သတင်း

Facebook စီမံခန့်ခွဲရေးအဖွဲ့တွင် မြန်မာတဦးလည်း ပါဝင်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လူကြီးလူငယ်များအကြား သုံးစွဲမှုနှုန်း မြင့်မားသည့် Facebook လူမှုကွန်ရက် စာမျက်နှာ စီမံခန့်ခွဲရေး အဖွဲ့တွင် မြန်မာ တဦးကို အလုပ်ခန့်အပ်ထားကြောင်း Facebook Team မှ တာဝန်ရှိသူတဦး၏ ပြောလိုက်ကြောင်း Myanmar Ict for Development Organization (MIDO) မှ စီမံကိန်းမန်နေဂျာက ဧရာဝတီသို့ ပြောသည်။

Facebook စာမျက်နှာပေါ်တွင် ရေးသားသည့် တချို့သော အချက်များသည် သုံးစွဲသူနှင့် စီမံခန့်ခွဲရေး အဖွ့ဲအကြား သဘောတူ ထားသည့် စည်းကမ်းချက်များကို ချိုးဖောက်မှုများ၊ တဦးနှင့်တဦး အမုန်းတရား ပွားစေမည့် အရေးအသားများ၊ တဦးက တဦးကို ခြိမ်းခြောက်ခြင်းများ၊ တစုံတဦးအပေါ် ထိခိုက်နစ်နာစေသော အရေးအသားများ ရှိနေခြင်းကြောင့် ယင်းသို့ မြန်မာ ဘာသာစကားကို တတ်ကျွမ်းနားလည်သူအား ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

MIDO မှ စီမံကိန်းမန်နေဂျာ မထိုက်ထိုက်အောင်က “ခန့်လိုက်တာကတော့ အိုင်တီပညာရှင်တော့ မဟုတ်ဘူး။ မြန်မာစာ၊ မြန်မာ စကားကို တတ်ကျွမ်းနားလည်ပြီး Facebook မှာ စည်းကမ်းချက်နဲ့ အညီ တင်တယ်၊ မတင်ဘူး ဆိုတာတွေကို ပြန် သုံးသပ်ဖို့အတွက် ခန့်ထားတာလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဘာလီတွင် ပြုလုပ်သည့် Internet Governance အစည်းအဝေးတွင် MIDOမှ ကိုယ်စားလှယ် အနေဖြင့် တက်ရောက်ခဲ့ရာ Facebook Team မှ တာဝန်ရှိသူတဦးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မထိုက်ထိုက်အောင် က ဆက်လက်ပြောသည်။

Facebook သုံးစွဲသူတဦးသည် သတ်မှတ်ထားသည့် စည်းကမ်း ဥပဒေသများ၊ လူ့အဖွဲ့အစည်းက လက်ခံသည့် စံ သတ်မှတ်ချက်များ၊ လက်မခံသည့် စံသတ်မှတ်ချက်များ ရှိကြောင်း၊ မြန်မာစာ အသုံးပြုသူများအကြား ယင်းအချက်များကို ချိုးဖောက်သည့် ဖြစ်ရပ်များ ရှိနေသော်လည်း ဘာသာစကား အခက်အခဲကြောင့် အရေးယူနိုင်မှု မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခန့်အပ်ရခြင်း ဖြစ်ကြောင်း ယင်းပုဂ္ဂိုလ်က ရှင်းပြခဲ့သည်ဟု သူကဆိုသည်။

ထို့အပြင် Facebook စာမျက်နှာ စီမံခန့်ခွဲရေး အဖွဲ့သည် မကြာသေးမီက မြန်မာပြည်သို့ လာရောက်ခဲ့ပြီး အစိုးရနှင့် ဒီမိုကရေစီ အင်အားစုများကို တွေ့ဆုံခဲ့ရာ ထိုအချက်များကို သိရှိရခဲ့ခြင်း ဖြစ်ကြောင်းလည်း ထိုပုဂ္ဂိုလ်၏ ပြောကြားချက်ကို မထိုက်ထိုက်အောင်က ပြန်လည်ရှင်းပြသည်။

“ခန့်လိုက်တဲ့လူက ဘယ်သူ၊ ဘယ်နယ်ပယ်က၊ ဘယ်မှာ အခြေစိုက်တယ် ဆိုတာ သူက မပြောပါဘူး” ဟုလည်း မထိုက်ထိုက်အောင်က ဆိုသည်။

ယင်းသို့ မြန်မာလူမျိုး တဦး တာဝန်ထမ်းဆောင် နေခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာရှိ အမုန်းတရား အရေးအသားများ၊ မမှန်မကန် ရေးသား ပြောဆိုမှုများကို သေချာစွာ ထိန်းသိမ်း ကိုင်တွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ ဘလော့ဂါ အသင်းမှ ပူးပေါင်းတည်ထောင်သူ တဦး၏ ပြောဆိုချက်အရ သိရသည်။

“မြန်မာတယောက် ခန့်လိုက်တဲ့အတွက် အဲဒီလူရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်မယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့သူ ဖြစ်ရင် ကောင်းမယ်။ အဲဒီလို မဟုတ်ဘဲ သူကြည့်မရတဲ့လူ၊ စာမျက်နှာကို ပိတ်ပစ်တာမျိုးလည်း ရှိနိုင်တယ်။ လောလောဆယ်မှာ မှတ်ချက် ပေးဖို့ စောသေးတယ်။ ဒါပေမယ့် မြန်မာ တယောက် လုပ်နေတဲ့အတွက် ဝမ်းသာတယ်။ သေချာ ထိန်းသိမ်းပြီး ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကြိုဆိုပါတယ်” ဟု မြန်မာဘလော့ဂါ အသင်းမှာ Co – Founder ကိုဇော်ဇော်မျိုးလွင်က ဧရာဝတီသို့ ပြောသည်။

Loading