Human Rights

အစိုးရ စစ်တပ် ညှဉ်းပန်းနှိပ်စက်မှု ကချင် အမျိုးသမီးအဖွဲ့ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေ သော်လည်း ကချင်ပြည်နယ် အတွင်း အရပ်သားများအား အစိုးရ စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်နေကြောင်း ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအခြေစိုက် KWAT က Undermining the peace process: Burmese Army atrocities against civilians in Putao, northern Kachin State အမည်ဖြင့် စာမျက်နှာ ၄ မျက်နှာပါ အစီရင်ခံစာကို အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပူတာအိုမြို့ အနီး၊ နခါဂါရွာမှ ရွာသား ၁၀ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အား ထောက်ပံ့သည်ဟူသည့် သံသယဖြင့် အစိုးရ စစ်တပ်က ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းမှု လုပ်ခဲ့ပြီး ထိန်းသိမ်းခံ ရွာသား ၁ ဦးသေဆုံးခြင်း အပါအဝင် အိမ်ထောင်သည် အမျိုးသမီးငယ် တဦးအား အစိုးရ စစ်အရာရှိတဦးက အဓမ္မပြုကျင့်မှုလည်း အစီရင်ခံစာက ဖော်ပြသည်။

အဖမ်းဆီးခံ အမျိုးသား တဦး၏ အသက် ၂၉ နှစ်အရွယ် ဇနီးသည်က ခင်ပွန်းသည်ကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၂ ရက် နေ့ ညနေက သွားရောက် မေတ္တာရပ်ခံခဲ့ရာ ခြေလျင်တပ်ရင်း အမှတ် ၁၃၉ တာဝန်ရှိသူ ဗိုလ်မှူး ဇော်ထွန်းဟန် က KIA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ခြိမ်းခြောက်မှုပြုလုပ်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

“သူ့ယောက်ျားက အဖမ်းခံနေရတာကို လွှတ်ပေးဖို့ သွားပြီး အသနားခံတာကို သူတို့က အဓမ္မကျင့်လိုက်တာ၊ ကျမတို့က အခု ချိန်ထိ သူ့ကိုကုစားမှုတွေ မလုပ်ပေးနိုင်သေးဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုကုစားပေးမလဲ၊ ကျမတို့မေးမယ် ဆိုရင် အဲဒီအမျိုးသမီးက ငိုပဲ ငိုနေတယ်”ဟု KWAT မှ ပြောခွင့်ရ ဆိုင်းရှိဒန်က ဧရာဝတီ ကို ပြောသည်။

အဆိုပါကိစ္စ အသေးစိပ်သိနိုင်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

မဆိုင်းရှိဒန်က ယခုအခါ အစိုးရနှင့် KIA တို့ကြားတွင် အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေး ပြောဆိုနေချိန် အစိုးရ စစ်တပ်က ကချင် ပြည်နယ်အတွင်း အရပ်သားများအား ယခုကဲ့သို့ မတရား ဖမ်းဆီးမှု၊ အဓမ္မ ပြုကျင့်မှုများ ရှိသည့် အတွက် အစီရင်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“နိုင်ငံတကာနဲ့ အခြားလူတွေက ထင်တာက ကျမတို့ကြားမှာ ဘာပြဿနာမှ မရှိတော့ဘူး၊ အကုန်လုံးကလည်း ပြေလည်နေပြီလို့ နားလည်နေကြတာ၊ တကယ့်လက်တွေ့ အခြေအနေနဲ့ လွဲနေတယ်။ ဒီပြဿနာကို ဘယ်လို ဝိုင်းဖြေရှင်းကြမလဲ ဆိုတဲ့ စဉ်းစားချက်နဲ့ ကျမတို့ အခုလို ထုတ်ပြန်ရတာပါ”ဟု မဆိုင်းရှိဒန်က ဧရာဝတီကို ပြောသည်။

ချင်ပြည်နယ် မြောက်ပိုင်း မန်စီမြို့နယ်အတွင်း ကျေးရွာ ၂ ရွာကို အစိုးရစစ်တပ်က အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက် ခိုက် သိမ်းပိုက်ပြီး နယ်မြေ စိုးမိုးမှုယူ၍ ရွာသား ၁၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ၄၀၀ ခန့်ကို ဖမ်းဆီး ထိန်း သိမ်း ခဲ့ရာတွင် အသက် ၇၆ နှစ်အရွယ် အဘွားအို တဦး သေဆုံးခဲ့ရကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။

ဆက်လက်၍ မဆိုင်းရှိဒန်က“တိုက်ပွဲတွေဖြစ်ရတာက နယ်မြေစိုးမိုးရေးကိစ္စနဲ့ နောက်တကြောင်းက ရင်းနှီးမြှုပ်နှံမှုတွေ ဝင် လာတာလည်း ပါတယ်၊ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်အင်အား တိုးချဲ့မှုတွေ ပါဝင်လာတာလည်း တကြောင်းပေါ့၊ ဒီကိစ္စတွေဖြစ်ပေါ် စေတယ် ဆိုတာ ထောက်ပြထားတာ”ဟုလည်း ပြောဆိုသည်။

အဆိုပါ ဒေသတွင် အစိုးရစစ်တပ်နှင့် KIA ကြား လတ်တလော တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံရွာသား ၁၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် ဖြစ်လာပြီး ၎င်းတို့အား ခရစ်ယာန် ဘုရားကျောင်းနှင့် ကချင်လူမှုအဖွဲ့များက ကူညီထောက်ပံ့မှုများ ပေးနေ ကြောင်း မဆိုင်းရှိဒန်က ပြောသည်။

“တကယ်တမ်း အခုလိုထောက်ပံ့ နေရတာက ရေရှည်မှာကျတော့ အဆင်မပြေနိုင်ပါဘူး”ဟု သူက ဆိုသည်။

လက်ရှိအချိန်၌ မန်စီမြို့နယ်ရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည် လူပေါင်း ၅၀၀ ခန့် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်အတွင်း အစိုးရ နှင့် KIA တို့ စစ်ဆင်ရေး စတင်ကတည်းက ထွက်ပြေးနေရသော ရွာသားများ ဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးပြောဆိုနေတဲ့ကြားထဲ မြန်မာစစ်တပ် ကချင်ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့လာတာတွေနဲ့ စစ်ရေး မဟာဗျူဟာ ကျတဲ့နေရာတွေကို သိမ်းပိုက်လာနေတယ်။ ဒီဖြစ်စဉ်တွေက ငြိမ်းချမ်းရေးကို ရှေးရှုမယ် ဆိုတာ ဘယ် လို လုပ် ယုံကြည်လို့ရနိုင်မှာလဲ”ဟု KWAT တွဲဖက် အထွေထွေအတွင်းရေးမှူး ဂျက်ဆီကာ နခွန် ကလည်း ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ ပူတာအို၊ မချမ်းဘောနှင့် ခေါင်ဂလန်ပူ ဒေသတို့တွင် တရုတ်နိုင်ငံသို့ သစ်၊ တွင်းထွက် ပစ္စည်းနှင့် သဘာ၀ အရင်းအမြစ် ပစ္စည်းများကို သယ်ပို့ရန် လမ်းသစ်ကြီးလည်း ရှိပြီး အစိုးရစစ်တပ် တပ်ရင်း ၃ ခု ဖြန့်ကျက် ချထား သည်ဟု သိရသည်။

ထို့ကြောင့် KWAT က ကချင်ပြည်သူများ ထိခိုက်စေသည့် ထိုးစစ်များ ချက်ချင်းရပ်ပစ်ရန်နှင့် ကချင်ပြည်နယ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော အခြား တိုင်းရင်းသား ဒေသများမှပါ အစိုးရစစ်တပ်များ ရုပ်သိမ်းပေးရန် တိုက်တွန်း တောင်းဆို ထား သည်။

အစိုးရ နှင့် ယခင်က အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြန်ဖြစ်လာခဲ့ပြီး နောက်ပိုင်း၂ ဘက် ခေါင်းဆောင်ပိုင်းများသည် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုမှုများကို တရား ဝင် ၃ ကြိမ်နှင့် တရားမဝင် ၁၀ ကြိမ် ထက်မနည်း လုပ်ဆောင်ခဲ့ကြသည်။

Loading