အစိုးရနှင့် UNFC တို့၏ အပစ်အခတ် ရပ်စဲရေး မူကြမ်း ၈၀ ရာခိုင်နှုန်း ကွဲလွဲနေ
This article has been converted from Zawgyi One to Unicode
အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သဘောတူထားသည့် မူကြမ်းနှစ်ခုမှာ ၈၀ ရာခိုင်နှုန်းခန့် ကွဲလွဲနေကြောင်း UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“အစိုးရကထုတ်ပြန်တဲ့ မူကြမ်းက အရမ်းရှည်လွန်းတယ်။ တော်လှန်ရေးအဖွဲ့တွေ သိပ်နားမလည်ဘူး။ ဒီတော့ ဒီအပိုင်းကိုညှိရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းတွင် ခေါင်းစဉ်ကြီး ၁၅ ခု ပါဝင်ပြီး UNFC က ရေးဆွဲသည့် မူကြမ်းတွင်မူ ခေါင်းစဉ်ကြီး ၆ ခု ပါဝင်ကြောင်း သိရသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းကို ပြင်ပသို့ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ လွန်ခဲ့သည့် ၁၀ ရက်ခန့်ကမှ UNFC က လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အများစုမှာ အစိုးရ၏ အဆိုပါ မူကြမ်းကို မရရှိသေးကြောင်း၊ အစိုးရ၏ မူကြမ်းနှင့် ပတ်သက်၍ ယနေ့ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။
လာမည့် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံပွဲကို UNFC အနေဖြင့် တက်ရောက် ဆွေးနွေးရန် ရှိ၊ မရှိကို ဧရာဝတီက မေးမြန်းရာ ပြောကြားရန် စောသေးကြောင်း၊ လိုင်ဇာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှသာ ဆွေးနွေးတိုင်ပင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖြေကြားသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အစိုးရက တရားဝင် ဖိတ်ကြားလာပါက တိုင်းရင်းသားအဖွဲ့များ အနေဖြင့် တပေါင်းတည်းသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ထိုအချက်ကို ယမန်နေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ် ၉၅ ရာခိုင်နှုန်းက သဘောတူထားပြီး မည်သည့် အဖွဲ့ကမျှ ဖောက်ထွက်ာ လက်မှတ်ထိုးမည် မဟုတ်ကြောင်း သိရသည်။
UNFC ကို တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်ပြည်တပ်မတော် (AA)၊ နာဂလက်နက်ကိုင် တပ်ဖွဲ့ NSCN တို့ကိုလည်း UNFC ၏ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့မှာမူ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
“သူတို့အဖွဲ့တွေ မတက်တာနဲ့ ဒီကိစ္စကို သဘောတူ ညှိနှိုင်းလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ တက်တဲ့လူတွေဆီက ရလာတဲ့ သဘောထားကို သွားပေးမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
UWSA နှင့် NDAA တို့က ကျန်းမာရေး မကောင်းခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာမှာ မြန်မာဘာသာဖြင့် ဖြစ်သဖြင့် နားမလည်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြောင်းကြားကြောင်း သိရသည်။
ယမန်နေ့ လိုင်ဇာ ညီလာခံ ပထမရက်တွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ UNFC ၏ မူကြမ်းကို ဆွေးနွေးတင်ပြခဲ့ပြီး သဘောတူညီချက် ရလဒ်ကို ယနေ့တွင် ထုတ်ပြန်နိုင်မည်ဟု သိရသည်။