ယှဉ်ပြိုင်မှုရှိသည့် အာဏာရှင်စနစ် ပေါ်ထွန်းခြင်း (၂)

စတီဗင် လီဗစ်စကီး နှင့် လူကန်၊ အေ၊ ဝေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လုံးဝ တင်းပြည့်ကျပ်ပြည့် အာဏာရှင်စနစ်တွေမှာ ဥပဒေပြုရေးအပိုင်းဟာ လုံးဝမရှိတာ၊ ဒါမှမဟုတ် အုပ်စိုးထားတဲ့ ပါတီတခုရဲ့  ထိန်းချုပ်မှုအောက်မှာရှိပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုကြား ပဋိပက္ခဆိုတာ စဉ်းစားစရာတောင် မလိုသလောက်ပါပဲ။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် စနစ်မျိုးမှာတော့ ဥပဒေပြုရေးအပိုင်းဟာ ယှဉ်ကြည့်ရင်တော့ အားနည်းနေတာကို တွေ့ရပေမယ့် အတိုက်အခံပြုမှု အားလုံးရဲ့  ဆုံချက်ဖြစ်လာတတ်တာကို တွေ့ရတယ်။ အထူးသဖြင့်တော့ လက်ရှိ အာဏာရအစိုးရအဖွဲ့မှာ အားကောင်းတဲ့ ပါတီများ မပါရင် အဲဒီ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ယူကရိန်းမှာရော ရုရှားမှာပါ ဖြစ်ခဲ့တာက ကွန်မြူနစ်ဟောင်းကြီးတွေနဲ့ လက်ဝဲယိမ်းပါတီတွေ လွှမ်းမိုးထားတဲ့ ပေကပ်ကပ် နိုင်တဲ့ ပါလီမန်တွေကို သမ္မတတွေ ရင်ဆိုင်ခဲ့ရတာပါပဲ။ သမ္မတ ကုချ်မာရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းဟာ ယူကရိန်းပါလီမန်ရဲ့ ထပ်ခါထပ်ခါ ပယ်ချခံရတာ၊ ဒါမှမဟုတ် ပြင်ဆင် တည်းဖြတ်တာ ခံရတာမျိုး ကြုံခဲ့ရပြီး ၂၀၀၀-၂၀၀၁ ခုနှစ်မှာဆိုရင်လည်း မပူးပေါင်းရင် “လိုအပ်တဲ့” အရေးယူ ဆောင်ရွက်မှုမျိုး လုပ်မယ်ဆိုတဲ့ သမ္မတ ကုချ်မာရဲ့  ခြိမ်းခြောက်မှု ရှိခဲ့ပေမယ့် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အာဏာကို လျှော့ချဖို့အတွက် လူထုဆန္ဒခံယူပွဲလုပ်ဖို့ ကြိုးပမ်းတဲ့ သမ္မတ ကုချ်မာရဲ့ အားထုတ်မှုကို ပါလီမန်က ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ (ပီရူးမှာ ၁၉၉၂ ခုနှစ်နဲ့ ရုရှားမှာ ၁၉၉၃ ခုနှစ်တို့မှာလိုမျိုး) လွှတ်တော်ကို ကျော်ဖြတ်ဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ လက်ရှိအာဏာရ အစိုးရတွေက ကြိုးပမ်းကောင်း ကြိုးပမ်း နိုင်ပေမယ့်လည်း အဲဒီလိုလုပ်တာဟာ အထူးသဖြင့်တော့ နိုင်ငံတကာနယ်ကို ရောက်သွားရင် သိပ်ကို ဒဏ်ခံရပါတယ်။ ဒါကြောင့် ဖူဂျီမိုရီရော ယဲ့လ်ဆင်ရော သူတို့ရဲ့ “ကိုယ့်ဟာကိုယ် အာဏာသိမ်းမှု” နောက်ပိုင်း ၃ နှစ်အတွင်းမှာပဲ လွှတ်တော် ရွေးကောက်ပွဲ အသစ်တွေ ပြန်ကျင်းပပေးခဲ့ရပြီး ယဲ့လ်ဆင်ဟာလည်း ၁၉၉၃ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်လာတဲ့ ပါလီမန်ရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။

လက်ရှိ အာဏာရအစိုးရဟာ လွှတ်တော်တွင်းမှာ နေရာအများစု ရယူထားနိုင်တဲ့ ဖြစ်ရပ်မျိုးမှာတောင်မှ အတိုက်အခံ

အင်အားစုတွေအတွက် လွှတ်တော်ဟာ စည်းဝေးဖို့၊ တခုခုကို စည်းရုံးလုပ်ဆောင်ဖို့နဲ့ (မီဒီယာက လွတ်လပ်ရင် လွတ်လပ် သလောက်) အစိုးရကို ဝေဖန်ဖို့အတွက် စင်မြင့်တခုဖြစ်တယ်။ ပီရူးမှာဆိုရင် ၁၉၉၅ နဲ့ ၂၀၀၀ ပြည့်နှစ် အကြားမှာ အတိုက်အခံ ပါတီတွေ အနေနဲ့ ဥပဒေပြုရေးအပိုင်းတွေမှာ မလွှမ်းမိုးနိုင်ခဲ့ပေမယ့် ဖူဂျီမိုရီကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့အမြင်တွေကို ပြည်သူလူထု သိစေဖို့အတွက် ကွန်ဂရက် နဲ့ သတင်းမီဒီယာကို အသုံးချခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလမှာ ယူကရိန်းမှာ အတိုက်အခံ ဒုတိယ ခေါင်းဆောင် အလက်ဇန္ဒား မိုရော့ဇ်ဟာ ပါလီမန်ကို အသုံးချပြီး သမ္မတကို လူသတ်မှုနဲ့ စွပ်စွဲတယ်။ သမ္မတ ဒုက္ခရောက်သွားစေနိုင်မယ့် တိပ်ခွေတွေကို သတင်းဌာနတွေဆီ ဖြန့်ချီခဲ့တယ်။

(၃) တရားစီရင်ရေးကဏ္ဍ

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မှာဆိုရင် အစိုးရတွေဟာ တရားစီရင်ရေးကို သူတို့ခါးပိုက်ထဲ ထည့်ထားဖို့ အသည်းအသန် ကြိုးစားကြတယ်။ များသောအားဖြင့် တရားရေးဝန်ထမ်းတွေကို စွပ်စွဲပြစ်တင်တာ၊ ဒါမှမဟုတ် ဒီထက် သိမ်မွေ့တဲ့ နည်းဖြစ်တဲ့လာဘ်ထိုးတာ၊ အတင်းအကျပ် ဖိအားပေးတာနဲ့ ကိုယ့်ဘက်ကို အတင်းဆွဲထည့်တာမျိုးတွေ သုံးပြီး လုပ်လေ့ရှိတယ်။ သာဓက တခုအနေနဲ့ ပီရူးမှာ တရားရုံးချုပ် တရားသူကြီး အချို့  အပါအဝင် တရားသူကြီး မနည်းမနောဟာ ဖူဂျီမိုရီရဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဗလာဒီမီရို မွန်တက်စီနို့ တည်ဆောက်ထားတဲ့ သူကောင်းပြုမှု၊ အကျင့်ပျက်မှု၊ ငွေညှစ်မှုစတာတွေပါတဲ့ ကွန်ရက်ကြီးထဲမှာ ငြိစွန်းနေခဲ့ကြတယ်။ ရုရှားမှာ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါလီမန်ကို အခြေခံဥပဒေနဲ့ မညီကြောင်း၊ ယဲ့လ်ဆင်ရဲ့ ကြေညာချက်ဟာ အခြေခံဥပဒေနဲ့ မညီကြောင်း ကြေညာတော့ ယဲ့လ်ဆင်က အဲဒီတရားရုံးရဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပစ်ပြီး တရားရုံးရဲ့လုံခြုံရေး အစောင့်အရှောက်တွေကိုလည်း ခေါ်ဆောင် သွားစေခဲ့တယ်။

ဖြစ်စဉ်ဖြစ်ရပ်အချို့မှာ အစိုးရအဖွဲ့တွေဟာ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ စတဲ့ နည်းတွေကို သုံးလေ့ရှိတယ်။ ဇင်ဘာဘွေမှာဆိုရင် မူဂါဘီအစိုးရရဲ့ မြေယာဖြန့်ဖြူးရေးမူဝါဒ တစိတ်တဒေသအရ လူဖြူတွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းဆည်းခြင်းဟာ တရားမဝင်ဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်တော့ လွတ်လပ်တဲ့ တရားသူကြီးတွေဟာ အစိုးရ ဘက်ကိုယိမ်းတဲ့ “စစ်ပြန်ကြီးများ” ဆီကနေ အကြမ်းဖက်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လှိမ့်ပြီး ရရှိခဲ့တယ်။ တရားသူကြီးချုပ် အန်ထော်နီ ဂူဘေ အပါအဝင် တရားသူကြီး ၄ ဦးဟာ ၂၀၀၁ ခုနှစ်မှာ စောစီးစွာ အနားယူဖို့ ရွေးချယ်ခဲ့ရပြီး သူတို့နေရာမှာ အစိုးရနဲ့ ပိုနီးစပ်တဲ့ တရားသူကြီးတွေကို အစားထိုးခဲ့တယ်။

လွတ်လပ်ပြီး ပုံစံတကျရှိတဲ့ တရားစီရင်ရေး ကဏ္ဍကို အုပ်ချုပ်ရေးရဲ့  အပြည့်အစုံ မဟုတ်တဲ့ ထိန်းချုပ်မှုနဲ့ ပေါင်းစပ် လိုက်တာဟာ အများမိုးခါးရေသောက်လို့ လိုက်မသောက်တတ်တဲ့ တရားသူကြီးတွေကို အခွင့်အလမ်းတခု ပေးပါတယ်။ သာဓက အနေနဲ့ ယူကရိန်းမှာ သမ္မတကုချ်မာရဲ့  ဥပဒေပြုရေးကဏ္ဍ အာဏာလျှော့ချရေး လူထုဆန္ဒခံယူပွဲဟာ မဖြစ်မနေ လိုက်နာရမယ့် အရာမဟုတ်ဘူး (အမိန့်အာဏာပါတဲ့အရာ မဟုတ်ဘူး) လို့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်တယ်။ ဆလိုဗက်ကီးယားမှာ ၁၉၉၄ တုန်းက အခြေခံ ဥပဒေခုံရုံးက ဗလာဒီမီယာ မေစီယာရဲ့ အစိုးရ ပါလီမန်မှာ အတိုက်အခံ နေရာတွေကို ပေးဖို့ ငြင်းပယ်တာကို တားမြစ်တယ်။ ဆားဘီးယားမှာတော့ တရားရုံးတွေက ၁၉၉၆ ခုနှစ် အတိုက်အခံတွေရဲ့ အနိုင်ကို တရားဝင် အသိအမှတ်ပြုပေးခဲ့တယ်။ ခရိုအေးရှားမှာ သမ္မတ တူဂျ်မန်ဟာ စပိန်ရဲ့ ဖရန်စစ္စကို ဖရန်ကို ကို လေးစား အားကျနေသူ ဖြစ်တယ်လို့ မဟုတ်မတရား စွပ်စွဲရေးသားတယ်လို့ တရားစွဲခံရတဲ့ အတိုက်အခံ အပတ်စဉ်ထုတ် သတင်းစာ တစောင်ကို တရားရုံးတွေက တရားသေ လွှတ်ပေးခဲ့တယ်။ ထို့အတူပဲ မလေးရှားမှာလည်း ၂၀၀၁ ခုနှစ်တုန်းက အထက် တရားရုံး တရားသူကြီးတဦးဟာ အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအရ ထောင်ချခံခဲ့ရတဲ့ အစိုးရနဲ့ အမြင် မတူသူ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး အဲဒီလိုမျိုး ပြင်းထန်လွန်းတဲ့ ဥပဒေလိုအပ်သလား ဆိုပြီးတော့လည်း လူသိရှင်ကြား မေးခွန်း ထုတ်ခဲ့ပါတယ်။

ပြိုင်ဆိုင်မှုရှိတဲ့ အာဏာရှင်အစိုးရတွေဟာ သူတို့ဘက်ကို နစ်နာစေမယ့် စီရင်ချက်မျိုးချတဲ့ တရားသူကြီးတွေကို အပြစ် ပေးကောင်းပေးနိုင်ပေမယ့် အဲဒီလိုလုပ်ခြင်းဖြင့် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သူတို့ရဲ့ တရားဝင်မှုကို အကြီးအကျယ်

ထိခိုက်စေနိုင်ပါတယ်။ သာဓကအနေနဲ့ ပီရူးနိုင်ငံမှာ ဖူဂျီမိုရီရဲ့ တတိယ သမ္မတသက်တမ်း ထမ်းဆောင်နိုင်ရေး အခြေခံ ဥပဒေနဲ့ မညီတဲ့ကြိုးပမ်းမှုကို အခြေခံ ဥပဒေဆိုင်ရာခုံရုံးက ၁၉၉၇ ခုနှစ်မှာ ပိတ်ဆို့လိုက်တဲ့နောက်မှာ ဖူဂျီမိုရီကို လိုလားတဲ့ ကွန်ဂရက်ဟာ အဲဒီခုံရုံးအဖွဲ့ဝင် ၃ ဦးကို ထုတ်ပယ်ပစ်လိုက်တယ်။ အဲဒီလုပ်ရပ်ဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပြင်းပြင်းထန်ထန် ဝေဖန်ခံလိုက်ရတယ်၊ ဒါပေမယ့် နောက် ၃ နှစ်ကြာတဲ့အထိ အဲဒီဖြစ်ရပ်ဟာ အစိုးရကို လက်ညိုးထိုးစရာ အပြစ်ကြီးတခုအဖြစ် ရှိနေခဲ့တယ်။

(၄) သတင်းမီဒီယာကဏ္ဍ

နောက်ဆုံးအနေနဲ့တော့ သတင်းမီဒီယာဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာတော့ အစိုးရနဲ့ အကြီးအကျယ် အမြင်ကွဲလွဲရာ အရေးပါတဲ့ အဝန်းအဝိုင်းတခုပါပဲ။ လုံးဝ တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံတွေမှာတော့ သတင်း မီဒီယာဆိုတာဟာ ရာနှုန်းပြည့် နိုင်ငံပိုင်ဖြစ်မယ်၊ ဒါမှမဟုတ် ဆင်ဆာအဖြတ်ကြမ်းမယ်၊ ဒါမှမဟုတ် စနစ်တကျနဲ့ ဖိနှိပ်ထားမယ်။ ရုပ်သံနဲ့ ရေဒီယိုဌာနတွေကို အစိုးရနဲ့ သူ့နဲ့ ပလဲနံပ သင့်သူတွေက ထိန်းချုပ်ထားမယ်။ နာမည်ကြီး လွတ်လပ်တဲ့ သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေကို ဥပဒေပြဋ္ဌာန်းပြီး ပိတ်ပင်တားဆီးထားမယ် (ဥပမာ – ကျူးဘား) ဒါမှမဟုတ် ဘောင်ထဲကနေ ရှင်းလင်း ဖယ်ရှားထားမယ် (ဥပမာ – ဥဇဘက်ကစ္စတန် နဲ့ တာ့ခ်မင်နစ္စတန်)။ အစိုးရကို အမျက်တော် ရှအောင် လုပ်တဲ့ သတင်းသမားဆို ဖမ်းတာဆီးတာ၊ နယ်နှင်ဒဏ်ပေးတာအပြင် ကုန်ကုန် ပြောရရင် လုပ်ကြံ သတ်ဖြတ်ပစ်တာ အထိ ခံရနိုင်ခြေရှိတယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာကတော့ သီးခြားရပ်တည်တဲ့ သတင်းဌာနaတွဟာ တရားဝင် တည်ရှိရုံတင်မက သြဇာလည်း ညောင်းတယ်။ ဂျာနယ်လစ်တွေအပေါ် မကြာခဏ ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာမျိုး ရှိသော်ငြားလည်း သတင်းသမားတွေဟာ အဓိက အတိုက်အခံတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတယ်။ ပီရူးနိုင်ငံမှာ သီးခြားလွတ်လပ်တဲ့ သတင်းစာတွေဖြစ်တဲ့ လာရီပတ်ဗလစ်ကာ နဲ့ အယ်လ် ကွန်မာစီယို၊ အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေဖြစ်တဲ့ စီ နဲ့ကော်ရေးတပ်စ် တို့ဟာဆိုရင် ၁၉၉၀ ပြည့်လွန်နှစ်တွေ တလျှောက်လုံး လွတ်လွတ်လပ်လပ်နဲ့ ရေးသား ထုတ်ဝေခဲ့ကြတယ်။ ယူကရိန်းကိုကြည့်ရင်လည်း ဇာကာလိုနေဒါလီ၊ ဒင်၊ ဗီချာနီဗစ္စတီ စတဲ့သတင်းစာတွေဟာ ကုချ်မာ အစိုးရအပေါ် မတူတဲ့ သီးခြားအမြင်တွေကို အလေးပေးဖော်ပြရာ ရင်းမြစ်တွေဖြစ်တယ်။

သီးခြားလွတ်လပ်တဲ့ သတင်းဌာနတွေဟာ အစိုးရရဲ့ မဟုတ်မတရား လုပ်မှုတွေကို စုံစမ်းထောက်လှမ်း ဖော်ထုတ်ပြီး လူသိအောင် ဖွင့်ချသူဆိုတဲ့ “စောင့်ကြည့်သူ” နေရာကို ယူထားသူတွေဖြစ်တယ်။ ပီရူးမှာဆိုရင် မီဒီယာဟာ ၁၉၉၂ ခုနှစ် လာကန်တူတာ တက္ကသိုလ်မှာ ကျောင်းသားတွေကို သတ်ဖြတ်မှု၊ ဖူဂျီမိုရီရဲ့ ပါတီ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့ လက်မှတ် အရေအတွက်ကို လိမ်ညာပြီး ပွားယူမှု စတဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ဖွင့်ထုတ်ချခဲ့တယ်။ ရုရှားမှာဆိုရင်လည်း ဗလာဒီမီယာ ဂူစင်စကီးရဲ့ အင်ဒီပင်းဒင့်တီဗီ ဟာဆိုရင် အထူးသဖြင့် ချေချင်းညာနဲ့ ပတ်သက်တဲ့ ယဲ့လ်ဆင်အစိုးရရဲ့  လုပ်ဆောင်မှု တွေအပေါ် အဓိက ဝေဖန်သူဖြစ်တယ်။ ဇင်ဘာဘွေမှာဆိုရင် ဒေးလီးနယူးစ်ဟာ မူဂါဘီ အစိုးရရဲ့ ကျူးလွန်မှုတွေကို ဖွင့်ထုတ်ချပြရာ အဓိက သတင်းစာဖြစ်တယ်။ မီဒီယာတွေဟာ အတိုက်အခံ အင်အားစုတွေအတွက် ဆိုရင်လည်း သူတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်ဖြစ်တယ်။ ဆာဘီးယားမှာဆိုရင် ဘဲလ်ဂရိတ် ရေဒီယိုသတင်းဌာန ဘီ-၉၂ ဟာ ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်း သမ္မတ မီလိုဆီဗစ်ကို အဓိက အတိုက်အခံပြုခဲ့တဲ့ ဌာနဖြစ်တယ်။ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလတွေအတွင်း ပနားမားနဲ့ နီကာရာဂွာ တို့မှာ အတိုက်အခံတွေကို အဓိက ကျောထောက်နောက်ခံ ပြုပေးခဲ့တာလည်း သတင်းစာတွေပဲဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်တွေမှာ အုပ်ချုပ်ရေးပိုင်းဟာ လောင်းရိပ်လွတ်တဲ့ သတင်းမီဒီယာတွေကို တက်တက် ကြွကြွနဲ့ နှိပ်ကွပ်လေ့ရှိတယ်။ နှိပ်ကွပ်ရာမှာလည်း အာဏာရှင်နိုင်ငံတွေက အုပ်ချုပ်ရေးပိုင်းက လူတွေသုံးတဲ့ နည်းလမ်းတွေထက် ပိုပြီး နူးညံ့သိမ်မွေ့တဲ့ နည်းတွေကို သုံးလေ့ရှိတယ်။ အဲဒီနည်းတွေထဲမှာ လာဘ်ထိုးတာ၊ နိုင်ငံတော်ရဲ့ ကြော်ငြာ ဘတ်ဂျက်ကို သီးသန့် ရွေးချယ်ပြီး ဖယ်ထားတာ၊ သတင်းဌာနတွေက တင်ရှိနေတဲ့ ကြွေးမြီတွေနဲ့ အခွန်တွေကို ထိန်းချုပ် ကြိုးကိုင်ထားတာ၊ စတော့ရှင်တွေ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် မီးမွှေးပေးတာ၊ သီးခြား လွတ်လပ်ပြီး အတိုက်အခံဖြစ်တဲ့ သတင်းသမားတွေကို နှိပ်ကွပ်ဖို့အတွက် တင်းကျပ်တဲ့ ဥပဒေတွေ စတာတွေ ပါဝင်ပါတယ်။ ရုရှားမှာဆိုရင် အင်ဒီပင်းဒင့်တီဗီရဲ့  ဂတ်ဇ်ပရွမ်ဂတ်စ် ကုမ္ပဏီဆီမှာ တင်နေတဲ့ အကြွေးတွေကို အသုံးချပြီး အစိုးရက သူနဲ့ ပလဲနံပသင့်တဲ့ သူတွေလက်ထဲ ရောက်သွားအောင် လုပ်တယ်။

ပီရူးမှာဆိုရင် ဖူဂျီမိုရီက လာဘ်ထိုးတာနဲ့ ဥပဒေကြောင်းအရ မရိုးဖြောင့်တဲ့ နည်းလမ်းတွေကို ပေါင်းစပ်ပြီး တိုင်းပြည်ရဲ့ ပုဂ္ဂလိကပိုင် ရုပ်သံ သတင်းဌာနတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဥပမာ – Channel 2 ရဲ့ ပိုင်ရှင် ဘာရုအိဗ်ချာရဲ့ နိုင်ငံသားဖြစ်မှုကို ပြန်လည် ရုပ်သိမ်းတာမျိုး။ အစိုးရတွေ အနေနဲ့ သီးခြားလွတ်လပ်တဲ့ သတင်းစားတွေကို “တရားမဝင်” နှောင့်ယှက်ဖို့၊ ဒါမှမဟုတ် နှိပ်ကွပ်ဖို့အတွက် အသရေဖျက်မှု ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချတယ်။ ဂါနာနိုင်ငံမှာ ဂါနာသတင်းစာ အယ်ဒီတာတွေနဲ့ ကော်လံစား ဆောင်းပါးရှင်တွေတွေကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထောင်ချဖို့ အတွက် ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ အသရေဖျက်မှု ဥပဒေပုဒ်မတွေကို ဂျယ်ရီရောလင်း အစိုးရက အသုံးပြုခဲ့တယ်။ ခရိုအေးရှားမှာဆိုရင် Open Society Institute ရဲ့ ၁၉၉၇ ခုနှစ် အစီရင်ခံစာအရ သတင်းစာတွေဟာ အသရေ ဖျက်မှုပေါင်း ၂၃၀ နဲ့ တရားအစွဲ ခံခဲ့ရတယ်။ အလားတူပဲ အာမေးနီးယား အစိုးရကလည်း တိုင်းပြည်ရဲ့ အငြင်းပွားဖွယ်ရာ ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း သတင်းစာတွေရဲ့ ဝေဖန်မှုတွေ ငြိမ်သက်သွားအောင် အသရေဖျက်မှု ပုဒ်မတွေကို ကောင်းကောင်း အသုံးချခဲ့ရတယ်။

ဒါပေမယ့်လည်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာ မီဒီယာကို ဖိနှိပ်တာဟာ အစိုးရအဖွဲ့တွေအတွက် အန္တရာယ် များနိုင်တယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တုန်းက ခရိုအေးရှားမှာ တုဂျ်မန်အစိုးရဟာ ရေဒီယို ၁၀၁ (Radio 101) ရဲ့ လိုင်စင်ကို ပြန်ရုပ်သိမ်းလိုက်တဲ့ အချိန်မှာ လူထုက အကြီးအကျယ် ဆန္ဒပြကြတာကြောင့် အတိုက်အခံ ဘက်မှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ပြီး အာဏာရ ပါတီလည်း ခဏတဖြုတ် နှစ်ခြမ်း ကွဲခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ယူကရိန်းမှာ သမ္မတ ကုချ်မာဟာ အတိုက်အခံ သတင်းထောက် တယောက်ကို ဖျောင်ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းမှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အနောက်နိုင်ငံတွေရဲ့  ဝိုင်းကြဉ်မှုကိုလည်း တစိတ်တပိုင်း ခံခဲ့ရတယ်။ ပီရူးမှာလည်း အစ်ဗ်ချာကို နှိပ်ကွပ်ပြီး နယ်နှင်ပစ်ခဲ့တာကြောင့် ပြည်တွင်းမှာ ဆန္ဒပြမှုတွေ အတော်လေးဖြစ်ခဲ့ပြီး နိုင်ငံတကာရဲ့ ဝိုင်းဝေဖန်စရာ ပစ်မှတ်လည်း ဖြစ်လာခဲ့တယ်။

သဘောတရားအရ တင်းမာမှုများ

အာဏာရှင် အစိုးရအဖွဲ့တွေဟာ တိတိပပရှိတဲ့ ဒီမိုကရေစီ အဆောက်အအုံတွေနဲ့ ကာလ အကန့်အသတ်မရှိ ယှဉ်တွဲ တည်ရှိနိုင်ပါတယ်။ လက်ရှိ အာဏာရထားသူတွေဟာ အခွင့်အရေး ချိုးဖောက်မှုတွေကို ကြီးကြီးမားမား ချိုးဖောက်တာမျိုး၊ တိုင်းသိပြည်သိဖြစ်အောင် လုပ်တာမျိုး မလုပ်သရွေ့၊ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တာ၊ ခိုးယူတာမျိုး မရှိသရွေ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မှာ အတွင်းထဲရှိနေတဲ့ ဝိရောဓိတွေဟာ ထိန်းကျောင်းလို့ ရနိုင်သေးတဲ့ ဘောင်ထဲမှာပဲ ရှိပါတယ်။ လာဘ်ထိုးတာ၊ အတင်းမဲဆွယ် စည်းရုံးတာ၊ တခြား “ဥပဒေနဲ့ ညီတဲ့” နှိပ်ကွပ်မှု ပုံစံတွေသုံးတာ စတဲ့နည်းတွေ သုံးပြီး အစိုးရဟာ အတိုက်အခံတွေရဲ့ ခြိမ်းခြောက်မှုကို ပြည်တွင်းပြည်ပရဲ့  အုံနဲ့ကျင်းနဲ့ ဆန့်ကျင်မှုမျိုး မရှိဘဲ ကန့်သတ်လို့ ရနိုင်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အာဏာရပါတီ၊ လူပုဂ္ဂိုလ်တွေ အာဏာလွှဲပြောင်း မပေးရစေဖို့ ရည်ရွယ်ချက်နဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ အာဏာရှင်ဆန်မှုတွေ ယှဉ်တွဲခိုင်းထားတာဟာ မတည်ငြိမ်မှု ရင်းမြစ်တခုကို ဖန်တီးပေးလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ၊ ဥပဒေပြုလွှတ်တော်တွေ၊ တရားရုံးတွေနဲ့ သီးခြားလွတ်လပ်တဲ့ မီဒီယာကဏ္ဍတို့ဟာ အတိုက်အခံ အင်အားစုတွေဆီကနေ အချိန်တခုရောက်တိုင်း စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီစိန်ခေါ်မှုတွေက အာဏာရှင် ပုဂ္ဂိုလ်တွေအတွက် အလေးအနက်ထားရမယ့် အကျဉ်းအကျပ် အခြေအနေတခုကို သယ်ဆောင်လာပါတယ်။

တဖက်ကကြည့်ရင် အတိုက်အခံတွေကို နှိပ်ကွပ်တာဟာ မကောင်းတဲ့ သက်ရောက်မှုများတယ်၊ အဓိက အကြောင်းကတော့ အတိုက်အခံတွေရဲ့ လုပ်ဆောင်မှုတွေဟာ လုပ်ထုံးလုပ်နည်းအရလည်း တရားဝင်တယ်၊ ဖြစ်လည်း ဖြစ်သင့်တယ်လို့ ပြည်တွင်းပြည်ပက လက်ခံထားကြတယ်။ အခြားတဖက်မှာတော့ လက်ရှိ အာဏာရထားသူတွေ အနေနဲ့ အတိုက်အခံတွေကို ဒီအတိုင်း လွှတ်ပေးလိုက်ပြန်ရင်လည်း သူတို့ ရှုံးသွားနိုင်ပြန်တယ်။ အဲဒီတော့ အချိန်တခုရောက်တိုင်း ဒီမိုကရေစီ နည်းကျ ယှဉ်ပြိုင်အနိုင်ယူမှုတွေ ပေါ်ပေါက်လာခြင်းဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ရဲ့ အရင်းမူလလို ဖြစ်နေတဲ့ လွန်ဆွဲရခြင်းကို ဖြစ်စေတယ်။ အာဏာရှင် အစိုးရအဖွဲ့တွေ အနေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းကျဉ်မှုနဲ့ ပြည်တွင်း ပဋိပက္ခတွေ အဖြစ်ခံပြီး ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်မလား၊ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်ခြေ ရှိတာကို ရင်ဆိုင်ပြီး အတိုက်အခံတွေဘက်က စိန်ခေါ်မှုကို ခွင့်ပြုမလား။ ရလဒ်ကတော့ အစိုးရအုပ်ချုပ်ရေး အကျပ်အတည်း တမျိုးမဟုတ်တမျိုး ပေါ်တာပဲ။ ဥပမာအားဖြင့် မက္ကဆီကိုမှာ ၁၉၈၈ ခုနှစ်၊ နီကာရာဂွာမှာ ၁၉၉၀၊ ဇမ်ဘီယာမှာ ၁၉၉၁ ခုနှစ်၊ ရုရှားမှာ ၁၉၉၃ ခုနှစ်၊ အာမေးနီးယားမှာ ၁၉၉၆ ခုနှစ်၊ အယ်လ်ဘေးနီးယားမှာ ၁၉၉၇ ခုနှစ်၊ ဂါနာ၊ ပီရူး၊ ဆားဘီးယားနဲ့ ယူကရိန်းတို့မှာ ၂၀၀၀ ပြည့်နှစ်၊ ဇမ်ဘီယာမှာ ၂၀၀၁ ခုနှစ်မှာ နောက်တကြိမ် အသီးသီး ဖြစ်ခဲ့တယ်။ ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၂ ခုနှစ် မတ်လ သမ္မတ ရွေးကောက်ပွဲ ကာလတုန်းလည်း အလားတူ အကျပ်အတည်းမျိုး ဖြစ်မယ့် ပုံစံမျိုး ပေါ်ခဲ့သေးတယ်။

ကင်ညာ၊ မလေးရှား၊ ရုရှားနဲ့ ယူကရိန်းတို့လို့ ဖြစ်ရပ်မျိုးတွေမှာတော့ အာဏာရှင် အစိုးရတွေဟာ မုန်တိုင်းဒဏ်ကို ဘေးမသီ ရန်မခ ကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအထဲက နိုင်ငံအချို့မှာ အစိုးရဟာ အပြတ် နှိပ်ကွပ်ပစ်ပြီး ပိုလို့တောင် ခံကတုတ်တွေ တည်ဆောက်နိုင်ခဲ့တယ်။ တခြားသော နိုင်ငံအချို့ဖြစ်တဲ့ နီကာရာဂွာ(၁၉၉၀)၊ ဇမ်ဘီယာ (၁၉၉၁)၊ ဂါနာနဲ့ မက္ကဆီကို (၂၀၀၀) တို့မှာတော့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရတွေဟာ ဆန့်ကျင် အာခံမှုတွေကို မနှိမ်နင်းနိုင်ခဲ့ဘဲ အာဏာကို လက်လွှတ်ခဲ့ရပါတယ်။ ပီရူးနဲ့ ဆားဘီးယား အပါအဝင် ကျန်တခြား ဖြစ်ရပ်တွေမှာတော့ အစိုးရဟာ နှိပ်ကွပ်ဖို့ ကြိုးစားရင်းနဲ့ သူကိုယ်တိုင် မနိုင်မနင်း ဖရိုဖရဲဖြစ်လာပြီး နောက်ဆုံး ပြိုကျခဲ့ရတဲ့ အထိပဲ။

ဒါပေမယ့်လည်း ဒီလို နောက်လူ လက်ထဲ အာဏာထည့်ပေးလိုက်ရတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားတာ မဟုတ်ပါဘူး။ ဖြစ်ရပ် အတော်များများ (ခရိုအေးရှား၊ နီကာရာဂွာ၊ ပီရူး၊ ဆလိုဗက်ကီးယား၊ ဆားဘီးယား) မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်မှုနဲ့အတူ ဒီမိုကရေစီဘက်ကို ဦးတည်သွားခဲ့ပေမယ့် အယ်လ်ဘေးနီးယား၊ ဇမ်ဘီယာ၊ ယူကရိန်း၊ ဘယ်လာရုစ် စတဲ့ ဖြစ်ရပ်တွေမှာတော့ အသစ်ရွေးကောက် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ရှေ့က သွားလေသူတွေ ထက်တောင်မှ ပိုပြီး အာဏာရှင် လက်ဝါးစောင်း ပိုထက်နေသေးတာကို တွေ့ရပါတယ်။ ဒီတော့ကာ အာဏာကို ဆုပ်ကိုင်ထားတဲ့ အထက်တန်းလွှာတစုကို ဖယ်ရှားပစ်လိုက်ခြင်းဟာ စနစ်အပြောင်းအလဲ ဖြစ်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ရာ အရေးပါတဲ့ အခွင့်အလမ်း တခုကို ဖန်တီးပေးလိုက်ပေမယ့် ဒီလို အဖြေမျိုး ထွက်လာပါလိမ့်မယ် လို့တော့ သေချာတာ မဟုတ်ပါဘူး။

အကျဉ်းအကျပ် ကာလတွေမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရအဖွဲ့တွေ ရှင်သန်ကျော်လွှားနိုင်မှုနဲ့ ဆိုင်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် အမျိုးမျိုးအကြောင်းကို ဒီဆောင်းပါးမှာ ရှင်းပြနိုင်မှာ မဟုတ်ပေမယ့် ပုံစံတခုကတော့ လေ့လာ မှတ်သားထိုက်ပါတယ်။

စစ်အေးတိုက်ပွဲ ခေတ်လွန်ကာလကို ကြည့်ရင် အနောက်တိုင်းနဲ့နီးတဲ့ ဒေသတွေ၊ အထူးသဖြင့် လက်တင်အမေရိကနဲ့ ဥရောပ အလယ်ပိုင်းတို့မှာဆိုရင် အာဏာကို ကိုင်ထားတဲ့ အစိုးရတွေကို ဖယ်ရှားပစ်ပြီးနောက်ပိုင်း အဲဒီနိုင်ငံတွေဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတာ များပါတယ်။ သာဓကအနေနဲ့ ပြရရင် လက်တင်အမေရိကမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံ ၅ နိုင်ငံအနက် ၄ နိုင်ငံ (ဒိုမီနီကန် ရီပတ်ဗလစ်၊ မက္ကဆီကို၊ နီကာရာဂွာနဲ့ ပီရူး) ဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာပါတယ်။

အလားတူပဲ အဲဒီအချိန်အတွင်းမှာ ဗဟိုဥရောပမှာရှိတဲ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံ ၅ နိုင်ငံအနက် ၄ နိုင်ငံ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာခဲ့တယ် (ခရိုအေးရှား၊ ဆာဘီးယား၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား)။ ဒါပေမယ့် တခြား တဖက်မှာကျတော့ အာဖရိကနဲ့ ဆိုဗီယက် ပြည်ထောင်စုဟောင်းဝင် ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံတွေရဲ့ ဖြစ်ရပ်ကတော့ အတော်လေးကို မတူပြန်ဘူး။ ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းတွေအနက် ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံ (မော်လ်ဒိုဗာ) တနိုင်ငံတည်းပဲ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တယ်။

ဒါကိုကြည့်ရင် ၁၉၉၀ ပြည့်လွန် ကာလတွေအတွင်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်နိုင်ငံတွေရဲ့ လားရာကို ပုံဖော်တဲ့ အဓိက အကြောင်းရင်းခံဟာ အနောက်အုပ်စုနဲ့ နီးကပ်ခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ယဉ်ကျေးမှုနဲ့ မီဒီယာ လွှမ်းမိုးမှု၊ အထက်တန်းလွှာ ကွန်ရက်တွေ၊ ဆန္ဒပြပွဲဂယက်တွေ၊ အနောက်နိုင်ငံ အစိုးရတွေရဲ့ တိုက်ရိုက်ဖိအား စတဲ့ပုံစံအားဖြင့် အနောက်တိုင်းနဲ့ ဆက်နွယ်မှုရှိခြင်းကြောင့် အာဏာရှင်နိုင်ငံ အစိုးရတွေအနေနဲ့ သူတို့အုပ်ချုပ်မှုကို အခြေခိုင်အောင် လုပ်ရာမှာ ဒုက္ခသုက္ခတွေနဲ့ ပိုကြုံတွေ့လာရပါတယ်။ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံအစိုးရတွေကို ဒီမိုကရေစီဘက် ပိုကူးပြောင်းအောင် လုပ်ရာမှာ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ အနောက်နဲ့ ချိတ်ဆက်မှု အားနည်းတဲ့ ဒေသတွေမှာ သို့မဟုတ် ဒီမိုကရေစီ မဟုတ်တဲ့ အင်အားကြီးနိုင်ငံ (ဥပမာ ရုရှား၊ တရုတ်) တွေရဲ့ သြဇာလွှမ်းမိုးမှု အတော်အတန်ရှိတဲ့ ဒေသတွေမှာတော့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရတွေဟာ သက်ဆိုး ပိုရှည်ဖို့ အခွင့်အလမ်းပိုများတယ်၊ ဒါမှမဟုတ် ပိုပြီး အာဏာရှင်ဆန်တဲ့ လမ်းကြောင်းဘက်ဆီ ဦးတည်သွားပါတယ်။

ဆက်လက် ဖော်ပြပါမည်။

(စတီဗင် လီဗစ်စကီး (Steven Levitsky) သည် ဟားဗတ်တက္ကသိုလ်ရှိ အစိုးရနှင့် လူမှုရေးလေ့လာမှု ပညာဌာနမှ ပါမောက္ခဖြစ်သည်။ သူ၏ Transforming Labor-based Parties in Latin America စာအုပ် နှင့် လူကန်၊ အေ၊ ဝေးနှင့် ပူးတွဲရေသားခဲ့သော Competitive Authoritarianism: Hybrid Regimes after the Cold War စာအုပ်တို့ကို ကိန်းဘရစ်ဂျ် တက္ကသိုလ်မှ ထုတ်ဝေခဲ့သည်။ လူကန်၊ အေ၊ ဝေး (Lucan A. Way) သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး Journal of Democracy ၏ အယ်ဒီတာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading