သတင်း

ထိုင်းရှိ မြန်မာ အလုပ်သမား သားသမီးများ ဗီဇာရရှိရေး စီစဉ်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများပါ မိဘများနည်းတူ တရားဝင်နေထိုင်ခွင့် ဗီဇာရရှိရေး  အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိသည်။

ယမန်နေ့က အစည်းအဝေးတွင် မြန်မာ အလုပ်သမားများ၏ ၂ နှစ် ဗီဇာသက်တမ်းနှင့်အတူ ၎င်းတို့၏ သားသမီးများအတွက် ပါ ထိုင်းနိုင်ငံ အတွင်း တရာဝင် ဗီဇာသက်တမ်း ရရှိရေးတို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်းက ထိုင်း ဒု ပြည်ထဲရေး ဝန်ကြီး မစ္စတာ Visarn Techateerawat နှင့် ဆွေးနွေးခြင်း ဖြစ်သည်။

ထိုင်း ဒု ပြည်ထဲရေးဝန်ကြီးကလည်း မြန်မာ သံအမတ်ကြီးတင်ပြ ဆွေးနွေးလာသည့် မြန်မာ အလုပ်သမားများဆိုင်ရာ ပြဿနာ များကို သက်ဆိုင်ရာနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ပြောကြားကြောင်း ဘန်ကောက်မြို့ မြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောသည်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့အဓိက အချက် ၂ ချက်ကို သွားပြောခဲ့တယ်။ တချက်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မှီခိုသားသမီးတွေကို ၂ နိုင်ငံ သဘောတူထားကြတဲ့ ဗီဇာရရှိဖို့နဲ့ ဗီဇာကြေး ကောက်တာကိုလည်း နှစ်နိုင်ငံ သဘောတူထားတဲ့ အတိုင်း ပေးဖို့။ နောက်တခုက ထိုင်းနိုင်ငံအတွင်း တချို့နေရာတွေမှာ အကြောင်းအမျိုးမျိုး ပြပြီး တရားဝင် မြန်မာ အလုပ်သမားတွေကို ထိုင်းရဲတွေက ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း ကိစ္စတွေကို သွားဆွေးနွေးတာ”ဟု သူက ဆို သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုအရ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် တခါလျှောက်လျှင် တရားဝင် နေထိုင်ခွင့် ၂ နှစ်ဗီဇာ ရရှိပြီး ၎င်းတို့၏ သားသမီးများကိုလည်း  အလားတူ နေထိုင်ခွင့် ဗီဇာ ၂ နှစ် ပေးရမည်ဟု ပါရှိသော် လည်း အတူနေ သားသမီးများအတွက် ဗီဇာကိစ္စ နှောင့်နှေးနေသည်။

မြန်မာ သံရုံးသို့ အလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများက အကူအညီ တောင်းလာသဖြင့် ယခုကဲ့သို့ ထိုင်း အာဏာပိုင်များကို တောင်းဆိုခြင်းဖြစ်သည်ဟု ဦးကျော်ကျော်လွင်က ပြောသည်။

“အလုပ်သမားတွေ ပြောလာတဲ့ ကိစ္စတွေကို ကျနော်တို့က စုပြီး သွားပြောတာပါ”ဟုလည်း သူက ပြောဆိုသည်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသည် အလုပ်သမားအရေး လှုပ်ရှားသူများ၏ တိုက်တွန်း တောင်းဆိုမှုများဖြစ်သည့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ကိစ္စများကို ပူးပေါင်း ဆောင်ရွက်လာ ခြင်း ဖြစ်သည်။

မြန်မာ- ထိုင်း ၂ နိုင်ငံသည် ၂၀၀၉ ခုနှစ်ကတည်းက ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် မြန်မာ အလုပ်သမားများအတွက် နိုင်ငံ သား စိစစ်ရေး လုပ်ငန်းစဉ်နှင့် ယာယီ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အစီအစဉ်များကို စတင် အကောင်အထည် ဖော်ခဲ့ သည်။

ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ သားသမီးများအတွက်လည်း ၂ နိုင်ငံ အစိုးရက မိဘများနှင့် အလားတူ တရားဝင် အထောက်အထားနှင့် နေထိုင်ခွင့် ဗီဇာ ထုတ်ပေးရေးကို ယမန်နှစ်က သဘောတူခဲ့ကြခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမ တဦးဖြစ်သူ မခိုင်က လွန်ခဲ့သည့်လက ထိုင်းနိုင်ငံ ဘန်ကောက်မှ မဲဆောက်သို့ပြန်လာစဉ် သူ့တွင် ယာယီ နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့် ပါမစ် အစရှိသည့် တရားဝင် အထောက်အထား အပြည့်အစုံ ပါရှိသော်လည်း စစ်ဆေးရေးဂိတ်တွင် ရဲက လက်ဖက်ရည်ဖိုး ဘတ်ငွေ ၁၀၀(၃၀၀၀ ကျပ်ဝန်းကျင်) ကို တောင်းယူခဲ့သည်ဟု ဧရာဝတီကို ပြော သည်။

“ဘန်ကောက်ကနေ မဲဆောက် အကြား စစ်ဆေးရေး ဂိတ် ၅ ခုမှာ ၂ ခုက စစ်တယ်။ ကျမ စာရွက်စာတမ်း အစုံပါတယ်။ ဒါပေ မယ့် စာရွက်တခု လိုတယ်ဆိုပြီး ကျမကို ဘတ် ၁၀၀ တောင်းတယ်။ ကျမမှာ သတ်မှတ်ထားတဲ့ အထောက်အထား အကုန် ပါတယ်။ ဒါပေမယ့် အခက်အခဲ မဖြစ်ချင်တာနဲ့ ကျမလည်း ပေးခဲ့လိုက်ရတယ်။ တချို့ဆို ဂိတ်တိုင်းမှာကို ပေးရတာ”ဟု သူက ဆိုသည်။

ထိုင်းပြည်ထဲရေး ဝန်ကြီးက အဆိုပါ လုပ်ရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ နေရာဒေသများရှိ ပြည်နယ် အုပ်ချုပ်ရေးမှူးများအား ထိုကဲ့သို့ မပြုလုပ်ရန် အသိပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သော ရေလုပ်ငန်းခွင်တွင် လုပ်ကိုင်နေ သော မြန်မာ အလုပ်သမားများ အရေးကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု သိရသည်။

အလုပ်သမားအရေး လှုပ်ရှားနေသူများက မြန်မာ အလုပ်သမားများ ကာလ ကြာရှည် ခံစားလာရသည့် လုပ်အား ခေါင်းပုံဖြတ် ခံရမှု၊ ထိုင်းရဲ များ၏ တရားမဝင် ငွေညှစ်မှုများ၊ တရားမဝင် လူမှောင်ခိုကူးမှု ပြဿနာများနှင့် ပတ်သက်၍ မြန်မာသံရုံးကို တင်ပြလာခဲ့ရာ မြန်မာသံရုံးက အလုပ်သမား အခွင့်အရေးဆုံးရှုံး နစ်နာမှုများနှင့်ပတ်သက်၍ ယခုကဲ့သို့ ရပ်တည် ပေးလာခြင်းဖြစ် သည်။

အောက်တိုဘာလ လယ်ပိုင်းတွင် မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကို နိုင်ငံ တကာသို့ပါ သွားလာ၍ရသည့် ပုံမှန် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး ၁ သန်း ၇ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်းလည်း တရားဝင် စာရင်းဇယားများ၌ ဖော်ပြ ထားသည်။

ယင်း မြန်မာ အလုပ်သမားများသည် ငါး၊ ပုစွန် စသည့် ပင်လယ်စာ လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စိုက်ပျိုးရေး လုပ်ငန်းများ စသည်တို့တွင် လုပ်ကိုင်နေကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading