ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်ထားသည့် စက်ရုံအလုပ်ရုံများ စာရင်းတွင် ဝန်ကြီးဌာနနှင့် တပ်မတော်ပိုင် စက်ရုံအလုပ်ရုံများ ပါဝင်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
YCDC ဥပဒေနှင့် ရေးဆွဲလက်စ နည်းဥပဒေများ အတည်ပြုပြီးပါက မည်သည့်ဝန်ကြီးဌာနပိုင် စက်ရုံအလုပ်ရုံမဆို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဌာနမှူး ဦးသန်းလွင်ဦးက ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။
“ဆောက်တဲ့ အချိန်တုန်းကလည်း ကျနော်တို့ကို အကြောင်းမကြားဘူး။ ကျနော်တို့ မသိခဲ့ဘူး။ အခုအချိန်အထိ မသိသေးတဲ့ စက်ရုံတွေ ရှိသေးတယ်။ ဒီစက်ရုံတွေက စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လောက် ကိုက်ညီအောင် လုပ်နေတယ် ဆိုတာတွေကိုလည်း စစ်ဆေးသွားဖို့ရှိတယ်” ဟု ဦးသန်းလွင်ဦးက ပြောကြားသည်။
“နည်းဥပဒေ ဆွဲပြီးသွားရင်တော့ YCDC ကို အကြောင်းကြားပြီးမှ ဆောက်ရတော့မယ်။ ကျနော်တို့ ဥပဒေအတိုင်း လုပ်မယ်” ဟု သူက ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် YCDC နယ်နိမိတ်အတွင်းရှိ စက်မှုဇုန်များကို ကွင်းဆင်းစစ်ဆေးရာ စက်ရုံပေါင်း ၂၀၇ ရုံသည် ရေဆိုးစွန့်ပစ်ရသည့် လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း၊ စက်ရုံပေါင်း ၂၇ ရုံသည် အများပြည်သူနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ရေဆိုးစွန့်ပစ်မှုများ ရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူးတဦးကလည်း ပြောသည်။
ရေဆိုးစွန့်ပစ်သည့် စက်ရုံများအနက် အများစုမှာ ပတ်ဝန်းကျင် မထိခိုက်ခြင်းဆိုသည့် စံချိန်ပြည့်မီပြီး၊ ၇၈ ရုံမှာ ပတ်ဝန်းကျင်နှင့် ချောင်း မြောင်းများ၊ ရေနေသတ္တဝါများ၊ အပင်များကို ထိခိုက်စေသည့် ရေဆိုးများကို စွန့်ပစ်နေသည်ကို ယမန်နှစ်မှ စတင်ကာ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
“ရေဆိုးစွန့်ပစ်တဲ့ စက်ရုံတွေထဲမှာ အအေးခန်း စက်ရုံတွေ များတယ်။ စံချိန်မမီတဲ့ ရေဆိုးထုတ် စက်ရုံတွေကို ပြန်ပြင်ဆင်ခိုင်းတာတွေ လုပ်တယ်။ ဒီ ၁၁ လပိုင်းအကုန်မှာ အပြီးလုပ်ရမယ်။ ရေဆိုးသန့်ဖို့တွေ၊ ဓာတ်ခွဲစမ်းသပ်တာတွေ အပြီးလုပ်ဖို့ ညွှန်ကြားထားတယ်။ ပြန်ပြင်ဆင်တဲ့ စက်ရုံတွေက ပြင်ဆင်ပြီးကြပြီ။ အခုနောက်ဆုံး ၂၇ ရုံပဲ ကျန်တော့တယ်” ဟု အဆိုပါ ဌာနခွဲမှူးက ပြောသည်။
ယင်းစက်ရုံများကို နောက်ဆုံးအကြိမ် သတိပေးစာများ ထုတ်ပြန်ထားပြီးဖြစ်ရာ၊ ထပ်မံစစ်ဆေးပြီး လိုက်နာမှုမရှိပါက ၃ လအထိ ယာယီပိတ် သိမ်းသွားမည်ဖြစ်ကြောင်း ဌာနမှူး ဦးသန်းလွင်ဦးက ဆိုသည်။
ယင်းရေဆိုးထုတ် စက်ရုံများကို စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်ထားသည့် စက်ရုံ အလုပ်ရုံများကို ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
“စက်ရုံ ၂၇ ရုံကိစ္စ ပြတ်ရင် ဦးပိုင်တို့၊ ဘာတို့ အားလုံးကို ဝင်စစ်မယ်။ သမိုင်းချည်မျှင်နဲ့ အထည်စက်ရုံလို စစ်တပ်ပိုင် စက်ရုံတွေ ရပ်ကွက်ထဲမှာ ရှိနေတယ်။ ဒါတွေကို စစ်သွားမယ်” ဟု ဦးသန်းလွင်ဦးက ပြောသည်။
YCDC သည် စက်မှုဇုန်များ၊ စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှု ရှိ၊ မရှိအား တနှစ်တကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက် စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်မှ ထိခိုက်နစ်နာသည့် အများပြည်သူ၏ တိုင်ကြားမှုကြောင့် ရှောင်တခင်ဝင် ရောက်စစ်ဆေးခြင်းဟူ၍ ၂ မျိုး ပြုလုပ်လျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။
ယင်းသို့ ပတ်ဝန်းကျင်မှ တိုင်ကြား၍ သွားရောက်စစ်ဆေးရသည့် စက်ရုံများစာရင်းတွင် ခွင့်ပြုချက်မယူဘဲ လည်ပတ်နေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်ရှိ ငွေပင်လယ်စက်မှုဇုန်မှ ငါးအသားပေါင်းမှုန့် ထုတ်လုပ်သည့် စက်ရုံ ၂ ရုံလည်း ပါဝင်ကြောင်း သိရှိရသည်။
YCDC မှရရှိသော စာရင်းဇယားများအရ ရန်ကုန်မြို့နယ် နိမိတ်အတွင်းတွင် စက်မှုဇုန်ပေါင်း ၂၄ ဇုန်ရှိပြီး စက်ရုံပေါင်း ၃၂၀၀ ကျော်ရှိကြောင်း သိရသည်။