သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မကြာခန တွေ့ရတတ်တဲ့ သတင်းကတော့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးစဉ်မှာ အလွန်အကျွံ့ အင်အားသုံး၊ နှိပ်စက်ညှင်းပန်းလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြတာ၊ ခြေလွန်လက်လွန်ဖြစ်လို့ သေဆုံးသွားတာတွေ အပြင် စစ်တပ်ကလည်း တိုင်းရင်းသားဒေသတွေမှာ ဒေသခံပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းတဲ့ ကိစ္စတွေပါ။
နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်း စစ်ကြောရေးကာလနဲ့ ထောင်တွင်းမှာ ထောက်လှမ်းရေးနဲ့ ထောင်ဝန်ထမ်းတွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ဆေးရုံတက်ရောက် ကုသနေတဲ့ သတင်းတွေလည်း မကြာသေးမီက တွေ့ရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပြန်လွတ်လာပြီးတဲ့နောက် ညှင်းပန်းနှိပ်စက်မှုဒဏ်တွေကြောင့် အသက် ဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာ တခုအနေနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ်တသက် ချမှတ်ခံရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသက်နွယ် ခေါ် ဦးငြိမ်းလူဟာ စစ်ကြောရေးကာလ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ထောင်က ပြန်လွတ်ပြီး ၉ ရက်အကြာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသား ၁၆၁ ဦးဟာ စစ်ကြောရေးကာလ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ထောင်တွင်းမှာ ကွယ်လွန်ခဲ့ကြပြီး အဲဒီထဲကမှ ၁၀ ဦးဟာ စစ်ကြောရေး ကာလအတွင်းမှာတင် နှိပ်စက်ညှင်းပန်းခံရလို့ သေဆုံးသွားကြရတာလို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက အင်အား အလွန်အကျွံသုံးပြီး နှိပ်စက်ညှင်းပန်းလို့ သေဆုံး၊ ဒဏ်ရာရသတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ မကြာသေးမီက ဖတ်လိုက်ရတဲ့ ဧရာဝတီ သတင်းတပုဒ်အရလည်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ လူသတ်မှုနဲ့ ပတ်သတ်ပြီး ၁၄ နှစ်အရွယ် ကလေးငယ်တဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာမှာ နှိပ်စက် ညှင်းပန်းတာခံရပြီး လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။
တိုင်းရင်းသား ဒေသတွေမှာလည်း စစ်တပ်အပါအဝင် ရဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ညှင်းပန်းနှိပ်စက်ခံ ရသူတွေလည်း မနည်းပါဘူး။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခုမှာဆိုရင် ကချင်လယ်သမား တဦးဖြစ်တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။ သူ့ကို တရားရုံးတင်စဉ်က သူနဲ့ သူ့ရှေ့နေက လထော်ဘရန်ရှောင်ကို ဖမ်းဆီး စစ်ဆေးချိန်မှာ တာဝန်ရှိသူတွေ အနေနဲ့ နှိပ်စက်ညှင်း ပန်းခဲ့တယ်လို့ တရားရုံးကို တင်ပြလျှောက်လဲခဲ့တယ်။ ညှင်းပန်းနှိပ်စက်တာတွေ မခံနိုင်တဲ့ အဆုံး KIO နဲ့ ပတ်သက်ပါတယ်လို့ အတင်းအကျပ် ဝန်ခံလိုက်ရပြီးနောက် သူ့ကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်။ နောက်ထပ် တပတ်အကြာမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ လထော်ဘရန်ရှောင်က သူ့ကို ဖမ်းဆီးစစ်ဆေးစဉ်မှာ ဘယ်လို ညှင်းပန်းနှိပ်စက်ခဲ့တယ် ဆိုတာတွေ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
စစ်ဖြစ်နေတဲ့ ဒေသတွေမှာလည်း လက်နက်ကိုင် တိုက်ပွဲအတွင်း ဖြစ်လေ့ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အတူ နှိပ်စက်ညှင်းပန်းတာတွေလည်း တွေ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ သိနိုင်ပါတယ်။
ညှင်းပန်းနှိပ်စက်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်မှာလည်း “နှိပ်စက်ခံရသူထံမှ ဖြစ်စေ၊ တတိယ ပုဂ္ဂိုလ်တဦးထံမှဖြစ်စေ၊ သတင်း (သို့မဟုတ်) ဖြောင့်ဆို ဝန်ခံချက်တခုကို ရယူနိုင်ရေးအတွက် ရုပ်ပိုင်းအရဖြစ်စေ၊ စိတ်ပိုင်းအရ ဖြစ်စေ ပြင်းထန်တဲ့ ခံစားချက်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာ၊ ခွဲခြားဆက်ဆံတာ စတဲ့အချက်တွေ အပါအဝင်၊ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လူတဦးတယောက်အပေါ် ကျူးလွန်တာကို နှိပ်စက်ညှင်းပန်းတာနဲ့ အခြားသော မလျော်မကန်ပြုမူတာ” လို့ အတိအလင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။
နိုင်ငံတကာမှာတော့ နှိပ်စက်ညှင်းပန်းတာတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာ သဘောတူညီချက်တွေ၊ စာချုပ်တွေ ချမှတ် ပြဌာန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၅) နဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၇) မှာလည်း “မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်တာ သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ဆက်ဆံမှုမပြုရ သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ” လို့ ဖော်ပြထားပါတယ်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းသွားတဲ့နိုင်ငံတွေမှာ အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ ဖိနှိပ်ရေး ယန္တယားတွေအဖြစ် အသုံးတော်ခံခဲ့တဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေးနဲ့ တရားရေးမဏ္ဍိုင်တွေကို ပြုပြင်ပြောင်းလဲဖို့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကြပါတယ်။ ဥပမာ – ဆယ်ရာလီယွန် (Sierra Leone) နိုင်ငံရဲ့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်က လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ (Security Sector Reform) တိတိကျကျ အကြံပြုချက်တွေ ပေးခဲ့ရာမှာ စစ်အသုံးစရိတ်တွေ အကြီးအကျယ် လျှော့ချဖို့နဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအတွက် လူ့အခွင့်အရေး သင်တန်းတွေ မလုပ်မနေရ ပြုလုပ်ပေးရမှာတွေ ပါဝင်ပါတယ်။
အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြန်လည် ဆန်းစစ်မှုတွေနဲ့ ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်တာဖြစ်ပြီး အဲဒီအဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ တာဝန်ခံမှု ရှိလာစေဖို့အတွက် ဖြစ်ပါတယ်။ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အတိတ်ကာလက ပြစ်မှုချိုးဖောက်တဲ့သူ (သို့မဟုတ်) လူ့အခွင့်အရေး ချိုးဖာက်သူ တဦးချင်းစီရဲ့ တာဝန်ခံမှုကို ရရှိစေဖို့နဲ့ အတိတ်ကာလမှာ ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ဖွဲ့စည်းပုံကို ဆက်လက် ရှင်သန်ခွင့်မရအောင် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး လူထုကို အကာအကွယ်ပေးဖို့၊ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အဓိကရုဏ်းတွေမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာ ဥပေဒ၊ စံချိန်စံညွှန်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့၊ လူ့အခွင့်အရေး ပညာပေးဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအခြေခံတွေနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးဖို့ စွမ်းရည်မြှင့်သင်တန်းတွေ ပေးမယ်လို့ ဥရောပ ကော်မရှင်နာမင်းကြီး မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုက (José Manuel Durão Barroso) ဥရောပကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးမီက တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်၊ သြစတြေးလျနဲ့ အမေရိကန် နိုင်ငံတွေကလည်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်လို့ ဆိုပါတယ်။ အမေရိကန် တပ်မတော်က မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် အထောက်အကူ ဖြစ်စေဖို့၊ လူ့အခွင့်အရေး လေးစားလိုက်နာပြီး ခေတ်မီတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့အတွက် သင်တန်းတွေ၊ နည်းပညာ အကူအညီတွေနဲ့ အတွေ့အကြုံတွေ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံကလည်း မြန်မာစစ်အရာရှိ ၃၀ ကို တရားဥပဒေ စိုးမိုးရေး ဘောင်အတွင်းမှ ကိုင်တွယ်ဆောင်ရွက်မှုတွေ အပါအဝင် အထူးသင်တန်းတွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ဒီလို အကူအညီပေးမှုတွေဟာ အသွင်ကူးပြောင်းရေးကာလ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေထဲက တခုဖြစ်တဲ့ ပညာပေးခြင်းလုပ်ငန်း ဖြစ်ပါတယ်။ သို့သော်လည်း တာဝန်ယူ၊ တာဝန်ခံမှုကို အားကောင်းစေဖို့ ဆောင်ရွက်တာထက် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ အဓိက အာရုံစိုက် ဆောင်ရွက်တာဟာ လက်တွေ့ဘဝနဲ့ ကင်းကွာသွားတတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ဥပမာအနေနဲ့ လိုက်ဘေးရီးယား (Liberia) မှာရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့က ရည်ရွယ်ချက်အတိုင်း ရဲအရာရှိတွေကို ၂၀၀၇ ခုနှစ် ဇွန်လမှာ သင်တန်းတွေ ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ စစ်ပွဲအတွင်း ရဲတွေရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းကောင်း အမှတ်ရနေသူတွေက ရဲတွေအပေါ် ဆက်လက် အယုံအကြည် ကင်းမဲ့နေတာမျိုး ကြုံရတာပါပဲ။
ဒါကြောင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့နေရာမှာ အတိတ်ကာလက ဖိနှိပ်တဲ့၊ အခွင့်အရေး ချိုးဖောက်တဲ့ စစ်တပ်၊ ရဲအဖွဲ့တွေကို လိမ္မာယဉ်ကျေးလာအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ ဝင်ဆန့်လာအောင် သင်တန်းပေးတာမျိုး တခုထဲနဲ့တင် မလုံလောက်ပါဘူး။ အတိတ်ကာက ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တာဝန်ခံ၊ တာဝန်ယူမှုရှိဖို့လည်း လိုအပ်တဲ့အတွက် Vetting လို့ခေါ်တဲ့ တာဝန်ပေးမှုတွေ မလုပ်မီ တာဝန်ယူမယ့်သူရဲ့ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေဆိုရင် ဘယ်လို တာဝန်မျိုးကိုမှ ဆက်လက် ထမ်းဆောင်ခွင့် မပေးတော့တာမျိုး ကန့်သတ်လေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ဟာ ပြည်သူတွေရဲ့ အရှင်သခင် မဟုတ်ဘဲ ပြည်သူတွေရဲ့ အခိုင်းအစေသာ ဖြစ်ရမယ်။ မြန်မာနိုင်ငံမှာ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော် ရှိစေချင်တယ်လို့ ဗြိတိနိုင်ငံ Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့က ပြောဆိုသွားပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားများ ညီလာခံမှာလည်း တပ်မတော်က အရပ်သား အစိုးရကို နာခံဖို့၊ ပြည်ထောင်စု ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် အသွင်ပြောင်းဖို့နဲ့ တပ်မတော်နဲ့ ဥပဒေစိုးမိုးရေးအတွက် တာဝန်ယူမယ့် ရဲတပ်ဖွဲ့ဆိုပြီး ခွဲခြားထားဖို့ဆိုတဲ့ မူဝါဒတွေ အပါအဝင် ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး သဘောတူချက် တွေရခဲ့ကြပါတယ်။
တိုင်းရင်းသားတွေရဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေကို လက်ရှိ တပ်မတော်က ဘယ်လို တုန့်ပြန်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ကျိန်းသေတာကတော့ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့အညီ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာ၊ မြှင့်တင်တဲ့၊ နိုင်ငံတကာ ဥပေဒနဲ့ စံချိန်၊ စံညွန်းတွေကို လိုက်နာတဲ့၊ တရားဥပဒေစိုးမိုးရေးကို စောင့်ထိန်း ကာကွယ်မယ့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေ အပါအဝင် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ အဆောတလျင် လုပ်ဆောင်နိုင်မှသာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကိုးကား
Chapter (8), Transitional Justice, DDR, and Security Sector Reform by Ana Cutter Patel, DISARMING THE PAST Transitional Justice and Ex-combatants.
Nd-burma.org
ictj.org