လူကုန်ကူးမှု တခုနှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံ၌ ကျန်ရစ်နေခဲ့သည့် အသက် ၁ နှစ် ၃ လသား အရွယ် မြန်မာ ကလေးငယ် တဦးကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (လူကုန်တား) ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ထိန်ချုံး ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကယ်တင်၍ မိသားစုထံ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
ကချင်ပြည်နယ် ဖားကန့်မြို့မှ ကလေးတယောက် မိခင်တဦးကို မျိုးဇော် (ခ) ခေါင်လွန်းနှင့် ဆိုင်းခွန်တို့က တရုတ်နိုင်ငံ ထိန်ချုံးမြို့တွင် ထမင်းချက် အလုပ်ရမည်၊ တလလျှင် လစာ ၂ သိန်းကျပ် ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခေါ်ဆောင် သွားခဲ့ကြောင်း၊ အဆိုပါ ကလေးမိခင်မှာ ထိုအချိန်က ၇ လသား အရွယ်ရှိသည့် သမီးငယ်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါသွားခဲ့ရာမှ လူခေါ် ပွဲစားများက အမျိုးသမီးအား တရုတ်လူမျိုး တဦးထံ ရောင်းစားခဲ့ကြောင်း၊ ကလေးမိခင်မှာ တရုတ် အမျိုးသားနှင့် ၂ လခန့် ပေါင်းသင်း ပြီးနောက် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရာ ကလေးငယ်မှာ ကျန်ရစ်ခဲ့ကြောင်း၊ ယင်း ကလေးငယ်ကို ၂ နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ကယ်တင်နိုင်ခဲ့ကြောင်း နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတဦးက ဧရာဝတီကို ပြောသည်။
“ကောင်မလေးကို ပွဲစားတွေက ထိန်ချုံးမြို့ကို ခေါ်သွားတယ်။ အဲဒီကတဆင့် ကျွန်းခုံမြို့က တရုတ်အမျိုးသား ဝမ်ကျားပေါင် ဆီမှာ ယွမ်ငွေ ၆၈၀၀၀ နဲ့ ရောင်းစားခဲ့တယ်။ အဲဒီသတင်းအရ ကျနော်တို့က တရုတ်ပြည်က ထိန်ချုံး ခရိုင်ရဲတပ်ဖွဲ့နဲ့ ဆက်သွယ် လိုက်တော့ လူကုန်ကူးခံရတဲ့ ကောင်မလေးကို DNA (မျိုးရိုးဗီဇ) စစ်တယ်။ အဲဒါပြီးတော့ လူကုန်ကူး ခံရတဲ့ ကောင်မလေး ပေးတဲ့ လိပ်စာအတိုင်း အဲဒီအိမ်ကို သွားပြီး ရှာတော့ ကလေးကို တွေ့တယ်။ ကလေးတွေ့တော့ DNA စစ်ကြည့်တဲ့ အချိန်မှာ သူ့အမေနဲ့ကလေးနဲ့က DNA ချင်း တူနေတယ်။ အဲဒီမှာ တရုတ် ရဲတပ်ဖွဲ့က ကလေးတွေ့ပြီဆိုပြီး ကျနော်တို့ဆီ လှမ်း အကြောင်းကြားတာပါ” ဟု သူက ရှင်းပြသည်။
ကလေးမိခင် အမျိုးသမီးသည် သူ့ကို ဝယ်ယူခဲ့သည့် တရုတ်အမျိုးသား ဝမ်ကျားပေါင်၏ လက်ထဲမှ ထွက်ပြေးခဲ့ပြီးနောက် တရုတ်နိုင်ငံ ကျွန်းခုံမြို့ ရဲစခန်းတွင် ၁၄ ရက်ခန့် နေထိုင်ခဲ့ရပြီး တရုတ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သဖြင့် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မြန်မာပြည် ပြန်ရောက်ပြီးနောက် တရုတ်ပြည်၌ ကျန်ရစ်ခဲ့သည့် သမီးငယ်ဖြစ်သူကို ကယ်တင်ပေးပါရန် လူကုန်တား ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံခဲ့ရာ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် နေ့တွင် မြစ်ကြီးနား လူကုန်တားရဲတပ်ဖွဲ့၊ ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များနှင့် လူကုန်ကူးခြင်း ခံခဲ့ရသည့် အမျိုးသမီး တို့သည် တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ပြည်ပ ဆက်ဆံရေး ရုံးမှ တဆင့် ထိန်ချုံးခရိုင် ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များနှင့် တွေ့ဆုံကာ ကလေးငယ်အား ကယ်တင်နိုင်ရေးနှင့် လူကုန်ကူးသည့် တရားခံများ ဖမ်းဆီးရမိရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် လူကုန်ကူးခံရသည့် အမျိုးသမီး၏ DNA ကို တရုတ်ရဲတပ်ဖွဲ့က ရယူကာ ကလေးငယ်အား ရှာဖွေပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကလေးငယ်ကို တွေ့ရှိပြီဟု ထိန်ချုံးခရိုင် ပြည်ပဆက်ဆံရေး ဌာနမှ ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ထံ အကြောင်း ကြားခဲ့ကြောင်း၊ ထို့ကြောင့် မြစ်ကြီးနား လူကုန်တားအဖွဲ့၊ ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များနှင့် ကလေး မိခင်ဖြစ်သူတို့မှာ ထိန်ချုံးမြို့သို့ သွားရောက်ခဲ့ရာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထိန်ချုံး ခရိုင် ရဲတပ်ဖွဲ့က မြန်မာကလေးငယ်ကို မိဘများထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။
“ကလေးအမေ ထွက်ပြေးတော့ ကလေးက တရုတ်အမျိုးသား ဆီမှာပဲ ကျန်ခဲ့တာပေါ့။ ကလေး ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ ဒီလို ကလေးငယ်တွေ ကျန်ခဲ့တဲ့ ဖြစ်ရပ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်တုန်း ကလည်း ၅ နှစ် သမီးအရွယ်တွေ ကျန်ခဲ့တာ ရှိတယ်” ဟု လူကုန်တား တပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ၉ လတာ ကာလအတွင်း လူကုန်ကူးမှု ၆၉ မှု ဖြစ်ပွားခဲ့ရာ ၄၂ မှုမှာ တရုတ်နိုင်ငံ၊ ၁၄ မှုမှာ ထိုင်းနိုင်ငံနှင့် ၁၃ မှုမှာ ပြည်တွင်း၌ လူကုန်ကူးခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အားလုံးနီးပါးမှာ တရုတ်ဇနီးမယား အဖြစ် အဓမ္မ ထိမ်းမြား လက်ထပ်ရန် ရောင်းစားခဲ့သော အမှုများ ဖြစ်နေပြီး မြန်မာအမျိုးသမီး တဦးလျှင် တရုတ်ယွမ်ငွေ ၃၀၀၀၀ မှ ၆၈၀၀၀ အထိရှိသော ဈေးနှုန်းများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ အများဆုံး လူကုန်ကူး ခံရသူများမှာလည်း မြန်မာ အမျိုးသမီးများ ဖြစ်နေပြီး တရုတ်မယားအဖြစ် ရောင်းစားရန် အတွက် လူကုန်ကူးမှုမှာ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တွင် အများဆုံး ဖြစ်ပွားနေကြောင်း လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် လူကုန်ကူးသူများက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းစသည့် ဒေသများရှိ ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် ရှားပါးသော အမျိုးသမီးငယ်များ ကိုပါ ပစ်မှတ်ထား၍ သွေးဆောင် စည်းရုံးမှုများ လုပ်ဆောင် လာနေကြောင်း၊ တရုတ်နိုင်ငံ တွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျနေသူ မြန်မာ အမျိုးသမီးများကိုယ်တိုင် မြန်မာပြည်တွင်းသို့ ဝင်ရောက်၍ အမျိုးသမီး ငယ်များကို သွေးဆောင်စည်းရုံးကာ တရုတ်မယားအဖြစ် ရောင်းစားရန် ကြိုးပမ်းမှုများ ရှိလာနေကြောင်း လူကုန်တား ရဲတပ်ဖွဲ့က ပြောသည်။
“တရုတ်နိုင်ငံကို လူကုန်ကူးတဲ့ ဖြစ်ရပ်တိုင်း လိုလိုဟာ အဲဒီ တရုတ်မယားအဖြစ် ရောင်းစားတဲ့ အမှုတွေ ဖြစ်နေတာ တွေ့ရတယ်။ မြန်မာနိုင်ငံသူ အမျိုးသမီးတွေကို တရုတ်နိုင်ငံကို ဘာအလုပ်နဲ့ပဲ ခေါ်ခေါ်၊ ထမင်းချက်ပဲ ခေါ်ခေါ် ကျန်တဲ့ အလုပ်ပဲ ခေါ်ခေါ် နောက်ဆုံးကျတော့ ဒီဘူတာပဲ ဆိုက်တာပါပဲ။ သူတို့က လိမ်လည်ပြီး ခေါ်တာဖြစ်တဲ့အတွက် မြန်မာ အမျိုးသမီးတွေ အနေနဲ့ အတတ်နိုင်ဆုံး တရုတ်နိုင်ငံကိုသွားပြီး အလုပ်မလုပ်ကြဖို့ ပြောလိုပါတယ်” ဟု နေပြည်တော် လူကုန်တား ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိက ရှင်းပြသည်။
တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားက တရားမဝင် ဇနီးမယားအဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီး တဦးနှင့် တရားဝင် လက်ထပ်နိုင်သည့်အခါ ငွေဖြင့် ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူ တဦးထံ လက်ဆင့်ကမ်း ရောင်းချမှုများလည်း ရှိနေသည်ဟု သိရသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ် ခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့အပြင်လူ ၃ ဦးနှင့် အထက် ပူးပေါင်းပြီး ဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှု ကျူးလွန်ပါက အနိမ့်ဆုံး ထောင်ဒဏ်အနှစ် ၂၀ မှ ထောင်ဒဏ်တသက်အထိ ချမှတ်ခံရနိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
လက်ရှိတွင် လွယ်ဂျယ် – ကျန့်ဖုန်း၊ မူဆယ် – ရွှေလီ၊ လောက်ကိုင် – နမ့်ဆမ်း စသည့် မြန်မာ – တရုတ်နယ်စပ် ၃ နေရာတွင်
နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး လူကုန်ကူးမှုများ လျော့ကျရေး အတွက် ဆောင်ရွက်နေကြောင်း သိရသည်။