ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ကို အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုလိုက်ကြောင်း သိရသည်။
၂၀၁၀ခုနစ် ဧပြီလတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အဖြစ် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယင်းနှစ် သြဂုတ်လတွင် ပယ်ချခံခဲ့ရကြောင်း၊ ယခုအခါ ပါတီနာမည်ပြောင်းလဲ လျှောက်ထားခဲ့ပြီး နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှုကြောင့် ပြန်လည် လက်ခံလာခြင်း ဖြစ်ကြောင်း ဒေါက်တာ မနန်တူးဂျာက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ရွေးကောက်ပွဲ ကော်မရှင်ကို သြဂုတ်၂၆ ရက်စွဲနဲ့ တင်ခဲ့တာပါ။ မနေ့က ပါတီထောင် ခွင့်ပြုလိုက်ပါတယ်။ ပါတီထောင်ခွင့် ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ ပါတီအနေနဲ့ ဥပဒေအညီ ဆောင်ရွက်သွားပါမယ်။ ပါတီရုံးကိုလည်း မြစ်ကြီးနားတွင် ဖွင့်လှစ်သွားမှာပါ” ဟု ဒေါက်တာ မနန်တူးဂျာက ဆိုသည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ မူဝါဒများမှာ မိမိဒေသ မိမိပြည်နယ်၏ အကျိုး နှင့် တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး ပပျောက်ရန်၊ ပညာရေး မြင့်မားလာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ကျနော်တို့ ပါတီအနေနဲ့ တက်ကြွပါဝင်သွားမှာပါ။ အခြားပါတီများနဲ့လည်း ကျနော်တို့ သဟဇာတ ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မြို့နယ်တွေကိုတော့ အသေအချာ မဆုံးဖြတ်ရသေးပါဘူး” ဟု ဒေါက်တာ တူးဂျာက ပြောသည်။
လက်ရှိ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသားအဖွဲ့များ ညီလာခံက အားလုံးအတွက် အရေးကြီးသည့် အချိန်ဖြစ်နေကြောင်း၊ အနာဂတ်အတွက် ညှိနှိုင်းဆောင်ရွက်နေသောကြောင့် ကောင်းသောဘက်သို့ ဦးတည်နေကြောင်း၊ တူညီသော သဘောထားရလဒ်များလည်း ယင်းနိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
ထိုနည်းတူ ညီနောင် ၁၆ ပါတီ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု ယူနီယံ ပါတီကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၈ ရက်တွင် တရားဝင် ပါတီထောင်ခွင့်ပြုလိုက်ပြီး ၂၀၁၅ ခုနစ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။
ဒေါက်တာ တူးဂျာသည် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသားညီလာခံကို ထောက်ခံအားပေးခဲ့သူတဦး ဖြစ်ပြီး ညီလာခံ ပြီးမြောက်သည် အထိတက်ရောက်ခဲ့သည့် ညီလာခံ ကိုယ်စား လှယ်တဦးလည်းဖြစ်သည်။ ဒေါက်တာ တူးဂျာသည် ၂၀၀၉ ခုနစ်ကတည်းမှ KIOမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့သည်။
ဆက်စပ် ဖတ်ရှုရန်