ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ဟာ ABSDF ခေါ် “မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” စတင် ဖွဲ့စည်းတဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ ၈ လေးလုံး အရေးတော်ပုံ ဖြိုခွဲခံရအပြီးမှာ အဲဒီလိုဖြိုခွဲတဲ့ စစ်တပ်ကို လက်နက်ကိုင်ပြီး တော်လှန်မှ ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုသွားကြတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ဦးဆောင်တဲ့ “ကျောင်းသားတပ် မတော်” ၂၅ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
တပ်ဦးရဲ့ မွေးနေ့ အခမ်းအနားတွေကို တပ်စခန်း အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ် တောတွင်း ခစန်းတွေနဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ အခြေချရာ အိမ်နီးချင်း နိုင်ငံတွေ၊ တတိယ နိုင်ငံတွေမှာ အစဉ်အလာမပျက် နှစ်စဉ် ကျင်းပလာခဲ့တာ ၂၄ နှစ် ရှိခဲ့ပေါ့။ ဒါပေမဲ့ ဒီနှစ် ၂၅ နှစ်ပြည့်နေ့ မှာတော့ ထူးထူးခြားခြား ပြည်တွင်းမှာပါ အခမ်းအနားတွေ ကျင်းပမယ်လို့ သိရပါတယ်။
|
စစ်ရေးပြ အခမ်းအနား ကျင်းပတာ မဟုတ်ဘဲ လက်နက်ကိုင်တော်လှန်ရေး ၂၅ နှစ်တာ ကာလအတွင်း ဒီမိုကရေစီအရေးအတွက် အသက်ပေးလှူ သွားကြတဲ့ “ရဲဘော်သူငယ်ချင်း” ၆၇၀ ဦး အတွက် ဆွမ်းသွတ် အမျှဝေပေးမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၄၁၇ ဦး အတွက်လည်း မိသားစုတွေဆီ ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။
ဒီနှစ်ကျမှ ထူးထူးခြားခြား ပြည်တွင်းမှာ အခုလို အခမ်းအနား ကျင်းပနိုင်တာကတော့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် မတိုင်ခင် သြဂုတ်လ ၅ ရက်နေ့မှာ ABSDF ဗဟိုကော်မီတီက လက်ရှိ ဦးသိန်းစိန် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးလိုက်လို့ ဖြစ်ပါတယ်။ အဓိက မဟာမိတ်ဖြစ်တဲ့ ကရင်အမျိုးသား အစည်းရုံး (KNU) အပါဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ အပစ်ရပ် လက်မှတ်ရေးထိုး ပြီးတဲ့နောက် ABSDF ကလည်း အခုလို လက်မှတ်ထိုးလိုက်ရတာလို့ ယူဆရပါတယ်။
မေးစရာ ကျန်နေတာကတော့ ဒီလို လက်မှတ်ထိုးပြီး ရန်ကုန်ပြန်ခွင့် ရတဲ့အတွက် ABSDF ရဲ့ ဦးတည်ချက် ပန်းတိုင်ဆီ ရောက်သွားပြီလား ဆိုတာပါပဲ။ ပန်းတိုင်ဆီ မရောက်သေးဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဒါဟာ သမိုင်းမှတ်တိုင် တခုအနေနဲ့ မလွှဲမရှောင်သာ ဖြတ်သန်းရမယ့် အခြေနေလို့ ထင်ပါတယ်။ ဒါက တဖွဲ့လုံးဆိုင်ရာ ကိစ္စပါ။ တဦးချင်းဆိုင်ရာ အတွက်ရော ဘယ်လို စဉ်းစားကြမလဲ။
လက်မှတ် ထိုးပြီးနောက်ပိုင်း ABSDF ဗဟို ကော်မီတီဝင်တွေ ပြည်တော်ပြန်ကြသလို တတိယနိုင်ငံရောက် တပ်ဖွဲ့ဝင်ဟောင်းတွေထဲက ကျနော် အပါဝင် တောခို ကျောင်းသားဟောင်း အတော်များများလည်း ပြည်တော်ပြန် လေ့လာရေး လုပ်ခဲ့ကြ၊ လုပ်နေကြဆဲ ဖြစ်ပါတယ်။ အနည်းဆုံးအားဖြင့် ဒီလို ပြည်တော်ပြန်ခွင့် ရတာကိုက ၂၅ နှစ်တာအတွင်း တိုးတက်မှုတခုလို့ မဆိုသင့်ဘူးလား။ လက်ရှိ အစိုးရကို ကျေးဇူးမတင် သင့်ဘူးလား။
၂၅ နှစ်တာ ကွဲကွာနေရတဲ့ မိဘ ဆွေမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြန်တွေ့ရတာကို ဝမ်းမသာဘဲ ဘယ်နေပ့ါမလဲ။ ဒါပေမယ့် ဒီလို ပြန်ခွင့်ရ၊ တွေ့ခွင့်ရတာကို တိုးတက်မှု တခုအဖြစ် အတိအကျ ပြောဖို့ကတော့ ခက်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော် အပါဝင် အခုပြည်တော်ပြန် လေ့လာရေး လုပ်နေသူအားလုံးဟာ နဂိုက မြန်မာနိုင်ငံသားတွေ၊ မြန်မာပြည်ထဲမှာ နေထိုင်ခဲ့သူတွေ ဖြစ်တဲ့အတွက် သူ့အိမ်သူ ပြန်ခွင့်ရတာကို တိုးတက်မှုလို့ ပြောလို့ ဖြစ်ပါ့မလား။ တိုးတက်မှု အနုတ်လက္ခဏာ အခြေအနေကနေ (သုည) အဆင့်ဆီ ပြန်ရောက်လာခြင်း၊ တနည်းအားဖြင့် Status Quo ဆီ ပြန်ရောက် လာခြင်းမျှသာ ဖြစ်ပါတယ်။
ဒီအိမ်ကလူ ဒီအိမ် ပြန်လာခွင့် ရတာဟာ သိပ်မထူးဘူးဆိုရင် အဲဒီလို အိမ်ပြန်စဉ်အတွင်း တွေ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေနေတွေ အရင် ၂၅ နှစ်ကနဲ့ မတူအောင် ပြောင်းလဲနေတာကိုရော တိုးတက်မှုလို့ မဆိုသင့်ဘူးလား။ ဆိုသင့်တာပေါ့။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၅ နှစ်တာ ကာလ ကျနော်တို့ အချင်းချင်းကြား (သူပုန်နဲ့ အစိုးရကြား) အသည်းအသန် တိုက်ခိုက်နေစဉ်မှာ အိမ်နီးချင်း နိုင်ငံတွေက အချင်းချင်း မတိုက်ဘဲ ပူးပေါင်းဆောင်ရွက်နိုင်လို့ သူတို့နိုင်ငံတွေ တိုးတက်သွားတာနဲ့ ယှဉ်ရင် ကျနော်တို့ နိုင်ငံမှာ အခုတွေ့နေရတဲ့ တိုးတက်မှုဆိုတာ ဘယ်ပြောပလောက် တော့မလဲ။
ဒါက စီးပွားရေးနဲ့ ရုပ်ဝတ္တုပိုင်း ဆိုင်ရာ တိုးတက်မှုကို ဆိုလိုတာပါ။ နိုင်ငံရေးနဲ့ စဉ်းစားပုံဘက်မှာတော့ လွန်ခဲ့တဲ့ ၂၅ နှစ် ကျနော်တို့ တောစခိုစဉ်က မရှိဖူးသေးတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်ဦကြီးတွေ၊ ပြည်နယ်/တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်ကြီးတွေ၊ ပြည်သူက ရွေးကောက်တင် မြှောက်ထားတဲ့ အရပ်သား (တပိုင်း) အစိုးရတွေ၊ နိုင်ငံရေးပါတီကြီးတွေ၊ NGO ခေါ် အရပ်ဘက် အဖွဲ့စည်းတွေ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးတွေ ရှိလာကိုတော့ တိုးတက်မှုအဖြစ် မဖြစ်မနေ အသိမှတ် ပြုသင့်တယ်လို့ ထင်ပါတယ်။
ဒါပေမယ့် ဒါဟာ ကျနော်တို့ မျိုးဆက် ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ် အတွေ့အကြုံပေါ် ယှဉ်ပြောခြင်းသာ ဖြစ်ပါတယ်။ ကျနော်တို့အရင် တောခိုခဲ့တဲ့ မျိုးဆက်တွေဘက်ကနေ ပြောမယ်ဆိုရင်တော့ လွတ်လပ်ရေးရကာစ ဝန်ကြီးချုပ် ဦးနုခေတ်က ရှိခဲ့ဖူးတဲ့ လွှတ်တော်တို့၊ အစိုးရတို့၊ နိုင်ငံရေးပါတီတို့နဲ့ ယှဉ်ရင် အခုတွေ့နေရတဲ့ လွှတ်တော်တွေ၊ အစိုးရတွေ၊ နိုင်ငံရေး ပါတီတွေဆိုတာ မပြောပလောက်တဲ့ သဘောဖြစ်သွားနိုင်ပြန်ပါတယ်။ ဒါဖြင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ရုံးခန်းတွေကရော။ ဒါလည်း ကျနော်တို့ တောခိုကျောင်းသားတွေ အိမ်ပြန်သလို သူတို့လည်း မူလနေရာကို ပြန်ရောက်တဲ့ သဘောထက် မပိုပါဘူး။
ဒါဖြင့် ၂၅ နှစ်တာအတွင်း ဘာမှ မပြောင်းလဲသေးဘူးလို့ ကောက်ချက် ဆွဲရတော့မလား။ ဒီလို တရားသေတော့ ပြောလို့ မဖြစ်နိုင်ပါ။ ပြောင်းတဲ့ နေရာတွေလည်း ရှိနေနိုင်ပါတယ်။ အဲဒီလိုပြောင်းလဲ လာနေတယ်လို့ ပြောနိုင်တဲ့ နေရာတွေထဲမှာ လူတွေရဲ့ စဉ်းစားပုံနဲ့ နည်းပညာ ဧရိယာက အဓိက ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
ဥပမာ လက်ရှိ အစိုးရခေတ်မှာ ဘယ်ခေတ်ကနဲ့မှ မတူအောင် သတင်း မီဒီယာလွတ်လပ်ခွင့် ပေးထားတယ်လို့ လေ့လာသူ တချို့က ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ မဆလ ခေတ်ကနေ နအဖ ခေတ်အထိကိုသာ ဆိုလိုပုံရပြီး လွတ်လပ်ရေး ရစ ဦးနု အစိုးရခေတ်ကို ထည့်တွက်မထားဘူးလို့ ထင်ပါတယ်။ အဲဒီခေတ် စာနယ်ဇင်းက အခုခေတ် မီဒီယာထက် ပိုလွတ်လပ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ကွာသွားတာက နည်းပညာအပိုင်း ဖြစ်ပါတယ်။ ဦးနုခေတ် သတင်းနည်းပညာနဲ့ ဒီနေ့ ဦးသိန်းစိန်ခေတ် သတင်းနည်းပညာ ဘာမှ မဆိုင်တော့ပါ။
နောက်တခုက စဉ်းစားပုံ။ ဒါကလည်း တိုးတက်လာတဲ့ နည်းပညာနဲ့ ဆက်စပ်နေပုံ ရပါတယ်။ နှစ် ၅၀ ကျော် ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ် ခံထားရာကနေ အင်တာနက်တွေ၊ မိုဘိုင်းလ်ဖုန်းတွေ၊ ဂြိုဟ်တု စလောင်းတွေနဲ့ အတူ နိုင်ငံခြား ဧည့်သည်တွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားအလှူရှင်နဲ့ NGO တွေ ဒလဟော ဝင်လာခြင်းက ဘောင်ခတ်ခံထားရတဲ့ လူတွေရဲ့ စဉ်းစားပုံကို ပြောင်းလဲသွားစေတယ်လို့ ကျနော် ထင်ပါတယ်။ ပြင်ပကမ္ဘာမှာ တိုးတက်နေတဲ့ အခြေနေတွေနဲ့ မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ အခြေနေကို နှိုင်းယှဉ်ပြီး လူတွေက ဝေဖန်ဆန်းစစ် လာနိုင်တာကို တွေ့ရပါတယ်။ လူတွေ အရင်ကထက် ပိုပြီး ပြောရဲ ဆိုရဲ ဝေဖန်ရဲ လာတာကို တွေ့ရပါတယ်။
ဒါပေမယ့် ဝေဖန်ပြောဆိုခွင့် ပေးထားတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး အဲဒီလို ဝေဖန်မှုတွေအပေါ် အစိုးရနဲ့ လွှတ်တော်က အရေးယူ ဆောင်ရွက်ပေးတဲ့ အခြေအနေ အထိတော့ မရောက်သေးပါ။ ဝေဖန်ပြောဆို ခွင့်ကိုတောင်မှ အကန့်အသတ်နဲ့ ပေးထားတာသာ ဖြစ်ပြီး စစ်တပ်နဲ့ ဦးပိုင်ကို ဝေဖန်ခွင့် မရသေးပါ။ စစ်ဗိုလ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ မိသားစုတွေက သာမန်အရပ်သားတွေထက် တဆင့်မြင့်နေရာမှာ ရှိနေဆဲပါ။ စစ်အစိုးရခေတ် အုပ်ချုပ်ရေး အရာရှိဟောင်းတွေက အခုအချိန်အထိ အရင်အရှိန် မကုန်သေးပါ။ အဓမ္မ သိမ်းထားတဲ့ လယ်ယယ်မြေ တချို့ကို ပြန်ပေးနေပြီ ဆိုပေမယ့် တချို့နေရာတွေမှာ ထပ်သိမ်းနေဆဲ ဖြစ်ပါတယ်။
အနှစ် ပြန်ချုပ်ရမယ် ဆိုရင်တော့ ၂၅ နှစ်တာ ကာလအတွင်း စစ်အစိုးရကနေ အရပ်သား (တပိုင်း) အစိုးရ ပေါ်လာတာ၊ ပါလီမန် ဒီမိုကရေစီ စနစ်ပေါ်လာတာ၊ နိုင်ငံရေးပါတီတွေ ပေါ်လာတာ၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်တာ၊ ဈေးကွက်စီးပွားရေးကို ဖွင့်ပေးပြီး နိုင်ငံခြား ရင်နှီးမြှုပ်နံှမှုကို ခွင့်ပြုတာ၊ NGO နဲ့ အရပ်ဘက် အဖွဲ့စည်းတွေ ပေါ်လာတာ၊ မီဒီယာကို လွတ်လပ်ခွင့် ပေးတာတွေဟာ တကယ့် ထူးခြားတဲ့ တိုးတက်မှုတွေပါပဲ။
ဒါပေမယ့် ရှေ့မှာ ညွှန်းဆိုခဲ့တဲ့အတိုင်း ဒါဟာ ၂၅ နှစ်တာ အတွင်း သုံးသပ်ချက်သာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ ဝန်းကျင်က ဝန်ကြီးချုပ် ဦးနုခေတ်နဲ့ ယှဉ်မယ်ဆိုရင် တိုးတက်မှုလို့ မဆိုနိုင်သေးပါဘူး။ သေချာပေါက် ပြောနိုင်တာကတော့ မူလအခြေနေ Status Quo ဆီတော့ မြန်မာနိုင်ငံ ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ သုညကနေ ရှေ့တဆင့် တက်ရေးအတွက်၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ တိုးတက်မှုကို အမီလိုက် နိုင်ရေးအတွက် လက်ရှိ အခြေနေကနေ နောက်ပြန် မဆုတ်တမ်း အားလုံး ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မှ နိုင်ငံရေး အရွေ့၊ စီးပွားရေး အရွေ့တခုဆီ ကျနော်တို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ။