သူရိယအလင်း ဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းမှုမှာ ပါတယ်ဆိုပြီး သတင်းထွက်ပြီးနောက် ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ကို အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လည် ခေါ်ယူထားလိုက်ပြီလို့ နေပြည်တော် သတင်းရပ်ကွက်ကနေ သိရပါတယ်။
ဒီလို ကိုနေရွှေသွေးအောင်ကို နေပြည်တော် ပြန်ခေါ်ထားလိုက်ရတာကတော့ သူရိယအလင်း ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် (CEO) ဦးမိုးဟိန်းဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတဦး ဖြစ်တာကြောင့် နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့ ပတ်သက်ရှုပ်ထွေးမှု ဖြစ်မှာ စိုးတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ရှိ သူရိယအလင်း ဂျာနယ်ရုံးခန်းကို လူတစုက ဝင်ရောက်ပြီး ကွန်ပြူတာနဲ့ ရုံးသုံးပစ္စည်းတချို့ ဝင်ရောက် သိမ်းဆည်းရာမှာ ကိုနေရွှေသွေးအောင် ပါဝင် ပတ်သက်ကြောင်း၊ ဂျာနယ်တိုက်ထဲကို ကိုနေရွှေသွေးအောင် ကိုယ်တိုင် မဝင်ရောက်ပေမယ့် ပစ္စည်းတွေ လာရောက် သိမ်းဆည်းသူတွေနဲ့အတူ ပါလာကြောင်း ဦးမိုးဟိန်းက ညစောင့်ဝန်ထမ်း ၂ ဦးကို ကိုးကားပြီး အောက်တိုဘာ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အဲဒီ သူရိယအလင်း ဂျာနယ်တိုက် ကိစ္စနဲ့ ပတ်သက်ပြီး ကိုနေရွှေသွေးအောင်ဘက်က ပြန်လည် ရှင်းလင်းတာမျိုးမရှိသလို ဦးမိုးဟိန်းဘက်ကလည်း တရားစွဲဆို အမှုဖွင့်တာမျိုး မလုပ်ခဲ့ပါဘူး။
သူရိယအလင်း ဂျာနယ် ထုတ်ဝေသူ ဦးယုတင်ကိုယ်တိုင်က စက်ပစ္စည်းတွေ သိမ်းယူသွားတာလို့ သိရပြီး နောက်တရက်မှာပဲ သူရိယအလင်း ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းကြောင်း အစိုးရ သတင်းစာတွေထဲမှာ ကြေညာခဲ့ပါတယ်။
သူရိယအလင်း ဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပြီးနောက် သူရိယ နေဝန်း အမည်နဲ့ ဦးမိုးဟိန်းက ဆက်လက် ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ဦးမိုးဟိန်းနဲ့ ဦးမိုးသီးဇွန်၊ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး စသူတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြီး အဲဒီဂျာနယ်ကနေ တဆင့် ကိုနေရွှေသွေးအောင်ကို ရည်ညွှန်းပြီး “ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲဝင် အလှမယ် မိုးစက်ဝိုင်ကို တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား မှာ ဆုဖလား ကိုင်ဆောင်ပေးဖို့ အကူအညီတောင်းခံခဲ့ရာကနေ လူအများ ဝေဖန်စရာမှုကို ခံရပြီးနောက် ကိုနေရွှေသွေးအောင်က ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ Universities Champions League ဖေ့စ်ဘုတ် လူမှုကွန်ရက်ကနေတဆင့် ရှင်းလင်းချက် ထုတ်ခဲ့တာပါ။
“ယခု ပရိသတ် ၂၀၀၀ ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲတွင်ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့် အတူလာသည်၊ မိမိက ကားတံခါးနားသို့ ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံး အသိပင် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။
၂၀၁၃ ခုနှစ် မတ်လတုန်းက ယာဉ်ထိန်းရဲတဦးကို ကိုနေရွှေသွေးအောင်က ထိုးကြိတ်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း အဆိုပါ ရှင်းလင်းချက်မှာ တခါတည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ဖြစ်စဉ်အသေးစိတ်ကတော့ မတ်လ ၁၄ ရက်နေ့မှာ ကိုနေရွှေသွေးအောင် မောင်းနှင်လာတဲ့ကားကို တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်း မီးပွိုင့်မှာရှိတဲ့ ယာဉ်ထိန်းရဲတပ်သား စံသိန်းထွေးက လမ်းရှင်းပေးရာမှာ မီးနီနေတာကို မီးစိမ်းပေးခဲ့ပေမယ့် ပွိုင့်ဖြတ်စဉ်မှာ မီးဝါသွားတဲ့အတွက် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးနဲ့ ထိုးခဲ့ကြောင်း၊ မကျေနပ်သေးဘဲ ညနေပိုင်းမှာ အိမ်ခေါ်ပြီး အနိုင်ကျင့်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်မှာ တင်တဲ့ ဖြေရှင်းချက်မှာ “မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ် အနိုင်ကျင့်ခြင်း မရှိရပါ (ယင်း ယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ။ ဘာသက်သေ အထောက်အထားမျှလည်း မရှိဘဲ မိမိကို အမြင်စောင်းနေသော ၎င်း၏ အထက်အရာရှိ၊ မီဒီယာအချို့နှင့် ပူးပေါင်းကာ မိမိကို နိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရအဖွဲ့တခုလုံးသို့ စာပေးပို့၍ ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ လူကြီးများကလည်း ဤအဖြစ်အပျက်ကို နားလည် သဘောပေါက်ပါသည်)။ မီဒီယာအချို့ အနေဖြင့် မိမိကို စွပ်စွဲမှုများ မမှန်ကန်ကြောင်း သိရှိသောအခါ မည်သည့် ဖြေရှင်းချက်မျှလည်း မပေး၊ ၎င်းတို့၏ သတင်းမှားကိုလည်း တာဝန်ယူ ပြန်လည် ဖြေရှင်းပေးခြင်းမျိုးလည်း မပြုဘဲ မိမိကသာ တဘက်သတ် ပြည်သူလူထု၏ အထင်မြင်လွဲမှားမှုကို ခံခဲ့ရခြင်းဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။
ဒါပေမယ့် ယာဉ်ထိန်းရဲတပ်သား စံသိန်းထွေးကတော့ သူအနိုင်ကျင့်ခံရတာ ဟုတ်မှန်ကြောင်း အဲဒီကိစ္စ ဖြစ်ပေါ်စဉ် ကာလဝန်းကျင်တုန်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။
ဖေ့စ်ဘုတ်ကတဆင့် ကိုနေရွှေသွေးအောင်ရဲ့ ရှင်းလင်းချက်မှာ “မိမိအနေဖြင့် ကောလာဟလများ ပြန့်နေသလို စင်ကာပူသို့ နေ့ချင်းပြန်လည်း ကျောင်းမတက်ဖူးပါ။ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာ ချိတ်ပါသည်)၊ မည်သည့် မူးယစ်ဆေးဝါးမျှလည်း မသုံးဘူးပါ (သင်္ကြန်နှင့် မွေးနေ့များတွင်ပင် မိမိ အရက်သေစာ သောက်စားခြင်း မပြုပါ)၊ ဝတ်မှုန်ရွှေရည်ကိုလည်း ခိုးမပြေးဖူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့် မိမိကို ဘဲကင်ဝယ်ပေးရသည် ဆိုမှာလည်း လုံးဝ မမှန်ပါ၊ မန်ချက်စတာ ယူနိုက်တက်ကိုလည်း မိမိ ဤဘဝတသက်လုံး ငွေစုလျှင်ပင် မဝယ်နိုင်ပါ” ဟု ဖော်ပြထားသည်။
အခုတလော ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကိုနေရွှေသွေးအောင်ကို ဧရာဝတီက ဆက်သွယ်တဲ့အခါ ခရီးလွန်နေတဲ့အတွက် မတွေ့နိုင်သေးကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။