တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာပြီး သမ္မတဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည်အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့်နေရာတွင် ပါဝင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“အသက် ၆၀ ပြည့်သွားရင် ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းကြည့်နေကြတာပေါ့။ ကာယကံရှင် လုပ်မယ်၊ မလုပ်ဘူး ဆိုတာလည်း ဒါမျိုးတွေလည်း ပါဦးမှာပေါ့။ တွက်ရင်တော့ မှန်းလို့ရပါတယ်။ လူကြီးတွေ အားလုံးက အလုပ်ကို ကြိုးစားကြတဲ့သူတွေ ဆိုတော့၊ တိုင်းပြည်အတွက် အသက်ငယ်တုန်းမှာ အထောက်အကူပြုတဲ့နေရာမှာ ကြိုးစားကြမယ့် သူတွေဆိုရင်တော့ သူလည်းပါမယ်” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဆိုသည်။
လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ် ၁၉ ကျောင်းဆင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အနိုင်ရရှိရေး အသည်းအသန် ကြိုးပမ်းရဦးမည်ဖြစ်ပြီး ယခု ထိပ်ပိုင်းခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး အာဏာ ပြိုင်ဆိုင်မှု နှင့် အကွဲအပြဲများကြောင့် နိုင်ငံရေး ရှုပ်ထွေးနိုင်ကြောင်း နိုင်ငံရေးစောင့်ကြည့် သုံးသပ်သူများက ယူဆနေကြသည်။
လတ်တလော အနေအထားတွင်ပင် မဲဆန္ဒရှင် ပြည်သူများအကြား အသိအမှတ်ပြုခံလာနေရသည့် သမ္မတဦးသိန်းစိန် ဆက်လက်တာဝန်ထမ်းဆောင်မည် မထမ်းဆောင်မည်မှာ မရေရာသေးဘဲ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သော သူရဦးရွှေမန်းကလည်း သမ္မတရာထူး ထမ်းရွက်ချင်သည်ကို လူသိရှင်ကြား ဗြောင်ထုတ်ပြောထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက လုံလောက်သော အမတ်နေရာများ အနိုင်ရရှိလျှင်သော်မျှ မည်သူ ဒု သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခံရမည်မှာ မသေချာပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာအများစုတွင် အနိုင်ရရှိနိုင်မည်ဟု ထင်မြင်ယူဆရပြီး သမ္မတရာထူးကို ယှဉ်ပြိုင်ရွေးချယ်ခံရန် ဒု သမ္မတရာထူးအတွက် မဲဆန္ဒရှင်အများအပြားက ထောက်ခံနှစ်သက်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း တင်သွင်းနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိသားစုအတွင်း နိုင်ငံခြားသား ခံယူထားသူများ နိုင်ငံတော်အကြီးအကဲ ဖြစ်ပိုင်ခွင့်မရှိဟု ပြဌာန်း ထားသောကြောင့် နိုင်ငံခြားသား သား ၂ ဦး၏ မိခင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ မသေချာပေ။
ထို့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ မှာ သမ္မတဖြစ်နိုင်ခြေ အများဆုံးဖြစ်နေသောကြောင့် အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆန္ဒရှိပြီး လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရွေးကောက်တင်မြှောက်မခံရဘဲ အလိုအလျောက် နေရာရပြီးဖြစ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းမည်ဆိုပါက အကောင်းဆုံးအခြေအနေဖြစ်နေသည်ဟု တပ်တွင်းအသိုင်းအဝိုင်းက ယူဆနေကြကြောင်း ဧရာဝတီက မေးမြန်းပြောဆိုခဲ့သောသူများ အရ သိရှိရသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း အထက်ပါ သုံးသပ်ချက်ကို သဘောတူသည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်မတော်ဘက်က တင်မယ်ဆိုရင်တော့ သမ္မတဖြစ်နိုင်ခြေ များတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး၊ တပ်မတော်က တင်မယ့် ဒုတိယသမ္မတက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ အလားအလာ အများဆုံးပဲ။ သူက သမ္မတဖြစ်ဖို့ ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းက အလိုအလျောက်ရထားပြီးသား´´ဟု ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တပ်မတော်အရာရှိဟောင်းလည်းဖြစ်သူ ဦးလှဆွေကမူ အငြိမ်းစား တပ်မတော်အရာရှိများ သမ္မတ၊ ဝန်ကြီးကဲ့သို့သော နိုင်ငံရေးရာထူးရယူမည့် အစဉ်အလာတရပ် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကတင်မြှောက်မယ့် ဒုတိယသမ္မတဖြစ်ဖို့ အလားအလာ မြင်နေရတယ်။ ကျနော့်အမြင်ကတော့ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ၊ လေချုပ်တွေ၊ ရေချုပ်တွေကို ပြည်ထဲရေး၊ ကာကွယ်ရေးတို့လောက်ပဲ ကောင်းတယ်။ ကျန်တာတွေက အရပ်သားပညာရှင်တွေကို ခန့်သင့်တယ်။ ပေးသင့်တယ်။ အဲလိုမြင်တယ်။ တပ်မတော်ဘက်က ဒုတိယသမ္မတကိုယ်စားလှယ် တယောက်အဆိုပြုခွင့်ရှိနေတယ်။ တဖက်မှာလည်း သမ္မတကလည်း တပ်မတော်ဘက် အရာရှိတွေကို ဝန်ကြီးတွေအဖြစ် ခန့်ခွင့်ရှိတယ်။ ကျနော် အဲဒါကို သဘောမကျဘူး” ဟု ဦးလှဆွေက ဆိုသည်။