း ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းခံရတာလည်း ဦးအောင်ရှိန်ရဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။
မင်းသား သန်းနွဲ့နဲ့ မြင့်ဖေတို့ ပါဝင်သရုပ်ဆောင်တဲ့ “မှားတဲ့အခါလည်း မှားပေမပေါ့” ဆိုတဲ့ ဇာတ်ကားကြီးဟာ ဦးအောင်ရှိန်ရဲ့ ဦးရှိန်စားနဲ့ ဦးဒိန်းဒေါင်တို့ကို အသက်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ အဲဒီခေတ်က မြန်မာပြည်မှာ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားကြီး ဖြစ်ခဲ့ပါတယ်။
တောတွင်းသားလေး ကြာဇံကို အသက်သွင်းထားတဲ့ “အောင်ပင်လယ်” ဆိုတဲ့ ဇာတ်ကားဟာလည်း ကြာဇံအဖြစ် သရုပ်ဆောင်သူ၊ အရင်က တီးဝိုင်းမှာ ဗုံတီးတဲ့ ဦးအုန်းမောင်ကို ကြာဇံအုန်းမောင် ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားကို ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်တဲ့ ဦးကျော်စိုးဟာ နောက်ပိုင်းမှာ ဘိတ်ကလာတဲ့ ငံပြာရည် ဇာတ်ကားနဲ့ တဟုန်ထိုး နာမည် ကြီးခဲ့သူ ဖြစ်ပါတယ်။
“ဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်တာဟာ မြန်မာပြည် ကာတွန်းလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး တရပ်ပါပဲ။ သူ့လိုလူမျိုးလည်း ကာတွန်းလောကမှာ နောက်ထပ် ပေါ်စရာ မရှိတော့ပါဘူး” လို့ ကာတွန်းငွေကြည်က ဆိုပါတယ်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန် သက်ရှိထင်ရှား ရှိစဉ်တုန်းက “အသက်အကြီးဆုံး မြန်မာကာတွန်းဆရာကြီး တဦးအဖြစ်၊ မြန်မာပြည် ရုပ်ပြ ကာတွန်းလောကကို ဦးဆောင်ခဲ့သူ၊ နိုင်ငံအပေါ်မှာ ကျေးဇူးရှိသူ တဦးအဖြစ်” နိုင်ငံတော် အစိုးရအနေနဲ့ ဘွဲ့ထူးဂုဏ်ထူး တွေနဲ့ ချီးမြှောက်သင့်တယ်လို့ စံရွှေမြင့်ဇာတ်ကောင် ဖန်တီးသူ ကာတွန်းမြင့်သိန်းက ဧရာဝတီကို ပြောခဲ့ ဖူးပါတယ်။
လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ လောက်က မြန်မာပြည်မှာ ကလေးတွေအတွက် ဖတ်စရာ၊ ဗဟုသုတ ရစရာ ကာတွန်းရုပ်စုံတွေကို ဖန်တီး ရေးဆွဲပေးခဲ့တဲ့၊ လမ်းဖောက်ပေးခဲ့တဲ့ ကာတွန်းဆရာကြီးတွေ ရှိခဲ့ပေမယ့် သတင်းစာ ကာတွန်းတွေ ရေးဆွဲခဲ့တဲ့ ဆရာကြီး ဦးဘဂျမ်း တယောက်က လွဲလို့ ကလေးတွေအတွက် ကာတွန်းရုပ်ပြတွေ ရေးဆွဲခဲ့တဲ့ ကာတွန်းဆရာ တွေကို နိုင်ငံတော်က ဘွဲ့ထူးဂုဏ်ထူး တွေနဲ့ ချီးမြှင့် မြှောက်စားတာမျိုး မရှိဖူးပါဘူး။
ကာတွန်းအောင်ရှိန်ကို ပုသိမ်မြို့မှာ အဖ ဦးမောင်ကွန့်နဲ့ အမိဒေါ်သန်းရင်တို့က ၁၉၂၈ ဩဂုတ်လ ၂၃ ရက် နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်က မြန်မာ့အလင်း သတင်းစာမှာ ကာတွန်းစတင် ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။
သူဟာ မြန်မာကာတွန်းလောကမှာ ဇာတ်ကောင် အများဆုံး ဖန်တီးခဲ့သူဖြစ်ပြီး သူ့ရဲ့ ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ စံပ၊ မယ်ခ၊ ဦးစိတ်တို၊ မျောက်ညို၊ ကြာဇံ၊ ကြေးမုံခင်၊ ဦးလူပေါ၊ ဉာဏ်ကျယ်လေး၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ အစရှိတဲ့ ဇာတ်ကောင်တွေဟာ လူကြိုက်များ ထင်ရှားပါတယ်။
ဆရာကြီးရဲ့ မျိုးဆက်အဖြစ် သားဖြစ်သူ ဦးရဲအောင်နိုင်က ဒိုဒိုးလေး ဆိုတဲ့ နာမည်နဲ့ ကာတွန်းရေးဆွဲနေပါတယ်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့ ဈာပနကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ပို့ဆောင်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ နာရေးသတင်း အတိအကျကို ဆက်လက် ဖော်ပြပေးပါမယ်။