ရန်ကုန်မြို့မှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို လာမည့်နှစ် ဇန်နဝါရီတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ထိုလုပ်ငန်းမှ ထွက်လာသော လျှပ်စစ်ဓာတ်အား များကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့(YESB) သို့ ပြန်လည် ရောင်းချသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဌာနမှူးက ပြောကြားသည်။
ထိန်ပင် အမှိုက်ပုံနှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ အမှိုက်များကို အခြေခံကာ လျှပ်စစ်စွမ်းအား ထုတ်ယူရေး လုပ်ငန်းအတွက် တင်ဒါ ခေါ်ယူခဲ့ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၄၃ ခုက လျှောက်ထားခဲ့ရာ၊ ယခု နောက်ဆုံးအဆင့်တွင် ကိုရီးယား ကုမ္ပဏီ ၁ ခုနှင့် မြန်မာ – ကိုရီးယား ဖက်စပ် ကုမ္ပဏီ တခုကို အပြီးသတ် ရွေးချယ်ထား၍ သဘောတူ စာချုပ် ချုပ်နိုင်ရေးအတွက် စီစဉ် နေကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
“အမှိုက်ပုံတွေကို သုတေသန ပြုချက်အရ ပတ်ဝန်းကျင် ထိခိုက်ပြီး အဲဒီက စိမ့်ဝင်တဲ့ ရေတွေကြောင့် မြေအောက်ရေ ထိခိုက်မှု ရှိနေတယ်။ တခြားသော ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ ရှိနေတယ်။ ပတ်ဝန်းကျင်ကို ၁၀၀ ရာခိုင်နှုန်း ထိခိုက်နေတယ်။ ဒါကို ဒီကုမ္ပဏီတွေက ၁၀၀ ရာခိုင်နှုန်း Cover ဖြစ်အောင် ထုတ်လုပ်ရမယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ဆိုသည်။
YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်း မီဒီယာများသို့ ထိုသို့ ပြောပြခဲ့ခြင်း ဖြစ်သည်။
ထွက်လာသည့် လျှပ်စစ်ဓာတ်အားများကို YESB ထံသို့ တယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ရောင်းချနိုင်ရန် အကြမ်းဖျဉ်း သတ်မှတ်ထားကြောင်းလည်း သူက ဆက်လက် ပြောသည်။
“လှိုင်သာယာမှာ စက်မှုဇုန် ၇ ဇုန် ရှိတယ်။ ထိန်ပင်က ထွက်မယ့် လျှပ်စစ်က ဇုန်ဘယ်နှခုလောက် အတွက် လုံလောက်မယ် ဆိုတာ မသိသေးဘူး။ YESB အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် စက်မှုဇုန်တွေကို ပေးမယ်လို့ သိရတယ်။ အဲဒါက YESB ကပဲစီစဉ်တာ” ဟု ဦးသန်းလွင်ဦးက ရှင်းပြသည်။
လျှပ်စစ်ထုတ်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီများသည် ပတ်ဝန်းကျင်အပေါ် စီးပွားရေး၊ လူမှုရေး အကျိုးသက်ရောက်မှုကို ထည့်သွင်း စဉ်းစားရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားရန်နှင့် ပတ်ဝန်းကျင်မှ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းကို ထည့်သွင်းစဉ်းစားရန် စသည့် အခြေခံ သဘောတူညီချက်များကို လိုက်နာရမည် ဖြစ်ကြောင်း YCDC မှ သိရသည်။
ယင်း ကုမ္ပဏီများသည် စွန့်ပစ် အမှိုက်များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀ မှ ၁၂၀ အတွင်း အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း YCDC က ဆိုသည်။
YCDC မှ BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့် ရရှိထားသည့် ကုမ္ပဏီများသည် ထိုရင်းနှီး မြှုပ်နှံမှုများကို ရာနှုန်းပြည့် အကုန်အကျ ခံရမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ပြီးနောက်ပိုင်း မှသာလျှင် ဌာနနှင့် အကျိုးစီးပွား ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဋ္ဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။
YCDC နှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း လုပ်ဆောင်မည့် အဆိုပါ စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား များကို တဆင့်ဝယ်ယူ ဖြန့်ဖြူးပေးမည့် YESB က ထုတ်လုပ်မည့် စက်ရုံနှင့် အနီးတဝိုက် ဒေသများကို ဖြန့်ဖြူးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ရှင်းပြသည်။
“သူတို့ဆီက တရားဝင် အကြောင်းကြားတာနဲ့ ကျနော်တို့က လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနကို တင်ပြပြီး ဝန်ကြီးဌာန အနေနဲ့ ဝယ်မှာ ဖြစ်ပါတယ်။ စက်ရုံတည်တာက အမှိုက်ပုံ နားမှာ တည်တာဖြစ်တော့ အဲဒီနား ပတ်ဝန်းကျင်ပဲ ပေးဖြစ်မှာပေါ့။ သူတို့ဆီ ကလည်း ၁၀ မဂ္ဂါဝပ် လောက်ပဲ ထုတ်မှာ” ဟု YESB ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဧရာဝတီသို့ ပြောသည်။
ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံများတွင် စွန်ပစ်အမှိုက် တန်ချိန်စုစုပေါင်း ၁၄၀၀ ရှိပြီး ယင်းအမှိုက်များမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၂၀ ကျော် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း YCDC မှ သိရသည်။