Ethnic Issues

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ရရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား ညီလာခံတွင်  မူဝါဒကွဲလွဲမှုများပေါ်ပေါက်နေပြီး ဘုံသဘောတူညီချက် မရရှိသေးသည့်အတွက် ညီလာခံကျင်းပမည့်ရက်ထပ်မံ တိုးမြှင့်လိုက်သော်လည်း ယနေ့ မွန်းလွဲပိုင်းတွင် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ရရှိသွားပြီဖြစ်သည်။

ယနေ့ ညနေပိုင်း၊ လိုင်ဇာတွင် တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံ သဘောတူညီချက် နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

မူလက လိုင်ဇာညီလာခံကို  အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ  ၁ ရက်နေ့ထိ ကျင်းပရန် စီစဉ်ထား သော်လည်း  လတ်တလောအချိန်အထိ တိုင်းရင်းသားအဖွဲ့အစည်းများအကြား အစိုးရ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးအတွက် ပြတ်သားသော မူဝါဒများ ချမှတ်နိုင်ခြင်းမရှိခဲ့သည့် အတွက် နိုဝင်ဘာလ ၂ ရက်နေ့အထိ ညီလာခံ ဆက်လက်ကျင်းပရန် ရက်တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လိုင်ဇာညီလာခံတွင် “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး´´နှင့် “နိုင်ငံရေး ဆွေးနွေးပွဲ´´ ဆိုသော ခေါင်းစဉ် ၂ ခုအပေါ် အဓိက ကွဲလွဲနေပြီး တချို့တိုင်းရင်းသားများက “အပစ်အခတ်ရပ်စဲရေး´´ ကို ဦးစားပေး ဆောင်ရွက် လိုကြကာ တချို့ တိုင်းရင်းသား အဖွဲ့များက “နိုင်ငံရေးဆွေးနွေးပွဲ´´ ကို ဦးစားပေးဆောင်ရွက်လိုကြခြင်းဟူ၍ သဘောထား ကွဲလဲမှုများဖြစ်ပေါ်ခဲ့သည်။

လတ်တလော သဘောတူညီမှု မရရှိနိုင်သေးသော အချက်မှာ  “နိုင်ငံရေး ဆွေးနွေးပြီးမှ အပစ်ရပ်ရေး လက်မှတ် ထိုးမည်´´ ၊ “နိုင်ငံရေး ဆွေးနွေးမည် ဆိုသော အစိုးရ ၏ အာမခံချက် ရယူပြီး  အပစ်ရပ်ရေး လက်မှတ်ထိုးကာ  နိုင်ငံရေး ဆွေးနွေးမည်´´၊ “ပထဦးစွာ အပစ်ရပ်ရေးလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲသို့ ဆက်သွား မည်´´ဟူ သော သဘောထားများ ရှိနေကြောင်း သိရှိရသည်။

အစိုးရက ပေးပို့ထားသော  အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ၁၅ ချက်များနှင့် ပတ်သက်၍လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။

တချို့တိုင်းရင်းသားအဖွဲ့များက အစိုးရ အဆိုပြုချက်အတိုင်း ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး အပစ်ရပ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ် အကောင်အထည်ဖော်လိုသော်လည်း ညီညွတ်သော ဖက်ဒရယ်ကောင်စီ(UNFC) ကမူ ငြိမ်းချမ်းရေးအထောက်အကူပြု အဖွဲ့ ထပ်မံဖွဲ့စည်းခြင်းမပြုဘဲ  UNFC က တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့အနေဖြင့် ဆောင်ရွက်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

UNFC က တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းတရပ်အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ကို  ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးဟန်ညောင်ဝေ ဦးစီးသည့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့(WGEC) က  သဘောမတူကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က WGEC နှင့်သဘောထားအတိုင်း ဆောင်ရွက်လိုကြကြောင်း၊ နောက်ဆုံးတွင် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသော တပ်ပေါင်းစုအဖွဲ့အစည်းအသစ်တခု ဖွဲ့စည်းရန် သဘောတူညီကြပြီး တပ်ပေါင်းစုက လိုလားသော ဘုံသဘောတူညီချက် တခု ဆွေးနွေးထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအဝင် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍  ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ်ပြန်ထားပြီးဖြစ်သည့်  မူကြမ်း ၃ခု ပေါင်း၍  ဘုံမူဝါဒ သဘောထား တရပ် ဆွေးနွေး ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းတွင် ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ လုပ်ဆောင်မည်ဟု ဆိုသော အချက်သာပါဝင်ပြီး ဖက်ဒရယ်မူကို အခြေခံမည်ဆိုသော  အချက် ပါဝင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသားအများစုက သဘောမကျဟု သိရှိရသည်။

လိုင်ဇာညီလာခံကျင်းပပြီးနောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား တပ်ပေါင်းစုများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပမည် ဖြစ်သည်။

(ဧရာဝတီသတင်းထောက်မေခနှင့် စောရန်နိုင် ပူးတွဲရေးသားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading