နိုဝင်ဘာလတွင် ကျင်းပရန် သမ္မတဦးသိန်းစိန် အစိုးရက မျှော်မှန်းထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်မှာ မဖြစ်နိုင်တော့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့တွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ သိရသည်။
“နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲဖို့ကတော့ မသေချာတော့ဘူး ပြောရမယ်။ ဘာကြောင့်ဆို ကျနော်တို့တွေ ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးတာလည်း ပါတယ်။ ခုချိန်မှာ ကျနော်တို့ဘက်ကလည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဝါဒအသစ်ကို တိုင်းရင်းသားတွေကို တင်ပြထားတယ်။ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ ဘုံသဘောတူညီချက်ကို ဆွေးနွေးရမယ့် အချက်တွေလည်း ရှိနေတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဧရာဝတီသို့ ပြောဆိုသည်။
မြစ်ကြီးနား ဆွေးနွေးပွဲ ပထမရက် ဆွေးနွေးပွဲအပြီး တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို အစိုးရဘက်သို့ ချပြရာတွင် အစိုးရပိုင်းမှ နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပခင် အပစ်ရပ်ရန် တင်ပြပြီး တိုင်းရင်းသား ဘုံသဘောတူချက်တွင်ပါသည့် ဝေါဟာရအချို့ကို ပြောင်းလဲပေးရန် တောင်းဆိုထားကြောင်း သိရသည်။
“သူတို့ ပြင်ခိုင်းတာက ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးကို ပြည်ထောင်စု တပ်မတော်ရေးရာလို့ ပြင်ဖို့ပြောတယ်။ လောလောဆယ်တော့ ကျနော်တို့ဘက်က ဒီအပေါ်မှာ ပြင်ပေးဖို့ မပြောနိုင်သေးဘူး”ဟု တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုကော်မတီ Nation Wide Cease-Fire Coordination Team (NCCT) မှ ဦးနိုင်ဟံသာက ပြောသည်။
ထို့အပြင် အစိုးရပိုင်းမှ လိုင်ဇာတွင် တင်ပြခဲ့သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း မဟုတ်သည့် အသစ်ရေးဆွဲ ထားသောမူကို ပြန်လည်တင်ပြသွားကြသည်။
ယနေ့ ဆွေးနွေးပွဲ မစတင်ခင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသားခေါင်းဆောင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရာတွင် ဒို့တာဝန်အရေးသုံးပါးနှင့် “ဒီမိုကရေစီကျင့်စဉ်အရ” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
တပ်မတော်၏ သဘောထားကို ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက ပြောကြားပြီး အခြေခံမူ ၆ ချက် ပါဝင်သည်။ ၎င်းတို့မှာ ၁။ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန် ၂။ သဘောတူစာချုပ်များ၌ ကတိတည်ရန် ၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန် ၄။ဒေသခံများပေါ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ၅။ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် ၆။ ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။
သမ္မတဦးသိန်းစိန်ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ ရေးထိုးပြီးသည့် အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်း အတည်ပြုရန်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန်၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံး စုပေါင်းလုပ်ဆောင်ရန်တို့ ပါဝင်သည့် မူဝါဒ ၄ ချက်ကို ဆွေးနွေးပွဲသို့ တင်ပြပြောကြားခဲ့ရာ အစိုးရပိုင်းအနေဖြင့် သမ္မတ၏အခြေခံမူ ၄ ချက်၊ ကာကွယ်ရေး ဦးစီးချုပ်၏ အခြေခံမူ ၆ချက် ပေါင်း ၁၀ ချက် တင်ပြခဲ့သည်။
သို့ရာတွင် တိုင်းရင်းသားအများစုက သမ္မတ၏ မူဝါဒမှာ တိုင်းရင်းသားများ တောင်းဆိုချက်များနှင့် ပိုမိုနီးစပ်ပုံရှိပြီး ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒပိုင်းမှာ အတော်များများ ကွဲလွဲနေသည်ဟု တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံကတော့ ကျနော်တို့ လိုလားတာတွေ မရနိုင်ဘူးလို့ လက်ခံထားပါတယ်။ ဒီအပေါ်တော့ ဆွေးနွေးရမှာပါ”ဟု ဦးနိုင်ဟံသာက ပြောဆိုပြီး RCSS ရှမ်းအဖွဲ့မှ ဗိုလ်မှုးကြီး စိုင်းလှကလည်း “ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတာကို အာမခံပေးမယ့် ဖွဲ့စည်းပုံအခြေခံ ရှိရမယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံက တိုင်းပြည်ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်ပေးနိုင်ရဲ့လားဆိုတာ လူတိုင်းသိနိုင်ပါတယ်”ဟု ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လိုက်ပါဆိုတာတော့ မဟုတ်သေးဘူး။ ခုပြောနေတဲ့ နိုင်ငံရေးပြဿနာဖြေရှင်းရာမှာ အတားအဆီးများ ဖြစ်လာမလား စိုးရိမ်ရတာပေါ့။ တိုင်းရင်းသားတွေကပဲ ပြင်ဆင်နေကြတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတိုင်း ပြင်ဆင်လိုနေကြတာပါ” ဟု ALP မှ အတွင်းရေးမှုး ဦးခိုင်သုခက ပြောသည်။
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နှင့် မနက်ဖြန် နိုဝင်ဘာ ၄၊ ၅ ရက်များတွင် ကျင်းပသွားရန်ရှိပြီး နိုဝင်ဘာ ၅ ရက်တွင် အစိုးရပိုင်းမှ ထပ်မံချပြလာသည့် မူဝါဒကို ဆွေးနွေးမှာဖြစ်ကြောင်း သိရသည်။