Ethnic Issues

"ကောက်ကျစ်မှု" မရှိတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တိုင်းရင်းသားများ တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ၄ရက်နေ့၌ စတင်ကျင်းပစဉ် တိုင်းရင်းသားများက “ကောက်ကျစ် စဉ်းလဲမှု မရှိသည့် အပစ်အခတ်ရပ်စဲရေး”နှင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုကြောင်း တင်ပြတောင်းဆိုခဲ့ကြသည်။

“KNU အနေနဲ့ပြောရရင် ဘယ်တော့မှ ကောက်ကျစ်စဉ်းလဲတဲ့စိတ် မရှိဘူး။ အပစ်အခတ်ရပ်တာမှာကော နိုင်ငံရေးဆွေးနွေးပွဲလုပ်တာမှာကောမှာ ဘယ်တော့မှ စဉ်းလဲတဲ့ အကြံ မသုံးဘူး။ ဘာပရိယာယ်မှ မပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်လိုတယ်။ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်တာဆိုတော့ နှစ်ဘက်လုံး လုပ်ဆောင်ဖို့လိုတယ်”ဟု KNU ဥက္ကဋ္ဌ ဦးစောမူတူးဆေးဖိုးက ဆွေးနွေးပွဲတွင် ပြောဆိုသည်။

ဒါ့အပြင် UNFC မှ ဦးနိုင်ဟံသာကလည်း “ငြိမ်းချမ်းရေးလုပ်တာမှာ စိတ်ထားက တသမတ်တည်း ရှိဖို့ လိုတယ်။ ထမင်းဝရင် စိတ်တမျိုး၊ မဝရင် တမျိုး လုပ်တာတွေ မရှိဖို့ လိုတယ်။ တန်းတူညီတဲ့စိတ်၊ တန်းတူအခွင့်အရေးတွေကို အကောင်းဆုံးပေးဖို့ လိုတယ်။ တိုးတက်အေးချမ်းဖို့ တန်းတူညီမျှဖို့တွေနဲ့ စိတ်တူဖို့ လိုပါတယ်”ဟုလည်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၌ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဌ ဦးသိန်းဇော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းနယ်စပ်ရေးရာမှ ဗိုလ်မှုးကြီးသန်းအောင်၊ ဗဟိုတရားရုံးချုပ်မှ ဦးထွန်းထွန်းဦး၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာထွန်းလွင်၊ ဦးယောဒီပွေ့၊ ဦးကျော်စိုးလေး၊ ဦးခက်ထိန်နမ်၊ MPC မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာသန်းမြင့်ဦးတို့ပါဝင်တက်ရောက်ခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များတွင် LDU မှဦးကြာခွန်ဆာ၊ ANC မှ ဦးထွန်းဇော်၊ DKBA မှ ဒုစစ်ဦးစီးချုပ်စောမှုးရှေး၊ SSPP မှ ဦးစပ်ခွန်ဆိုင်း၊ CNF မှ ဒေါက်တာဆလိုင်းလျံမုန်း၊ KNPP မှ ဦးခူးဦးရယ်၊ UNFC မှ ဦးခွန်ဥက္ကာ၊ ဦးနိုင်ဟံသာ၊ ဦးဒွန်အေအယ်တွဒ်၊ KIO မှ ဦးဆွမ်လွတ်ဂွမ်မော်၊ KNUမှ ဗိုလ်မှုးကြီးစောမူတူးစေးဖိုး၊ RCSS မှ ဗိုလ်မှုးကြီးစိုင်းလှ၊ NMSP မှ ဦးနိုင်အောင်မင်း၊ ALP မှ ဦးနိုင်သုခ၊ PSLF မှ ဦးတားအိုက်ဖုန်း၊ PNLO မှ ဦးခွန်မြင့်ထွန်း၊ WNO မှ ဦးတာ့မဟာ၊ KPC မှဗိုလ်မှုးစောမောင်မောင် တို့တက်ရောက်ကြသည်။

“သူတို့ ထုတ်ပြန်ထားတာက ဒီဆွေးနွေးပွဲက တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် အကြိုသဘောတူဆွေးနွေးပွဲလို့ ပြောတယ်။ တကယ်က အကြိုမဟုတ်သေးဘူး။ ကျနော်တို့က ပြီးခဲ့တဲ့လိုင်ဇာညီလာခံကရလာတဲ့ အချက်တွေကို လာပြောတာပါ။ သူတို့မေးရင် ဖြေမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ အဆင်သင့်မဖြစ်သေးဘူး။ ဝတို့ မိုင်းလားတို့ဘက်ကို ဆွေးနွေးရဦးမယ်”ဟု ဦးခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။

လိုင်ဇာတွင် ကျင်းပသော ဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်အရ တိုင်းရင်းသားများဘက်မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက ၄ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးမီ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင် မည် ဆိုသော တိကျ သည့် ကတိစကားများ ရယူသွားရန်နှင့် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရားသူကြီးချုပ်တို့ က နိုင်ငံတကာ ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား အဖွဲ့များ၏ ကိုယ်စားလှယ်များ ရှေ့တွင် ကတိကဝတ်ပြုရန် တောင်းဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကမူ“သူတို့ရလာတဲ့ သဘောတူညီချက်ကို ဆွေးနွေးမယ်။ ခုလို ဆွေးနွေးမှုက တခါတည်းတော့ မပြီးနိုင်ဘူး။ ဒီနေ့ ဒီလောက်ထိ ရလာတဲ့အပေါ်မှာ ရလာဖို့ ကြိုးစားခဲ့တာကို ကျနော်တို့ အလေးထားမှာပါ”ဟု ပြောဆိုသည်။

မြစ်ကြီးနား ဆွေးနွေးပွဲသို့ ဧည်သည်တော်အဖြစ် တက်ရောက်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားကလည်း ယခုဆွေးနွေးပွဲမှာ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည့် အလားအလာရှိကြောင်း၊ တိုင်းရင်းသားများ စည်းလုံးမှုကို ပြသရာရောက်ကြောင်း၊ အစိုးရပူးပေါင်းမှုမှာလည်း အင်မတန်ကျေနပ်စရာရှိကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယခု မြစ်ကြီးနား ဆွေးနွေးပွဲမှာ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်နေ့ထိ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် (Ethnic Armed Organizations Conference Laiza) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကွန်ဖရင့်တွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်ကို တိုင်းရင်းသားများဘက်မှ တင်ပြသွားရန်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading