သတင်း

စက်မှုဇုန် လုပ်သားများသည် ခေတ်သစ်ကျွန်ဟု အစီရင်ခံစာ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အလုပ်သမားများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ ဆုံးရှုံးနေဆဲဖြစ်ပြီး အလုပ်ရှင် အလုပ်သမား ပြဿနာများတွင် စိန်ခေါ်မှုများလည်း ပိုမိုကြုံတွေ့လာရကြောင်း Labour Right Clinic အဖွဲ့မှ အစီရင်ခံစာတရပ် ထုတ် ပြန်လိုက်သည်။

၂၀၁၂-၁၃ ခုနှစ်အတွင်းရှိ ရန်ကုန်စက်မှုဇုန် အလုပ်သမားများ အခြေအနေကို ခေတ်သစ်ကျွန်သဘောက်အမည်ဖြင့် အစီရင်ခံစာထုတ်ပြန်ရာတွင် အလုပ်သမားများ ဘ၀ လုံခြုံမှု မရှိခြင်း ၊ ဥပဒေအရ အကာအကွယ်ရရှိမှု နည်းပါးခြင်းနှင့် အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ တင်ပြထားသည်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းရည်ရွယ်ချက်မှာ စက်မှုဇုန်များရှိ လုပ်သားထု၏ ပကတိအခြေအနေများကို အများပြည်သူ၊ အလုပ်ရှင် ၊ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုသိရှိပြီး ဂရုပြု ပူးပေါင်းဆောင်ရွက်ပေးလာစေရန် ဖြစ်ကြောင်း Labour Right Clinic အဖွဲ့မှ ကိုချစ်ဦးမောင်က မီဒီယာများသို့ ပြောကြားသည်။

” အမျိုးသမီး အလုပ်သမားတွေမှာ ဘဝလုံခြုံမှု မရှိဘူး။ သူတို့သွားရေးလာရေးတွေက အရမ်းဝေးတယ်။ စက်ရုံပိုင်ရှင်တွေ လုပ်ပေးတဲ့နေရာ တွေက စက်ရုံနဲ့ အရမ်းဝေးတဲ့ နေရာတွေ၊ ဘစ်ကားဂိတ်နဲ့ အရမ်းဝေးတဲ့နေရာတွေ ဖြစ်နေတော့ သူတို့ပြန်ရတဲ့အချိန်တွေက သူတို့အတွက် ဘဝလုံခြုံမှု မရှိတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်နေတဲ့ ပြဿနာပါ ”ဟု လုပ်သားနှင့်လုပ် ခွင့်ရေးရာအတိုင်ပင်ခံစင်တာမှ ကိုရန်နိုင်ထွေးက ဆိုသည်။

ယင်းအစီရင်ခံစာမှာ  စက်မှုဇုန်များဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စက်မှုဇုန်များ၊ လှိုင်သာယာ ၊ အင်းစိန် ၊ မင်္ဂလာဒုံ ၊ ရွှေပေါက်က္ကံ မြို့နယ်များရှိ စက်ရုံအလုပ်ရုံများရှိ အလုပ်သမား ၁၁၀ ဦး၏ ဖြေကြားချက်များကို အခြေခံ၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” စစ်တမ်းကောက်ယူခဲ့တဲ့အခါ အလုပ်သမားအများစုက သူတို့ရဲ့လက်ရှိဘဝကို မကျေနပ်ကြပါဘူး။ ဒီအခြေအနေတွေကနေ လွတ်မြောက်ချင်ကြပါတယ်။ သူတို့ရဲ့ ဘဝတွေက လူချင်းအတူတူ တန်းတူအဆင့်အတန်း မရကြပါဘူးလို့ ခံစားနေကြတယ်”ဟု Labour Right Clinic မှ ကိုချစ်ဦးမောင်က ပြောဆိုသည်။

စက်မှုဇုန် အလုပ်သမားများသည် လုပ်ငန်းခွင်၌ အချိန်ပို နာရီများစွာဆင်းရသော်လည်း ထိုက်တန်သော ခံစားခွင့်မရရှိခြင်း၊ လုပ်ခလစာ နည်းပါးခြင်း၊ လစာခံစားခွင့်ကို အကြောင်းအမျိုးမျိုးပြ ခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ငန်းခွင်တွင် အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိခြင်း၊ လုံလောက်သော သောက်ရေ၊ သန့်စင်ခန်းများ မရရှိခြင်းအပါအဝင် အကြောင်းအရင်းများစွာဖြင့် ခေတ်သစ်ကျွန်သဘောက် သဖွယ်ဖြစ်နေ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

” အလုပ်သမားအခွင့်အရေး လုံးဝမရဘူးလို့ သိမ်းကြုံးပြီးတော့ မပြောနဲ့လေ။ တကယ့်ကို အခွင့်အရေး ပြည့်ပြည့်၀၀ ရနေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။  တချို့လုပ်ငန်းခွင်တွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူးဆိုတာလည်း ရှိပါတယ်။ အားလုံးမရတာတော့ မဟုတ်ဘူး။ အဲဒါကို သိမ်းကြုံးပြီး ပြောရင် လွဲမှားပါတယ်”ဟု သန်လျှင်မြို့နယ်တွင် ဖန်ချက်စက်ရုံ တည်ထောင်ထားသူ ဦးဘတင့်ဆွေက ဧရာဝတီသို့ပြောသည်။

အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများအတွက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်းများကို အလုပ်ရှင်များက အကြောင်း အမျိုးမျိုးဖြင့် ဟန့်တားမှု ရှိနေကြောင်း၊ အစိုးရ ဖွဲ့စည်းပေးထားသော ညှိနှိုင်းဖြန့်ဖြေရေး ကော်မတီများမှာလည်း သမာသမတ်မကျသော ကြောင့် အလုပ်သမားများ နစ်နာနေရကြောင်း လုပ်သားနှင့် လုပ်ခွင့်ရေးရာ အတိုင်ပင်ခံစင်တာမှ ကိုရန်နိုင်ထွေးက ပြောကြားသည်။

” အစိုးရ ညှိနှိုင်းဖြန်ဖြေရေးကော်မတီရဲ့ ဖြေရှင်းတဲ့ပုံစံက မသိမ်မွေ့ဘူး။ မသိမ်မွေ့တဲ့အတွက် အလုပ်သမားတွေက သူတို့ရဲ့ရပိုင်ခွင့်ကို တောင်းလို့ရှိရင် ရာနှုန်းပြည့်ရသွားတယ်ဆိုတာ မရှိဘူး။ ၂၀၁၂-၁၃ ထဲမှာ ဖြစ်ခဲ့တဲ့ အလုပ်သမားရေးရာ ပြဿနာတွေကို ကြည့်လိုက်ရင် မီဒီယာတွေပေါ်မှာ ဖော်ပြခဲ့တဲ့ အထောက်အထားတွေကိုပဲ ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုရင် အစိုးရဲ့ ဖြန်ဖြေးရေးကော်မတီဟာ သမာသမတ်မကျလို့ပဲ” ကိုရန်နိုင်ထွေးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှ ဇွန်လ ၃၀ရက်နေ့အထိ နှစ်လတာ ကာလအတွင်း လစာတိုးမြှင့်တောင်းဆိုမှုဖြစ်ပွားခဲ့သည့် စက်ရုံအလုပ်ရုံပေါင်း ၉၀ ရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြပါရှိသည်။

ထိုသို့ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားနေသည့် ပြဿနာရပ်များကြောင့် ၂၀၁၂ခုနှစ် ဇူလိုင် ၂၀တွင် ဖြေရှင်းရေးခုံသမာဓိ ကောင်စီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ စတင်ဖွဲ့စည်းခဲ့သည်။

ယင်းကောင်စီသည် ၂၀၁၂ခုနှစ်၊ ဇူလိုင် ၃၀မှ ယခု ၂၀၁၃ခုနှစ်အတွင်း အလုပ်သမားနှင့်အလုပ်ရှင်ကြား အငြင်းပွားမှုစုစုပေါင်း ၃၂မှုရှိခဲ့ပြီဖြစ် ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ အလုပ်သမား ဥပဒေများ ခိုင်ခိုင်မာမာ မပြဋ္ဌာန်းနိုင်သေးသရွှေ့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာမှာ ပြီးဆုံးနိုင်မည် မဟုတ်ကြောင်း၊ အစိုးရ၏ လွဲမှားသော စီမံခန့်ခွဲမှုများကလည်း လုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေသောကြောင့် လုပ်ငန်းရှင်များက လုပ်သားအခွင့်အရေးကို အပြည့်အဝပေးနိုင်မည် မဟုတ်သေး ကြောင်း ဖန်မြေကြွေထည် စက်ရုံပိုင်ရှင် ဦးဘတင့်ဆွေက ဧရာဝတီသို့ ပြောသည်။

သူကဆက်လက်၍ ” အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဆိုပြီးလုပ်တာ သိပ်ရှားတယ်။ အလုပ်ရှင်တချို့ဆိုရင်လည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို ဒီနေ့အထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ အလုပ်သမားတွေဘက်ကလည်း အခွင့်အရေးတွေပဲ တောင်းဆို နေမဲ့အစား သူတို့ရဲ့ တာဝန်သိမှုကလည်း လိုသေးတယ်”ဟု ပြောသည်။

နိုင်ငံတကာမှ ဝင်ရောက်လာမည့် ရင်းနှီးမြုပ်နှံမှုများကိုလည်း တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နံှမှုများ ဖြစ်စေလိုကြောင်းနှင့် အစိုးရအနေဖြင့် လည်း တာဝန်သိသော ရင်းနှီးမြှပ်နံှများကိုသာ လက်ခံပေးရန် တိုက်တွန်းကြောင်း အလုပ်သမားအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုထား သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှရရှိသော စာရင်းဇယားများအရ ရန်ကုန်မြို့နယ်နိမိတ်အတွင်းတွင် စက်မှုဇုန်ပေါင်း ၂၄ဇုန်ရှိပြီး၊ စက်ရုံပေါင်း၃၂၀၀ကျော်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading