နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ အစိုးရလျှပ်စစ်မီး မသုံးဘဲ မီးစက်သာ သုံးမည်
This article has been converted from Zawgyi One to Unicode
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြု ဖွင့်လှစ်မည်ဖြစ်သည်။
နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက်ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။ ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။
အလားတူ ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားတွင်လည်း အစိုးရဓာတ်အားစနစ်ကို အသုံးမပြုဘဲ မီးစက်များကိုသာ အသုံးပြုပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရေးကော်မတီနာယက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆီးဂိမ်းပြိုင်ပွဲ အဆင်ပြေ ချောမွေ့ရေး သက်ဆိုင်သော ဝန်ကြီးဌာန အားလုံး တာဝန်ကျေအောင် ဆောင်ရွက်ရန်နှင့် အမှားအယွင်း တခုခုဖြစ်ပေါ်၍ တိုင်းပြည် ဂုဏ်သိက္ခာကျ အရှက်ရစေပါက ဝန်ကြီးဌာနမှ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် အပါအဝင် အရာရှိများကို အလုပ် ထုတ်သည် အထိ အရေးယူမည်ဖြစ်ဟု ညွှန်ကြားချက်ပေးထားကြောင်း သိရှိရသည်။
“ဆီးဂိမ်းမှာ တိုင်းပြည် ဂုဏ်သိက္ခာ မကျဆင်းအောင် လုပ်ဖို့ ဒုသမ္မတကိုယ်တိုင် ညွှန်ကြားထားတယ်။ အမှားအယွင်း ဖြစ်ခဲ့ရင် တာဝန်ယူ ထားတဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ တန်းစီပြီး ပြုတ်မှာ။ သူတို့က ပိုပြီးတော့ ဘဝနဲ့ ရင်းရမှာ´´ ဟု အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် ရက်ပိုင်းအလို တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွား လျက်ရှိကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲကာလ ယင်းသို့ မီးပြတ်တောက်မှု များဖြစ်ပေါ်ခဲ့လျှင် နိုင်ငံဂုဏ်သိက္ခာ ကျနိုင်သည် ဆိုသော သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။
အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အပါအဝင် မြန်မာတနိုင်ငံလုံးတွင် တနာရီကျော်ကြာ ဓာတ်အား ပြတ်တောက်မှု တခု ဖြစ်ပွားခဲ့ပြီး အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုသည် ပြည်မြို့အနီးရှိ ရွှေတောင်နှင့်မြောင်းတကာသို့ သွယ်တန်း ထားသော မဟာဓာတ်အားလိုင်းကြိုး ချို့ယွင်းပြတ်တောက်မှု ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ဆိုသည်။
အစိုးရက အားနည်းချက်များစွာရှိနေသည့် လျှပ်စစ်အားပေးစနစ်ကို ယုံကြည် စိတ်ချမှုမရှိသဖြင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် ငွေဆောင်ဒေသ တို့တွင် မီးစက်များစွာ အရန်သင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။
နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဖွင့်ပွဲမှာက မီးအရမ်းသုံးရမှာ။ Animation တွေရော၊ မီးစလိုက်တွေရော သုံးမှာ ဆိုတော့ ဝန်အား မနိုင်တာတွေ ဖြစ်သွား လိမ့် မယ်။ အများကြီး သုံးမှာဆိုတော့ မီးဆိုင်း ၅ ခု ကို မီးစက် တလုံး ပေးထားမယ် ဆိုတာမျိုးတွေ ပါတယ်။ အကုန်လုံး ချောချော မွေ့မွေ့ပြီးသွားအောင် ဘာအနှောင့် အယှက် မှ မရှိအောင် လို့ မီးစက်တွေ သုံးမှာ။ နေပြည်တော် တမြို့လုံးလည်း ထိန်နေမှာပဲ။ အကုန်လုံးကို မီးစက်တွေနဲ့ လုပ်မယ်လို့ သိထားတယ်´´ဟု ဧရာဝတီသို့ ရှင်းပြသည်။
ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏကွင်း ၊ သိမ်ဖြူကွင်း၊ ဒဂုံမြောက်ပိုင်း ရှိ သေနတ်ပစ်ကွင်း နေရာများတွင် မီးမှန်စေရန် ဦးစားပေးဆောင်ရွက်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လျှင် အလို အလျှောက် မောင်းနှင်ပေးမည့် မီးစက်များဖြင့် အသင့်ပြင်ထားကြောင်း၊ ဆီးဂိမ်းကာလ ဓာတ်အားမပြတ်တောက်ရန် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။
“ဆီးဂိမ်းကာလ ရန်ကုန်မှာ မီးပျက်သွားခဲ့ရင် Generator တွေက အလိုအလျောက် ဝင်မောင်းမှာ။ မီးစက် တွေလည်း အဆင်သင့် ပြင်ထားတယ်။ ဆီးဂိမ်းကာလ မှာ သစ်ပင်ခုတ်ဖို့ မီးဖြတ်တာမျိုး၊ မီးလိုင်း ချိန်းတာမျိုးတွေ လုံး၀ မလုပ်ဘူး´´ ဟု အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။
မြန်မာနိုင်ငံ ဟော်ကီအားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းက “ ပြီးခဲ့တဲ့ရက်က ဟော်ကီပြိုင်ပွဲလုပ်တာ မီးပျက် သွားတယ်။ မီးစက်မောင်းပေမယ့် ၅ မိနစ်လောက်ကြာမှ မီးပြန်လာတော့ ဟော်ကီကို Score Board မပေါ်ဘဲ ကစားလိုက် ရတယ်။ တတ်နိုင်ရင် မီးပျက်ပြီး ၂ မိနစ်လောက်အတွင်း မီးစက်နှိုး မီးလာအောင် စီစဉ်ထားရမယ်´´ ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။