Ethnic Issues

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်းစု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအဝင် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍  ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ်ပြန်ထားပြီးဖြစ်သည့်  မူကြမ်း ၃ခု ပေါင်း၍  ဘုံမူဝါဒ သဘောထား တရပ် ရေးဆွဲ မည်ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“မူကြမ်း ၃ ခု ထဲက ကောင်းတာယူ ၊ မကောင်းတာဖယ်ပြီး အသစ် ရေးဆွဲသွားမှာပါ။ တပ်ပေါင်းစု သဘောတူညီချက် အချော ရေးဆွဲဖို့ ကော်မတီတခု ဖွဲ့စည်းထားပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

တိုင်းရင်းသား တပ်ပေါင်းစု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက်နေ့ တိုင်းရင်းသားညီလာခံတွင်  ထုတ်ပြန်သွားရန် ရှိပြီး တပ်ပေါင်းစု အပစ်ရပ်ရေး သဘောတူညီချက် ရေးဆွဲရေး ကော်မတီ တရပ်ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီတွင်  တိုင်းရင်းသား အဖွဲ့တခု ဆီမှ အဖွဲ့ဝင် တဦးစီဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ချင်းအမျိုးသား တပ်ဦး (CNF)မှ ဒေါက်တာ ဆလိုင်း လန်မုန်း( Dr. Salai Lian Hmung Sakhong) က ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရ သည်။

လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင်  အပစ်ခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်မည်၊ နိုင်ငံရေး ဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မည် ဟူ၍ သဘောထားကွဲလွဲမှုများရှိနေသည့်အတွက် တိုင်းရင်းသားများ ပြန်လည် ညိနှိုင်း နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ထုတ်ပြန်ပြီးပါက  အဆိုပါဘုံသဘောထားကို အကောင်အထည် ဖော်မည့် လုပ်ငန်း အဖွဲ့ကိုဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ယင်းအဖွဲ့က အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာ အစိုးရ နှင့်ဆက်လက်  ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လိုင်ဇာဆွေးနွေးပွဲသို့ မတက်ရောက်သည့် `ဝ´ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလား အဖွဲ့ (NDAA) တို့က လိုင်ဇာညီလာခံမှ ထွက်ပေါ်လာမည့် ဘုံသဘောတူညီချက်ကို လက်ခံ၊ လက်မခံ ဆိုသည် ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်က “ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျနော် တို့ တိုင်းရင်းသား တွေ အများကြီး အသက်ပေးခဲ့ရတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဆွေးနွေးမှု တွေရှိပါတယ်။ ဒီမူကိုဖယ်လို့ တော့ မရဘူး။ အဲဒီ အချက်ကိုတော့ ပြောပြထားတယ်”ဟု ပြောသည်။

လတ်တလော အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းကို တိုင်းရင်းသား အများစုက လက်မခံဘဲ  အဓိကမှာ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍လုပ်ဆောင်မည်ဟု ဆိုသော်လည်း ဖက်ဒရယ်မူကို အခြေခံမည်ဆိုသော  အချက် ပါဝင်ခြင်း မရှိမှုကြောင့် ဖြစ်ကြောင်း၊ အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်း သည် ရှည်လျား လွန်းပြီး တိုင်းရင်းသားအဖွဲ့များ အလွယ်တကူ နားမလည်နိုင်ဟု လိုင်ဇာညီလာခံတွင် သုံးသပ် ပြောဆိုမှု များ ရှိနေကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading