ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လူသတ်မှု သံသယဖြင့် အဖမ်းခံရထားရသူ ၁၄ နှစ် နီးပါး အရွယ်ရှိ မောင်စိုးလင်း ဆိုသူ ကလေးတဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သည် အထိ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်သွားသည်ဟု သိရှိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့ မြောင်းမြမြို့၊ မြရတနာ ရပ်ကွက်၊ နဝရတ် လမ်းမကြီး ဘေးရှိ အောင်ပန်းဆားစက်ဝင်းအတွင်းတွင် ဆားစက်ဝန်ထမ်း ဖြစ်သူ ဦးကျော်ဝေ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုနှင့် ပတ်သက်၍ အိမ်နီးချင်းဖြစ်သူ ဦးသိန်းထွန်းနှင့် သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်စိုးလင်းတို့ကို မြောင်းမြရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် လူသတ်သည် ဟု ဝန်ခံစေရန် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခဲ့ရာ မောင်စိုးလင်း၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်ခဲ့ ကြောင်း၊ ကျန်းမာ ရေး ဆိုးဝါးလျက်ရှိသော မောင်စိုးလင်းသည် လူသတ်မှု သံသယဖြင့် တရားရုံးတင် စစ်ဆေးမှု ခံနေရဆဲဖြစ် ကြောင်း မောင်စိုးလင်း ၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေကဧရာဝတီကို ပြောသည်။
“ကလေးက လမ်းလုံး၀ မလျှောက်နိုင်ဘူး။ တနေရာရာ သွားမယ် ဆိုရင် ကုန်းပိုးခေါ်ရတယ်။ သူ့ကိုရဲစခန်းက ထုတ်လာ တဲ့နေ့ ကတည်းက လမ်းမလျှောက်နိုင်တော့တာ။ မတ်တပ် မရပ်နိုင်ဘူး။ မတ်တပ်ရပ်ဖို့ လူတွဲရတယ်။ ရပ်နေရင် လည်း တွဲထားမှ လွှတ်လိုက်ရင် ချက်ချင်း လဲကျသွားတာ။ ပြီးတော့ ကလေးက အသက်ရှူမဝဘူးပြောတယ်။ အချုပ်ခန်းထဲမှာ ရေထဲကို ခေါင်းနှစ်ပြီး နှိပ်စက်တာတွေ လုပ်တဲ့ နောက်ပိုင်း ကတည်းက အဲဒီလိုဖြစ်နေတာ ပြောတယ်။ ဆီးသွားရင်လည်း သွေးနည်းနည်းပါတယ်”ဟု ဒေါ်ခင်ရွှေက ဆိုသည်။
ဦးကျော်ဝေ အသတ်ခံရပြီးနောက် နာရီပိုင်းအတွင်းတွင် ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို မြောင်းမြရဲစခန်းက ဖမ်းဆီး ခဲ့ပြီး ရက်အနည်းငယ်အကြာ ဦးသိန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ရွှေနှင့် ၄ တန်းကျောင်းသူ သမီးငယ်ကို မြောင်းမြ ရဲစခန်းက ခေါ်ယူစစ် ဆေးခဲ့ ကြောင်း၊ ရဲစခန်းတွင် ဒေါ်ခင်ရွှေနှင့် သမီးကို ၂ ရက်ကြာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပြီးမှ ပြန်လွှတ် ပေးခဲ့သည်ဟု သိရှိရသည်။
မြောင်းမြရဲစခန်းက လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားသော ဦးသိန်းထွန်းနှင့် မောင်စိုးလင်းတို့ကို ၃ ပတ်ကျော် ကြာသည် အထိ မိသားစု ၊ ဆွေမျိုးများနှင့် လုံးဝတွေ့ခွင့်မပေးဘဲ ဖမ်းဆီးပြီး ၁ လခန့် ကြာမှသာ မိသားစုနှင့် တွေ့ခွင့်ပြုခဲ့ကြောင်း ဒေါ်ခင်ရွှေက ဆိုသည်။
မြောင်းမြ ရဲစခန်းက ၁၄ နှစ်အရွယ် မောင်စိုးလင်းကို ဖမ်းဆီးစစ်ဆေးရာတွင် အမှုလက်ခံသော ဖိုင်တွဲတွင် အသက် ၁၆ နှစ်ဟု ရေးဖြည့်၍ မြောင်းမြခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် မောင်စိုးလင်း ပညာသင်ယူနေသည့်
ဘုရားချောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ကိုယ်တိုင် တရားရုံးသို့ လာရောက်ပြီး မောင်စိုးလင်းသည် အသက် ၁၃ နှစ် ၁၀ လ သာရှိကြောင်း ထွက်ဆိုချက်ပေး၍ မောင်စိုးလင်း၏ အသက်မှန် ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းနောက် မောင်စိုးလင်း ၏ အမှုကို မြောင်းမြမြို့နယ် တရားရုံးမှ အိမ်မဲမြို့ ကလေးသူငယ် တရားရုံးသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်စိုးလင်းကိုလည်း ကလေးသူငယ်တရားရုံးက အာမခံ ပေးခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ဝင်များက မောင်စိုးလင်းကို စစ်ဆေးရာတွင် မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့် တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲ ၂ လုံးထား၍ အချိန်ကြာ မြင့်စွာ ဒူးထောက်ခိုင်းထားသည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း၊ မြောင်းမြရဲစခန်းအချုပ်တွင် ၁ လကြာ ချုပ်နှောင်ခံခဲ့ရပြီး မြောင်းမြမြို့ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ကျော့ဟန် ကိုယ်တိုင် မောင်စိုးလင်း၏ လက်သည်းခွံ ကို ဆေးလိပ်မီးဖြင့် တို့ခဲ့၍ လက်သည်းခွံကျွတ်ထွက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့်ရင်းနှီးသည့် အရပ်သားတဦးကလည်း မောင်စိုးလင်းကို ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“သားက ပြောတယ်။ ဦးကျော်ဝေနဲ့သားနဲ့ အခေါ်အပြောလည်းမရှိဘူး။ ခင်လည်းမခင်ဘူး။ သူ့ကိုလည်း သားမသတ်ဘူး ပြောတယ်။ သားက သူ့အိမ်တောင်တခါမှ မရောက်ဖူးဘူးလို့ ပြောတာကိုမရဘူး။ ရောက်ဖူးတယ်ချည်းပဲပြောတယ်။ အဲလိုစစ်တာ သားက မဟုတ်ဘူးလို့ ငြင်းနေတဲ့အခါကျတော့ ၃ ရက်လောက်လည်းကြာရော သားကိုစပြီး
ရိုက်တော့ တာပဲ။ မျက်ခုံးမွှေးတွေကိုလည်း မီးနဲ့ရှို့တယ်။ ဂက်စ်မီးခြစ်နဲ့ မျက်စိကိုကပ်တယ်။ ပါးတွေနားတွေရိုက်တယ်။ နားထဲက သွေးကျအောင်ကို ရိုက်တယ်”ဟု မောင်စိုးလင်းက ဧရာဝတီသို့ ပြောသည်။
မောင်စိုးလင်း၏ ကျန်းမာရေးကို ကုသပေးနေသော ပုသိမ်မြို့မှ အထွေထွေ ရောဂါကုဆရာဝန်တဦးက “ကလေးက လမ်းမလျှောက်နိုင်တော့တာ အမှန်ပဲ ။ မတ်တပ်ရပ်မယ်ဆို သူ့ခါးရိုး၊ တင်ပါးဆုံရိုးတွေ အရမ်းနာကျင်ပုံရတယ်။ လှုပ်လို့ တော့ ရတယ်။ နာတော့ မရပ်နိုင် မသွားနိုင်ဖြစ်နေတာပေါ့။ သူက မှုခင်းနဲ့ပတ်သတ်နေတော့ အစိုးရဆေးရုံမှာ ဓာတ်မှန် ရိုက်၊ ဆေးစစ်မှုခံယူပြီး ဆေးကုသတာတွေ လုပ်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီသတင်းဌာနက မောင်စိုးလင်းညှဉ်းပန်းနှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း “စခန်းမှူးအပြင်သွားနေသည်”ဟုသာ ပြောဆိုပြီး တစုံတရာ ဖြေကြားခြင်းမရှိခဲ့ပေ။
မောင်စိုးလင်းကို အိမ်မဲမြို့နယ်ကလေးသူငယ်တရားရုံးတွင် အောက်တိုဘာ ၃၁ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖခင်ဖြစ်သူ ဦးသိန်းထွန်းကိုမူ မြောင်းမြခရိုင်တရားရုံး၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။
ပုသိမ်မြို့မှ ဥပဒေအတိုင်ပင်ခံ ဦးအောင်သူရက “အပြစ်ထင်ရှားရှိရင်တောင် ကလေးတယောက်ကို ဖမ်းမယ်ဆိုရင် ရဲအနေနဲ့ လက်ထိပ်ခတ် ပိုင်ခွင့် မရှိဘူး၊ အချုပ်ထဲမှာ ထည့်ထားလို့လည်း မရဘူး။ ရဲတပ်ကြပ်လို အဆင့်မျိုး အိမ်မှာ ထားရမှာ။ နှိပ်စက်တာတို့ ဘာတို့ကတော့ ဥပဒေမရှိ မင်းမဲ့စရိုက် လူမိုက်ဆန်ဆန်လုပ်ရပ်တွေပဲ။ အခုကိစ္စက သံသယ ရှိခံရတဲ့ကလေးက ကျန်းကျန်းမာမာ အဖမ်းခံရပြီးတော့ ကျန်းမာရေးထိခိုက်သွားတာဆိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တွေမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဥပဒေ အရ ရဲတပ်ဖွဲ့ဝင်များသည် တရားခံဟု သံသယ ရှိခံရသူ များကို ညှဉ်းပန်း နှိပ်စက်ခွင့်မရှိကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပါက ညှဉ်းပန်းနှိပ်စက်သည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် အမှု ဖွင့်နိုင် ကြောင်း၊ မောင်စိုးလင်းအမှုနှင့်ပတ်သက်ပြီး မိဘအုပ်ထိန်းသူများဘက်က မိမိထံ တိုင်ကြားလာပါက စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးမည်ဟု ဧရာဝတီသို့ ပြောသည်။